Sunday, April 5, 2009

မနိုင်းနိုင်းစနေရဲ့ recipe နဲ့ ကျွန်မလက်ရာ ပိန္နဲသီးဟင်းရည်

မနိုင်းနိုင်းစနေရဲ့ ဘလော့ဂ်ထဲက ရှမ်းအစားအစာ ချက်နည်းတွေကိုသွားဖတ်တိုင်း မလိခရော ဇာမဏီပါ သွားရည်ယိုခဲ့တာ ကြာပါပြီ... ရှမ်းအစားအစာတွေကိုလဲ ကြိုက်တတ်တော့ ပိုဆိုးပေါ့......။ မနေ့ ညနေက ဇာမဏီ မလိခအိမ်ကိုလာလည်ရင်း ဇာမဏီ့ကောင်းမှုနဲ့ ပိန္နဲသီးစိမ်းတစ်လုံးရလိုက်တယ်...။ မလိခတို့ နှစ်ယောက် မနိုင်းနိုင်းရဲ့ ပိန္နဲသီးဟင်းရည်လိုမျိုး ချက်စားမယ်ဆိုပြီး စိတ်ကူးယဉ်လို့ပေါ့..။ မလိခကလဲ ငယ်ငယ်တုန်းက အဘွားချက်ကျွေးဖူးတဲ့ ပိန္နဲသီးဆန်လှော်ဟင်းကိုသတိရရင်း (အဘွားတို့ကချင်ပြည်နယ်ဖက်က တခုခုဆို ဆန်လှော်ချက်စားလေ့ရှိတယ်.. မုန်ညင်းဆန်လှော်.. ပိန္နဲသီးဆန်လှော်..စသည်ဖြင့်ပေါ့..။ ကျွန်မကတော့ စားပဲစားတတ်တယ်... အဟဲ).. အသီးနုနုထဲက အစေ့တွေက ပြုတ်လိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတဲ့အကြောင်း တတ်သလောက်ဝင်ကြွားတာပေါ့..။ အစေ့ပြုတ် ဆိမ့်ဆိမ့်လေးကို အပီစားမယ်လို့ စိတ်ထဲက တေးထားမိတယ်....

ဒီနေ့ ချက်မယ်ဆိုပြီး အသီးကိုခွဲလိုက်တော့ သတိထားမိတာက... မလိခတို့ အသီးက အစေ့တောင် ကောင်းကောင်းမဖြစ်သေးအောင် နုနေသေးတယ်ဆိုတာပဲ... (ပိန္နဲသီးနဲ့မတူပဲ ပုံမှာ မာလကာသီးနဲ့တူနေတယ်..)
နောက် ၀က်ရိုးပြုတ်ထားရင်း ... ပဲပုတ်ကို မီးကင်လိုက်တယ်. (ဂက်စ် မီးဖိုနဲ့ပါ..) ကိုယ်တိုင်မလုပ်ဖူးပေမဲ့ သူများတွေ ပဲပုတ်မီးကင်ရင် မာမာကြွတ်ကြွတ်လေး ဖြစ်သွားတာသိနေတော့... မလိခရဲ့ပဲပုတ်က မီးကင်နေရင်းကိုင်ကြည့်လိုက်တော့ ပျော့နေတုန်း... ကင်ရင်းကင်ရင်းနဲ့ အောက်ကပုံအတိုင်း ဖြစ်သွားတယ်.. နောက်မှ သတိထားမိတာက ပဲပုတ်က မီးကင်ပြီး လေသလပ်ခံသလို ဒီအတိုင်းထားလိုက်တော့ သူဘာသာသူ မာကြွတ်ကြွတ်ဖြစ်သွားတယ်..
နောက် ကြက်သွန်ဖြူနဲ့ နီရယ် ခရမ်းချဉ်သီးရယ်ကို ထောင်းပါလို့ မနိုင်းနိုင်းကဆိုထားလေတော့... မလိခတို့ အကျပ်ရိုက်ရော... ငရုတ်ဆုံမရှိလို့လေ... အရင် သူငယ်ချင်းတွေနဲ့နေတုန်းကဆို ဘလန်ဒါနဲ့ မွှေလိုက်လို့ရသေး... ခုတော့ ဘလန်ဒါလဲမရှိ... နောက်တော့.. လူကြံရင် ဆန်တောင် ထမင်းဖြစ်သေးတာပဲဆိုတဲ့ထုံး နှလုံးမူပြီး.. မလိခတို့ ကြံလိုက်တာက...
ပန်းကန်လုံးထဲ အဲဒါတွေထဲ့ပြီး ဓားဖင်နဲ့ ကြိတ်ကြိတ်ပြီးထောင်းပစ်လိုက်တယ်... တအားမကြေပေမဲ့ တော်တော်တော့ကြေပါတယ်... နောက်ပဲပုတ်ထဲ့ပြီးထောင်းတယ်...
နောက်တော့ မနိုင်းနိုင်းရဲ့ recipe အတိုင်း ချက်လိုက်တာ final product က ဒီလို (မနိုင်းနိုင်းရဲ့ recipe လို ဆူးပုပ်ရော စွယ်တော်ရောမရှိလို့ အရွက်တော့မထဲ့လိုက်ရဘူး...)

