Monday, April 6, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (ပြင်ဦးလွင်) (၇)

ခရီးထွက်ရတာလဲကြိုက်... ခရီးထွက်တဲ့ အကြောင်းပြန်ပြောပြရတာလဲ ကြိုက်တော့... ဘယ်သူကြိုက်လဲ မကြိုက်လဲ မသိပဲ.. စွတ်ရေးသလိုဖြစ်နေမှာစိုးပြီး အားတော့ အနာသား... ဒါပေမဲ့ ၀ါသနာကလဲတားမရဆိုတော့... အဟီး... ဒီခရီး အကြောင်းဆက်ရေးပါဦးမယ်... သည်းညည်းခံပေးကြပါဦးနော်... :D


ပြင်ဦးလွင်ကိုရောက်တဲ့ ဒုတိယနေ့မှာလဲ.. ဘယ်သွားမယ်လို့ တိတိကျကျအစီအစဉ်မရှိတော့ မနက်စာတို့ဟူးနွေး စားရင်းတိုင်ပင်ကြတယ်.. မေမေက ဘီအီးဖောလ်သွားမလားတဲ့.... ဘီအီးဖောလ်ကိုတော့ မသွားချင်... ဟိုးလွန်ခဲ့တဲ့ ၅နှစ်ကျော်လောက်က ကျွန်မပြင်ဦးလွင်ကိုရောက်တော့ ဘီအီးဖောလ်ကိုဝင်ဖြစ်ခဲ့တယ်.... ရေတံခွန်နားတ၀ိုက်မှာ အရက်ကို အဓိကထားရောင်းတဲ့ စားသောက်ဆိုင်တွေ... ပြီးတော့ အဲဒီစမ်းချောင်းလေးထဲမျောနေတဲ့ ပလပ်စတစ်အိတ်တွေ.... လူစွန့်ပစ်တဲ့ အမှိုက်တွေ... အဲဒါတွေမြင်ပြီး.. ကျွန်မစိတ်ထဲ မကောင်းဖြစ်ခဲ့ရတယ်... ကျွန်မကိုယ်တိုင်လည်း ဘာမှမလုပ်ပေးနိုင်ဘူးလေ.. အခုလည်းဘာမှပိုကောင်းလာဦးမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိတယ်... ပိုဆိုးရင်သာဆိုးလာမှာ....


ဒီလိုနဲ့ ပိတ်ချင်းမြောင်လေးတော့ သွားလိုက်ပါတဲ့ မေမေက.... ဘုရားဖူးရတာပေါ့တဲ့..... ဟုတ်လို့ပြောပြီး... ကားနောက်ခန်းကနေ ကျွန်မတို့သုံးယောက် သီချင်းတွေအော်ဆိုရင်း စကားတွေများရင်းပါလာတယ်.... ဘယ်တွေရောက်လို့ရောက်မှန်းမသိ.... ထုံးစံအတိုင်းကားရပ်တော့မှ.. ကြည့်လိုက်တော့.. view point တဲ့ ဂုတ်ထိပ်တံတားကို မြင်ရတဲ့နေရာပါ... ဇာမဏီ မမြင်ဘူးမှန်းသိလို့လိုက်ပို့တာလို့ မေမေကပြောတော့... ကျွန်မတို့လည်း ၀မ်းသာအားရ ဓာတ်ပုံတွေရိုက်ပေါ့... နောက် မေမေက ဒီနားသိပ်မလှဘူး ရှေ့နားကပိုလှတယ် ဆိုလို့ ကားကိုဆက်စီးကြပြန်ရော.... ပြီးလဲပြီးရော... မထူးပါဘူးကွာ.. ဂုတ်ထိပ်မြင်နေရမှတော့ ဂုတ်တွင်းချောင်းထိဆင်းပြီး ဓာတ်ပုံရိုက်ကြတာပေါ့တဲ့... အဲဒီလိုနဲ့နောက်ဆုံး... ကျောက်မဲ ရုပ်ရှင်ရုံရှေ့က ကြက်ဥကစော်သွားစားရအောင်ဆိုတဲ့ အထိဖြစ်သွားတော့တာပါပဲ... (မေမေတို့များ အဲဒီလိုပါဆို)

