Saturday, April 18, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (တောင်ကြီး) (၉)

မန္တလေးကနေ ညကားနဲ့ ကျွန်မနဲ့ ဇာမဏီ နှစ်ယောက်တည်းထွက်လာခဲ့ကြတယ်..။ သတိထားမိတာက ကားမှာ အဲယားကွန်းမဖွင့်ဘူး မှန်ဖွင့်စီးရတယ်...။ မြန်မာနိုင်ငံ အလယ်ပိုင်းဆိုတော့ ညဖက်ရာသီဥတုက အေးပေမဲ့ ဖုန်ကထူထူရယ်...။ တချို့ ခရီးသည်တွေက တစ်ခါသုံး ဆေးခန်းသုံးမျက်နှာဖုံးတွေ ဆောင်လာတာတွေ့တော့ ကျွန်မတွေးမိတာက ဒီဖုန်တွေနဲ့ ငါတော့ သွားပါပြီပေါ့....။ ဇာမဏီကို လူလည်ကျပြီး ပြတင်းပေါက်ဖက်ကို နေရာဦးထားတဲ့ ကျွန်မ.... ဘယ်မြို့ဝင်ဝင် ညဥ့်နက်ထိဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင် တချို့က မီးမှိန်မှိန်ကလွဲရင် အကုန်လုံးပိန်းပိတ်အောင် မှောင်နေတာကြောင့် ဘယ်ရောက်လို့ ရောက်မှန်းမသိ...။

မှေးကနဲ အိပ်ပျော်သွားပြီး နိုးလာတော့... ကားရှေ့မီးရောင်ကနေ မြင်လိုက်ရတဲ့ ဖုန်လုံးတွေ... ကျွန်မအလန့်တကြားနဲ့ နှာခေါင်းကိုပိတ်လိုက်မိတယ်...။ ဒါပေမဲ့ တော်တော်ကြာတဲ့ အထိ ဖုန်နံ့က ကျွန်မနှာခေါင်းထဲ တစိုးတစိတောင်ဝင်မလာလေဘူး..။ ဘေးက မှန်ပြတင်းကိုဖွင့် .... သေသေချာချာစူးစမ်းကြည့်တော့မှ... နှင်းမြူမှုန်တွေမှန်း သိလိုက်ရတယ်....။ အဲဒီတော့မှပဲ လေကို အားပါးတရရှုနိုင်တော့တယ်...။ လမ်းကလဲ ဒီတစ်ကွေ့ကွေ့လို့မှ ပြီးမယ်မကြံသေးဘူး နောက်တစ်ကွေ့ကရှေ့မှာ အဆင်သင့်...။ ကားမောင်းသမားကြီးက ကက်ဆက်ကြီးဖွင့်ပြီး သူ့ အသံကြီးနဲ့ ဟဲနေတာကို နားညည်းသလိုရှိပေမဲ့ ခွင့်လွှတ်လိုက်တယ်...။ ဟဲဟဲ ... ဒီလိုလမ်းမျိုးမှာ သူအိပ်မငိုက်မှ ဖြစ်မှာကိုး...။ ဇာမဏီကိုကြည့်လိုက်တော့ အိပ်နေတာများသိုးလို့...။ ခရီးကရှည်တော့ သူလဲပင်ပန်းရောပေါ့...။ သာမန်အချိန်မှာ ကျွန်မက သူ့လောက် အပင်ပန်းမခံနိုင်ပေမဲ့ ခရီးသွားနေရင်တော့ ကျွန်မက အဲဗားလန်းဆန်းနေတတ်သည်...။