(မဲမဲ အဖတ်ကလေးတွေကတော့ သိပ်မကြေတဲ့ မီးတူးပဲပုတ်ကလေးတွေပါ...ဟဲဟဲ)
နောက်ဆုံးတော့ မနိုင်းနိုင်းစနေရဲ့ recipe နဲ့ လက်တည့်စမ်းထားတဲ့ မလိခရဲ့လက်ရာ ပိန္နဲသီးဟင်းရည်လေး ရပါပြီ... မနိုင်းနိုင်းရဲ့ ဓာတ်ပုံတွေထဲကလို ၀င်းဝါပြီး အရောင်အဆင်းမလှပေမဲ့ အရသာလေးကတော့မဆိုးပါဘူး ပဲပုတ်နံ့ မွှေးမွှေးလေးနဲ့.. (ဟဲဟဲ.. ကိုယ်ချက်တာဆိုတော့လည်း ကိုယ့်ဘာသာကိုယ်ပဲမြှောက်လိုက်တယ်...) ... သုံးဆောင်ကြပါဦးရှင်...

ဇာမဏီကတော့ ဖုန်းဆက်လာတယ် သူ့အိမ်မှာက ဒီနေ့ နေ့လည်စာချက်စားတာ.. စားကောင်းကောင်းနဲ့ စားပြီးတော့ ပဲပုတ်ပါလို့နဲ့တူတယ်... အိပ်လိုက်ကြတာ သိုးနေတာပဲတဲ့.... (သူဘာသာသူ ပဲပုတ်ကို တရားခံရှာတာလဲ ဖြစ်နိုင်ပါတယ်.. ဟဲဟဲ).. ကိုကို မမ မောင်လေး ညီမလေးတို့လည်း... မလိခ ရဲ့ လက်ရာ ပိန္နဲသီးဟင်းရည်လေး သုံးဆောင်ပြီး အိပ်မက်လှလှမက်နိုင်ကြပါစေလို့.... ဟဲဟဲ... (ရှမ်းပြည်တုန်းက ကြားဖူးတဲ့ စကားတစ်ခွန်းရှိတယ်... ပဲပုတ်စားပြီး ခေါင်းပြားအောင်အိပ်...တဲ့... တခြားဘာတွေကိုဆိုလိုချင်မှန်းတော့ မသိပါဘူး... ခုတော့ စားပြီးသောက်ပြီး အိပ်ချင်လာပြီ.... ဟဲဟဲ)

မှတ်ချက်။ ဒီပို့စ်လေးနဲ့ အတူ recipe လေးကိုမျှဝေပေးခဲ့တဲ့ မနိုင်းနိုင်းစနေကိုလဲ တအားကြီးကိုကျေးဇူးတင်ပါတယ်... လို့....။

7 comments:

Anonymous said...

ဖြစ်ရလေခြင်းနော်။ ဒီလိုတော့ ဟုတ်ဟန် မတူပါဘူး ဆိုပြီးနိုင်းနိုင်းရေးထားတာကို ပြန်ရှာ ဖတ်ကြည့်တော့..
ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူ၊ ပဲပုတ်မီးကင်ပြီး ထောင်းပါ။.....တဲ့
သူဆိုလိုတာက ပဲပုတ်ကိုပဲထောင်းခိုင်းတာပါ။ ခရမ်းချဉ်သီး၊ကြက်သွန်ဖြူနီ ထည့်ရမယ် ဆိုပြီး ပုဒ်ဖြတ် ဖြတ်ထားတယ်လေ။ သူ့ပုံထဲမှာလည်း လှီးရုံပဲ လှီးထားတာ။

မလိခ said...

ဟဲဟဲ ထင်တော့ ထင်တယ်.. မှားတော့မယ်လို့... ကျွန်မက အမြဲ ဘာသာပြန်လွဲတတ်လို့ .. အဲဒီအဆင့်ရောက်တော့ စဉ်းစားမိသေးတယ်... မနိုင်းနိုင်းကို စီဘောက်စ်မှာ မေးရင်ကောင်းမလားလို့... ဟီးဟီး... ခုတော့ သူသိသွားပြီ..

မလိခ said...

အာ.. မနိုင်းနိုင်းမှာ စီဘုံးမှ မရှိပဲ... လွဲတဲ့ အခါလည်း လွဲပေမပေါ့ anonymous ရယ်...ဟီးဟီး

strike said...

ပိန္နဲသီးနဲ့မတူပဲ ပုံမှာ မာလကာသီးနဲ့တူနေတယ်...
ဂေါ်ရခါးသီးနဲ့ပိုမတူဘူးလားဗျ

Anonymous said...

ဟိဟိ လုပ်လိုက်ပြန်ပြီ။ နိုင်းနိုင်းဆီမှာ စီဗုံး ရှိပါတယ်။
ဆိုက်ကို အောက်ဆုံးအထိ ဆွဲချလိုက်ပါ။

Anonymous said...

ဟားဟား မလိခတို့ကတော့ လွဲပြီးရင်းကိုလွဲနေတာပဲ

နွေးနေခြည် said...

လွဲချက်တွေက ပိုဖတ်လို့ကောင်းနေပါလား ခခရဲ့း)