လမ်းမှာ ချယ်ရီပင်တွေတန်းစီပေါက်နေတာတွေ့လို့ ဆင်းပြီးခူးကြသေးတယ်..... ချယ်ရီတွေပန်ပြီး ဓာတ်ပုံတွေရိုက်ရင်း တစ်ကျော့နှစ်ကျော့ တေးကိုသီ (သိပ်တော့ မသေချာဘူး.. ) ရုပ်ရှင်ကားထဲက ချိုပြုံးရဲ့ `ပျိုပျိုခင် အလည်အပတ်ထွက်တယ် မော်တော်ကားနဲ့ရယ်...... ဟိုယခင်ကျောင်းပိတ်တဲ့ရက်ကကွယ်.... ရှမ်းပြည်ကို တောက်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်..´ ဆိုတဲ့သီချင်းကိုလဲ အော်ကြီးဟစ်ကျယ်ဆိုကြသေးတယ်...

ဂုတ်တွင်းချောင်း (ဂုတ်ထိပ်တံတား ဖြတ်သွားတဲ့ ချောင်းလေး) က ကျွန်မငယ်ငယ်တုန်းက ရောက်ဖူးတုန်းကလောက် ရေမများတော့ဘူး ပြီးတော့ မလှတော့ဘူး... လူတွေ စည်းကမ်းမရှိ တန်ဖိုးမထားကြတော့လို့ သူလည်းညှိုးငယ်နေတဲ့ပုံ... နောက် ဂုတ်တွင်း ကနေ ဟိုဘက်ခြမ်းကိုမြွေလိမ်မြွေကောက်လမ်းကနေ ပြန်တက်ပြီး ကျောက်မဲကို ဆက်ထွက်ခဲ့ကြတယ်... လမ်းမှာတော့ ကျွန်းပင်ပျိုတွေက စိမ်းလို့... သူတို့တွေလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်တော့နိုင်ငံခြားသွားရမလဲမသိ လို့ တွေးမိသေး...။(ဂုတ်တွင်းကနေ ကျောက်မဲဘက်ကိုတက်တဲ့ လမ်း)

(ပြင်ဦးလွင်ဘက်ကနေ ဂုတ်တွင်းကို ဆင်းတဲ့လမ်း)

ကျောက်မဲကို အ၀င်လမ်းမှာ ခြံကျယ်ကြီးတွေနဲ့ နဂါးမောက်သီး (နဂါးခေါင်းသီးလို့လဲ ခေါ်ကြတယ်) လို့ခေါ်တဲ့ Dragon Fruit အပင်တွေ စိုက်ထားတာတွေ့ရတယ်... (ဓာတ်ပုံတော့မရိုက်ဖြစ်ခဲ့ဘူး)။ ကျောက်မဲမြို့ထဲရောက်တော့ နေ့လည် ၁၂နာရီလောက်ပဲရှိသေးတယ်... မေမေစားချင်တဲ့ ရုပ်ရှင်ရုံရှေ့က ကြက်ဥကစော်ဆိုင်က မဖွင့်သေး.. ညနေမှဖွင့်တာဆိုတော့ ကျွန်မတို့ကြက်ဥကစော်နဲ့ ဝေးခဲ့ရတယ်...။ နေ့လည်စာဘယ်မှာ စားရင် ကောင်းမလဲဆိုတော့ ဖေဖေက ဟိုင်းဝေးလမ်းမကြီးဘေးက ကုန်ကားကြီးတွေ ခဏနားတဲ့ ဆိုင်လေးတွေမှာ စားမယ်လို့ဆိုတာနဲ့ ကျွန်မတို့ ကျောက်မဲကနေ ပြင်ဦးလွင်ဘက်ကိုပြန်ခဲ့ကြတယ်...။

