Sunday, October 4, 2009

နောက်တခါ လာပြန်ချည်သေး....

ဟဲဟဲ... တောင်းပန်လိုက် ပျောက်သွားလိုက်နဲ့ ... လူတော်တော် အမြင်ကတ်စရာဖြစ်နေပြီထင်တယ်.. ဟဲဟဲ

ဟိုးတလောက လုပ်မယ်ဆိုတဲ့ sale girl က လုပ်ချင်လွန်းလို့ လုပ်မယ်ဆိုတာတောင် ကျွန်မကို မခေါ်ဘူးရှင့်...။ ကျွန်မဖက်ကလဲ ၀ါသနာမပါတော့ ၀ီရိယနည်းတာလဲ ပါတာပေါ့...။ ဒီကြားထဲ ဖေဖေ နဲ့မေမေလဲ ရောက်လာတော့ မလိခတို့ အော်တို တိုးဂိုက် ဖြစ်သွားတယ်...။ တနေကုန် လျှောက်သွား.. ပြန်လာတော့ ဖလက်နဲ့.... ကွန်ပျူတာတောင် ဖုန်တော်တော်တင်နေပြီ...။

နောက်ဆုံးတော့.. ဖေဖေတို့ အသိဦးလေးကြီးကောင်းမှုနဲ့... မလိခအလုပ်တစ်ခုရပါပြီ....။ ဟဲဟဲ.... သင်ထားတာက science... ရတဲ့ အလုပ်က Admin Assistant...။ အရင်က Admin အလုပ်ဆိုတာ လူတိုင်းလုပ်လို့ရတဲ့ ခပ်လွယ်လွယ်အလုပ်လို့ထင်ထားတာ....။ ခုတော့ ပျားတုပ်နေပြီလေ...။ banking နဲ့ပတ်သက်တဲ့ terms တွေလဲပါတယ်... debit တို့ credit တို့လဲ ပါသေး...။ အဲဒါမျိုးက ကြားသာကြားဖူးခဲ့တာ ဘာမှန်းသိတာမဟုတ်ဘူး..။ ကျွန်မကလဲ ဗဟုသုတက ခပ်များများဆိုတော့.. တိုင်ကိုပတ်နေတာပဲ...။

stress များရင် မျက်နှာမှာ အဖုတွေထွက်တတ်တဲ့ ကျွန်မ ... ခု လူဒူးရင်းသီးဖြစ်နေပြီ....ဟဲဟဲ...။ Admin Dept. မှာကလဲ ကျွန်မရယ် Manager အန်တီကြီးရယ်ပဲရှိတာ... ။ အန်တီကြီးကလဲ.. တရုံးလုံးက တစ်ဖက် သူကတစ်ဖက်တဲ့...။ အဲဒီလိုပါဆို...။ ဒါပေမဲ့ သူနဲ့ ပြသနာဖြစ်မှာ ကြောက်ကြောက်နဲ့ တစ်နေ့တစ်နေ့.. မေတ္တာတွေပို့ ဘုရားတွေရှိခိုးနဲ့ ကျွန်မလဲ တော်တော်ကုသိုလ်တွေရနေပြီ....:D။

ဟဲဟဲ... အလုပ်မှာလဲ နေသားကျ... ဖေဖေ မေမေတို့လဲ ပြန်သွားပြီးချိန်လောက်ဆိုရင်တော့ မလိခတို့ ဘလော့ဂ်ပြန် ဂင်းနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်....။

ခုတော့ ဘုရားရှိခိုးမေတ္တာပို့ပြီးပြီမို့.... အိပ်ပါပြီ....
မင်္ဂလာညချမ်းပါရှင်....
တနင်္လာနေ့တွေကို အကြောက်အလန့်မရှိဘဲ... ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုင်ကြပါစေ..... :D

Saturday, August 29, 2009

ကောင်မလေးရဲ့ ကောင်လေး


ရိုးသား ပျော်ရွှင်နေခဲ့တဲ့ ကောင်မလေးရဲ့ ဘ၀လေးထဲကို ... ဦးထုပ်အနက်ဆောင်းလေ့ရှိတဲ့... ဘယ်ဖက်လက်သန်းကို အနက်ရောင်ဆိုးလေ့ရှိတဲ့ ... မျက်ဝန်းတောက်တောက်တွေနဲ့ ကောင်လေး အမှတ်တမဲ့ရောက်လာခဲ့တယ်...။ အဲဒီနေ့က မိုးတွေအုံ့လို့....။ မျက်ဝန်းနှစ်စုံ ခလုတ်တိုက်မိတော့... အားနည်းတဲ့သူ ဒဏ်ရာရစတမ်း....။ သူမရဲ့ ကမ္ဘာလေး ခဏရပ်သွားခဲ့တယ်...။ ဘယ်အချိန် ဘယ်နေရာမှာရှိတတ်တယ်လို့ ပုံမှန်မရှိတတ်တဲ့ လူတစ်ယောက်ကို ရောက်ရာနေရာတိုင်း တိတ်တိတ်လေးရှာတတ်တဲ့ အကျင့်တစ်ခု သူမမှာတိုးလာခဲ့တယ်...။