တောင်ကြီးမြို့ ထဲက လမ်းမကြီးကိုရောက်တော့ လမ်းမီးတွေလင်းထိန်လို့ တစ်မြို့လုံးအိပ်နေကြတုန်း..။ ကျွန်မတို့နှစ်ယောက်ကို ဦးလေးက ထွက်ကြိုသည်။ သူပေးတဲ့ အခန်းလေးမှာ နှစ်ယောက်သားအိပ်ချင်မူးတူးနဲ့ ထိုးအိပ်ပစ်လိုက်ကြတာ အကျီလေးတောင်မလဲဘူး..(ညစ်ပတ်တာလေ.. ဟဲဟဲ)။ မနက်နိုးတော့.. တောင်ကြီးကို တစ်ခေါက်ရောက်ဖူးတဲ့ ကျွန်မက တစ်ခေါက်မှ မရောက်ဖူးတဲ့ ဇာမဏီ့ကို ဆရာလုပ်ပြီး... ပထမ ရေချိုးဆိုင်ကို ခေါ်သွားပြီး... ရေနွေးနဲ့ ရေချိုးကြတယ်... ပြီးတော့ အလှပြင်ဆိုင်ကိုခေါ်သွားတယ် ဟဲဟဲ... ကျွန်မတို့ဆံပင်တွေက ဖုန်အလိမ်းလိမ်းနဲ့ဆိုတော့ နှစ်ယောက်လုံးခေါင်းလျှော်ချင်နေကြပြီလေ....။ ခေါင်းလျှော်အပြီးမှာ ဇာတ်လမ်းစတာက ကျွန်မ။ သူများတွေ ဆံပင်ညှပ်တာကြည့်ပြီး ဆတ်ဆတ်ဆော့ဆော့ ဆံပင်ညှပ်မယ်ဆိုပြီးဖြစ်ရော.... ကျွန်မကိုကြည့်ပြီး ဇာမဏီ့ကိုဓာတ်ကူးသွားတယ်....။ ဟဲဟဲ အဲဒီနောက်ပိုင်းကစပြီး ရိုက်သမျှဓာတ်ပုံတိုင်းမှာ ကျွန်မတို့ ရုပ်တွေက တမင်တကာ ပြောင်ပြစရာမလိုပဲ ပြောင်စပ်စပ်ရုပ်ထွက်နေတော့တယ်.... :P

တောင်ကြီးမြို့ .... ဟိုး..ကန်က ကျီးဖြူကန်တဲ့

နောက် တောင်ကြီးဈေးထဲက သူငယ်ချင်းကို သွားရှာ နှုတ်ဆက်... ပြီးတော့ သူငယ်ချင်းက ကျွန်မတို့ကို ကြိုးတံတားရှိတဲ့ ပန်းခြံရယ် အရင်မီးပုံပျံပွဲလုပ်တဲ့ကွင်းဟောင်းနားက စှူဠာမုနိဘုရား (ဘုရားဘွဲ့တော်က မှန်မယ်ထင်တာပဲ... )ရယ်ကို လိုက်ပို့ပေးရှာတယ်..။ အရင်နှစ်လာတုန်းက ပင်းတယတို့ အင်းလေးတို့ထိလိုက်ပို့ပေးနိုင်ပေမဲ့ ခုတခါက သူတို့နှစ်ကူးနဲ့လဲတိုက်နေတာမို့ လိုက်မပို့နိုင်တာကို သူက အားနာနေတယ်...(သယ်ရင်းကြီး အားကြီးကျေးဇူးတင်တယ်နော်... :) .. )။ နောက်သတိထားမိတာက တောင်ကြီးမှာ ပြင်ဦးလွင်လောက်ချယ်ရီပင် အများကြီးမရှိတာ....။ သူငယ်ချင်းကပြောတယ်... ခုဆို ချယ်ရီပင်တွေရှားကုန်လို့ ချယ်ရီကြည့်ချင်ရင် တောင်ပေါ်မှာသွားရှာရတယ်တဲ့...။ သူကလဲ ရွှတ်နောက်နောက်ဆိုတော့ တကယ်လား နောက်တာလားတော့ မသေချာ... တောင်ကြီးမှာ ကျွန်မတို့သွားတဲ့ အချိန် ချယ်ရီတွေနည်းနေတာတော့အမှန်...။

တောင်ပေါ်က စေတီတစ်ဆူ (ဘွဲ့တော်တော့ မမှတ်မိတော့ဘူး... :D)