1နာရီလောက်မောင်းပြီးတော့ လမ်းဘေးဝဲယာမှာ စားသောက်ဆိုင်လေးတွေ တန်းစီနေတဲ့ နေရာလေးကို ကျွန်မတို့ရောက်လာတယ်....။ (ဘာရွာလို့ခေါ်လဲဆိုတာကို ကျွန်မမမှတ်မိတော့ဘူး...).. ဆိုင်တစ်ဆိုင်ကိုရွေးပြီး ၀င်လိုက်ကြတယ်...။ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ချင်တော့ အဲဒီဆိုင်က မေမေ့သူငယ်ချင်းဆိုင်ဖြစ်နေတယ်...။ မေမေ မန္တလေးတက္ကသိုလ်မှာတုန်းက တစ်ဆောင်တည်းနေခဲ့တဲ့ သူငယ်ချင်းတဲ့...။ ကွဲသွားကြတာ ကျောင်းပြီးကတည်းက တဲ့...။ မေမေတို့က ရှေးဟောင်းနှောင်းဖြစ်တွေပြောလို့ ... ဘယ်သူကတော့ ဘယ်သူနဲ့ အိမ်ထောင်ကျလို့ ဘယ်မှာ နေနေတယ်.. ဘယ်သူကတော့ ခုထိ အပျိုကြီး... နောက် ဘယ်သူကတောဖြင့် ဆုံးရှာပြီ စသည် စသည်..။ ကျွန်မလဲတွေးမိတယ်... ကျွန်မတို့ အသက်တွေကြီးလို့ အခုလိုမျိုး မတော်တဆပြန်တွေ့ကြရင်... ခုချိန်မှာ ကျွန်မတို့ဆီမှာ ရှိတဲ့ အချစ်တွေ အမုန်းတွေက ကျွန်မတို့ရဲ့တွေ့ဆုံမှုမှာ ပါဝင်ပတ်သက်နေကြဦးမှာလား... လို့....။ ဒါပေမဲ့... အမုန်းတွေကိုတော့ ကျွန်မတို့ မေ့သွားကြရင်ကောင်းမယ်...။

ဟင်းတွေမှာပြီး စောင့်နေတဲ့ အချိန်ကျမှ ဖေဖေဘာလို့ ဒီဆိုင်မျိုးမှစားချင်လဲ ကျွန်မတို့သဘောပေါက်တယ်...။ ဒီဆိုင်တွေမှာက ဟင်းတွေကိုကြိုချက်ထားတာမရှိကြဘူး...။ ကျွန်မတို့က မှာလိုက်မှ ချက်ချင်းချက်ပေးတာ...။ တချို့ သူတို့ဆီမှာစိုက်ထားတာဆို အပင်ပေါ်ကနေ ချက်ချင်းခူးပြီး ချက်ပေးတာ...။ ပြီးတော့ သဘာဝမြေသြဇာနဲ့ စိုက်ထားတာဆိုတော့ စားစရာတွေက ချိုပြီး လတ်ဆတ်နေတယ်..။ စင်္ကာပူမှာ မရနိုင်တဲ့ အရသာမျိုးပေါ့...။ ဖေဖေကပြောတယ်... ချက်တာကို စောင့်ရပေမဲ့ စောင့်ရတာတန်တယ်တဲ့။ ကျွန်မတို့သုံးယောက်ကတော့ ဗိုက်ကားအောင်စားပစ်လိုက်ကြတယ်... ။ ပြီးတော့ ကားနောက်ခန်းမှာ သုံးယောက်သား ခွေခေါက်ပြီး ထမင်းလုံးစီရင်း အိပ်ပျော်သွားလိုက်ကြတာ...နောင်ချိုရောက်တဲ့အထိပဲ..။