မမျှော်လင့်ပဲ မိုးတွေသည်းကြီးမည်းကြီးရွာတဲ့နေ့ကပေါ့...။ အကြောင်းကြောင်းကြောင့် ကောင်မလေးလက်ထဲမှာ ထီးအ၀ါလေးတစ်ချောင်း အပိုရှိနေခဲ့တယ်...။ ခွင့်ပြုချက်မရခင် လုယူခံလိုက်ရတဲ့ အဲဒီထီးလေးအောက်မှာ ကောင်လေး ရှိနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံတွေကြားက မိုးရာသီကို သူမပိုချစ်သွားခဲ့တယ်....။

သူ့အကြောင်းတွေကို ကောင်မလေး သိချင်တယ်.. သူဘယ်မှာနေလဲ... သူဘာတွေကြိုက်တတ်လဲ.... သူဘာတွေကို တန်ဖိုးထားလဲ... အို..သူ နဲ့ပတ်သက်သမျှ အကုန်... သူမ သိချင်ခဲ့တယ်....။ ဆားငန်ရေသောက်လို့ ရေငတ်မပြေနိုင်သလို... ပင်လယ်ပြာကျယ်ကြီးနဲ့တူတဲ့ သူ့အကြောင်းတွေကို သူမ အငမ်းမရ သောက်သုံးခဲ့တယ်...။

ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်...။ လူတစ်ယောက်ကို စိတ်ကုန်ချင်ရင် အဲဒီလူနဲ့ အနီးဆုံးကို သွား...တဲ့...။ စိတ်ကုန်ချင်တယ်ဆိုတဲ့ မုသားတစ်ခုကို လှလှပပသုံးလို့ ကောင်မလေး သူ့ကိုယ်သူလိမ်ညာခဲ့တယ်....။ မပြတ်သားမှုတွေနဲ့ ပြည့်နေတတ်တဲ့ သူမက ရှက်လဲရှက်တတ်သေးတယ်တဲ့...။

နောက်ဆုံးတော့ သူမ အဖြစ်က..... ကောင်လေး ပြောပြောတတ်တဲ့ သူချစ်တဲ့ မိန်းမတွေအကြောင်းကို ၀ါယာကြိုးမျှင်လေးရဲ့ ဒီဘက်စွန်းကနေ နားထောင်ရင်း .... တိတ်တိတ်လေး မျက်ရည်ကျ....။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို အကာအကွယ်ယူရင်း သူမရဲ့ သိက္ခောတစ်ချို့လဲ အလဲလဲ အပြိုပြို...။ သူမကိုယ် သူမလဲ မုန်းပါရဲ့...။

ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးကို သူမ သွားနိုင်ခဲ့သလားဆိုတာ မသေချာပေမဲ့ ကောင်လေးရဲ့ စကားသံတွေအောက်မှာ သူမ မိန်းမောခဲ့တယ်...။

`ဘာပဲဖြစ်ဖြစ် နင့်ကို ငါကျေးဇူးတင်ပါတယ်´ တဲ့..... တူ.တူ. ဆိုတဲ့ အသံလေးကြားရခါနီးတိုင်း သူပြောလေ့ရှိတယ်...။ သူမက သူနဲ့ စကားပြောလို့တင်တဲ့ ကျေးဇူးလား.... သူ, မပြောချင်တဲ့ သူမနဲ့ စကားဆက်မပြောရတော့လို့ တင်တဲ့ ကျေးဇူးလား.... ဝေခွဲရခက်တဲ့ အကြောင်းတွေ ရင်မှာ အပြည့်နဲ့ သူမရင်မောခဲ့ရတယ်...... မိုးရာသီ လေးခုကျော်တဲ့ အထိ....