ညနေပိုင်းကျတော့ ကျွန်မဦးလေးက တောင်ပေါ်ကိုလိုက်ပို့ပေးတယ်....။ တောင်ရဲ့ တောင်ဘက်ကနေ မြောက်ဘက်ထိ..။ တောင်ပေါ်ကနေကြည့်ရတဲ့ တောင်ကြီးမြို့က ပန်းကန်ပြားပေါ်မှာ ဆောက်ထားတဲ့ မြို့ကလေးလိုပဲ....(အဲဒီလိုပြောတာကို တောင်ကြီးသား ကျွန်မသူငယ်ချင်းကရယ်တယ်..)။ တခြားမြို့တွေဆိုရင် မျက်စိတဆုံး လူနေအိမ်ခြေတွေက ထူရာကနေ ပါးပါးသွားတတ်ပေမဲ့ တောင်ကြီးမြို့ကတော့ ပန်းကန်ပြားရဲ့ အနားသတ်ကလေးလို တိတိရိရိ သေသေသပ်သပ်.....။ အဲဒီတောင်ပေါ်မှာ ဘုရားတွေတစ်ဆူပြီးတစ်ဆူဖူး ဆုတွေလည်းတောင်းပေါ့...။ မလုပ်မဖြစ်လုပ်တာကတော့ ဓာတ်ပုံရိုက်တာ..။ ကိုယ့်ပုံက မလန်းတော့ပေမဲ့ ရှုခင်းတွေကလန်းတုန်းကိုး..။ တောင်ပေါ်ကနေ တအိအိနိမ့်ဆင်းသွားတဲ့ နေလုံးကြီးကိုလည်း ဓာတ်ပုံရိုက်ခဲ့သေးတယ်...။ (sunrise ကို ကြုံဖို့ မလွယ်မှန်း ကိုယ့်အကြောင်းကိုသိလေတော့ sunset ကိုပဲအားကိုးရတော့တယ်.... ဟဲဟဲဟဲ)
ကဲ ပန်းကန်ပြားအစွန်းနဲ့ မတူဘူးလား.... တူပါတယ်နော်.... တူတယ်လို့ပြော.... ဟဲဟဲဟဲ



နေ မ၀င့်တ၀င်


နေ၀င်သွားတာတောင် လှတုန်း.... နော်


ပြန်ရောက်တော့ သူငယ်ချင်းက မနက်ဖြန်ညနေ သူ့အိမ်မှာ နှစ်ကူးအတွက်ကျွေးမှာမို့ ကျွန်မတို့နှစ်ယောက်ကိုလာခေါ်မယ်တဲ့...။ ဟဲဟဲ စားရချည်သေးရဲ့.. ရှလွှတ်

6 comments:

သီဟသစ် said...

မလိခရေ..
တောင်ကြီးမြို့ကို
လိုက်လည်ပြီး
လွမ်းသွားပြီ..

Third Year တုန်းက တစ်ခါပဲ ရောက်ဖူးတာ..

ကိုလူထွေး said...

(စိုင်းထီးဆိုင်သီချင်း ပြောင်းဆိုရမလိုဖြစ်နေပေါ့)တောင်ပေါ်မြေမှာ ဖြူစင်စေတနာ ချယ်ရီပန်းတွေ မရှိတော့လည်း ရွှေညာမြေက ပိတောက်ဝါကိုသာ သတိရလိုက်ပါတော့ဗျာ..

အပြုံးပန်း said...

တောင်ကြီးမြို့ကို လွမ်းလို့ လာကြည့်တယ်၊
လွမ်းစရာကောင်းတယ်။
ချယ်ရီတွေမရှိတော့ပေမယ့်လဲ
တချိန်တုန်းက ချယ်ရီတွေဟာ သင်းဆဲပါလေ။

strike said...

တော်တော်အစားပုတ်ပြီးအအိပ်ကြီးကြမယ့်ပုံပဲ

မလိခ said...

သီဟသစ် >> တောင်ကြီးက ချစ်ဖို့ကောင်းတယ်.. သပ်သပ်ရပ်ရပ် အေးအေးချမ်းချမ်းလေး.. ရေးရင်းနဲ့တောင် လွမ်းမိသေးတယ်.. :)
ကိုလူထွေး >> ဟုတ်ပ ကိုလူထွေးရေ...
အပြုံးပန်း >> ရာသီဥတုတွေ ဖောက်ပြန်ပြီး ချယ်ရီတွေ မပွင့်တော့တာဆိုရင်တော့ နှမျောစရာပဲပေါ့ မမရယ်
strike >> ကားပေါ်မှာ တညလုံးကောင်းကောင်း မအိပ်ခဲ့ရလို့ အိပ်မိတာပါ... ပြီးတော့ တရုတ်နှစ်ကူးဆို ဟင်းတွေကကောင်းတတ်လို့ သွားရည်ကျမိတာပါ... ဟဲဟဲ

စူးနွယ်လေး said...

တောင်ကြီးမြို့ကိုအလည်တခေါက် ကိုယ်ရောက်တယ်..လား။
ဟုတ်တယ်မလိခရေ တောင်ကြီးကပန်ကန်ပြားလို အနားသပ်တိတိရိရိပဲ။ ဘာလို့လည်းဆို အဲဒီနောက်မှာက ချောက်လေ။ တို့က ချယ်ရီထက် စိန်ပန်းပြာလေးတွေကို ပိုသတိရတယ်။ ဒါနဲ့ ဒေသစာ ဘာတွေစားခဲ့သေးလဲ?