နောင်ချိုမှာ မေမေ့အဒေါ်အိမ် ခဏ၀င်ပြီးမှ ဆက်ထွက်တော့ အုမ္မသီးတို့ အုမ္မခါးတို့ (ပြင်ဦးလွင်အလွန်နားကရွာတွေ) ရောက်တဲ့ အချိန်နေက ၀င်ခါနီးနေပြီ... ရှာရှာကြံကြံ ဂျုံခင်းစိမ်းစိမ်းတွေနား ကျွန်မတို့ ဓာတ်ပုံဆင်းရိုက်ကြသေးတယ်...။ ပြီးမှ အဲဒီနား ကားလမ်းနဘေးက စတော်ဘယ်ရီခြံထဲ ၀င်ကြတယ်... သူတို့ အလုပ်သမားတွေနဲ့အတူ ကိုယ်တိုင်ခူးလို့ရတယ်ဆိုလို့ ကျွန်မတို့ ၀င်လက်စွမ်းပြခဲ့ကြသေးတယ်...။ ခုခေတ်တော့ စတော်ဘယ်ရီပင်အောက်မှာ ချိန်းတွေ့မယ့်ချစ်သူတွေ မရှိလောက်တော့ဘူးထင်တယ်... :P ။ အဲဒီမှာ အိုမာခရမ်ဝိုင်လို့ နာမည်ပေးထားတဲ့ မက်မန်းဝိုင်ကို ကြော်ငြာထားတာလေးသဘောကျလို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်..။ ပြီးတော့ အဲဒီခြံထဲမှာ ပန်းဖြူဖြူလေးတွေ တပင်လုံးပွင်နေတဲ့ အပင်ကြီးလဲရှိတယ်... မက်မုံပန်းလို့ပြောတယ်....မွှေးမွှေးလေး ။ မြ၀တီက ပြဖူးတဲ့ သိုင်းကားထဲက ကောကျင့်တို့ ယုံအော်တို့ရဲ့ မက်မုံကျွန်းကိုရောက်သွားသလိုပဲ... :P

(အဲဒီ အပင်အခြေနားရှာကြည့်သေးတယ်.. ချစ်သူတွေများတွေ့မလားလို့...မတွေ့ဘူး... စတော်ဘယ်ရီသီးပဲတွေ့လို့ ခူးခဲ့တယ် :P)

(တချို့ က မက်မုံတဲ့ တချို့က မက်မန်းတဲ့... တူလား မတူလားတော့မသိဘူး... ပန်းလေးကတော့မွှေးတယ်)




ပြင်ဦးလွင်မြို့ထဲဝင်တော့ တော်တော်မှောင်နေပြီ...။ ကျွန်မတို့လဲ ပိတ်ချင်းမြောင်တင်ပဲလို့ ထင်ပြီး အနွေးထည် တစ်ထည်စီပဲပါတယ်... ရာသီဥတုအေးအေးမှာ လေကလဲအေးအေးနဲ့ ကျွန်မတို့သုံးယောက် ပူးထိုင်ပြီးထောင့်မှာ ကပ်ပါလာကြတာ ဟိုတယ်အထိ....။

5 comments:

strike said...

အပေါ်ဆုံးပုံ ဂုံးထိပ်တံတားက ကျွှန်တော့အတွက်တော့ breath taking ပဲဗျာ လှလိုက်တာ

မလိခ said...

ဟဲဟဲ မလိခလက်ရာလေ... အဟီး.. ကျေးဇူးပဲ

နွေးနေခြည် said...

သွားလိုက်တာ စုံလို့ပါလား ခခရယ်

အပြုံးပန်း said...

ဂုတ်ထိပ်တံတားကို မရောက်သေးဘူး၊ လှတယ်။
စားချင်တဲ့ဟင်းတွေ မှာပြီးမှ ချက်တယ်ဆိုတဲ့ ဆိုင်နံမည်က ဘာလဲဟင်၊
စတော်ဘယ်ရီပင်အောက်က ချစ်သူတကယ်မတွေ့ခဲ့ဘူးလား၊ ပရွက်ဆိတ်အတွဲပေါ့။
အိုမာခရမ်ဝိုင်တဲ့လား။

မလိခ said...

နွေးနေခြည် >> ဟဲဟဲ
အပြုံးပန်း >> ညီမလဲ ငယ်ငယ်ကပဲ တံတားပေါ်ကို ရထားနဲ့ ဖြတ်ဖူးတာ... သူက ရထားလမ်းတစ်မျိုးပဲရှိတာမမရဲ့
ဆိုင်ကတော့ နောင်ချိုနဲ့ ကျောက်မဲကြားက ရွာကလေးမှာပါ.. ရှမ်းပြည်မြောက်ပိုင်းမှာတော့ ကုန်တင်ကားကြီးတွေ ခဏနားတဲ့ အဲဒီလိုဆိုင်တွေ အများကြီးရှိတယ်လို့ ကြားဖူးတယ် မမ... ဆိုင်နာမည်တော့ မမှတ်မိတော့ဘူး.. :)