သူကတော့ အရင်အတိုင်း သူချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း ပြောပြနေတုန်း.....
ဘယ်တုန်းကမှ သူရဲကောင်း မဖြစ်ချင်ခဲ့တဲ့သူမ ကိုယ့်ကိုယ်ကို မုန်းတဲ့ အမုန်းတွေနဲ့ စက်ဆုပ်လာတယ်....။ အတ္တလဲ ကြီးတတ်သေးတဲ့ ကောင်မလေး.... သူမ အတွက်.... သူ့ကို နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်....
အဲဒီညနေ....
ရန်ကုန်ဆောင်းရဲ့ မှုန်ရီရီ ညနေ....
မထင်မှတ်ပဲ သူနဲ့ ခြေလှမ်း ငါးလှမ်းအကွာလောက်မှာ ကောင်မလေးရှိနေခဲ့တယ်.... ကောင်လေးကတော့ သိခဲ့မယ်မထင်ဘူး.....။

အဲဒီည.....
ဒါနောက်ဆုံးပဲလို့ သူမကိုယ်သူမ သတိပေးနေတဲ့ကြားက ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းချင်မိတာ အကြိမ်ကြိမ်.....
`ငါ နင့်ဆီ အရင်လို ဖုန်းတွေ ဆက်နိုင်တော့မှာ မဟုတ်ဘူး....´
မျှော်လင့်ချက်တွေ ရှိနေသေးပါလားလို့ သူမကိုယ်သူမ သတိထားလိုက်မိတော့... သက်ပြင်းချလိုက်မိတယ်....
သူကတော့ ထုံးစံမပျက်....
`ဘာပဲ ဖြစ်ဖြစ် နင့်ကို ငါကျေးဇူးတင်ပါတယ်´ တဲ့လေ...

အဲဒီစကားကို ကောင်မလေး.... မုန်းတယ်။

Thursday, August 27, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (ပင်းတယ၊ ကုံလုံ ) (၁၁)

ခရီးက သွားတော့သာ ၁၂ ရက်ထဲရယ်နော်... မလိခတို့ ချဲ့ရေးနေပုံများ... တစ်နှစ်လောက်ကြာတယ်..(အဲလို ခုထိတော့ ဘယ်သူမှ မပြောပါဘူး... ကိုယ့်ဘာသာကို ပြောတာ...ဟဲဟဲ)...

ဒီနေ့ မနက် အိပ်ရာထရေချိုးပြီး.. ညကတည်းက သိမ်းထားပြီးသား အိတ်တွေဆွဲပြီး ဆင်းလာတော့ အောက်ထပ်မှာ ဦးလေးက အဆင်သင့်စောင့်နေပြီ...။ သူက ဒီနေ့ တနင်္လာဆိုတော့ ကျောင်းဖွင့်တာမို့ ကျွန်မတို့နှစ်ယောက်တည်း လွှတ်လိုက်ရတာကို အားနာနေတယ်...။ တကယ်က အစစအရာရာ အားလုံးအဆင်ပြေအောင် စီစဉ်ပေးထားတာကိုပဲ ကျွန်မတို့က ကျေးဇူးတင်လှပြီ...။

ခဏကြာတော့ ဦးလေးရဲ့ မိတ်ဆွေရဲ့ ကားလေး ရောက်လာတယ်...။ ဦးလေးက ကျွန်မတို့ နှစ်ယောက်ကို အဲဒီဦးလေးကြီးနဲ့ မိတ်ဆက်ပေးပြီး အဲဒီဦးလေးကြီးက ကားပိုင်ရှင်လဲဖြစ်တာမို့ စိတ်လဲရှည်ကြောင်း စိတ်လည်းချရကြောင်း တဖွဖွပြောနေတယ်..။ ကျွန်မတို့က အဲဒီဦးလေးကြီးကားနဲ့ ခရီးဆက်ရမှာကိုး။ ပြီးတော့ အဲဒီဦးလေးကြီးကို လဲ ကျွန်မတို့ကို စိတ်ရှည်ပေးဖို့မှာနေသေးတယ်... ။ ဘာတဲ့ ဦးလေး ပြောတာရှိပါတယ်... ကျွန်တော့်တူမတွေက အပင်စိမ်းစိမ်းမြင်တိုင်း ဓာတ်ပုံရိုက်တတ်လို့ သူတို့ကို စိတ်ရှည်ပေးပါ ခင်ဗျာတဲ့...။ ကျွန်မတို့နှစ်ယောက်ကတော့ သွားလေးဖြဲပြပြီး... အဟဲပေါ့... ဟုတ်နေတာကိုး။

မနက်စာကို ရှမ်းခေါက်ဆွဲစားပြီး... ဦးလေးကို လက်ပြရင်းတောင်ကြီးမြို့ထဲက ထွက်လာတော့ ရင်ထဲမှာ လွမ်းသလိုလို...။ ခုမှ တကယ်ပဲ ကျွန်မတို့နှစ်ယောက်တည်းရဲ့ ခရီးစတင်တာပါ...။ ရန်ကုန်က စထွက်ကတည်း.. ဖေဖေ မေမေတို့ရော ညီမလေးရောဆိုတော့ ညီမလေးကို စနောက်ရင်း ဟေးလားဝါးလား...။ သူတို့ မန္တလေးမှာ ကျန်ခဲ့ပြီး ကျွန်မနဲ့ဇာမဏီပဲ တောင်ကြီးကို လာခဲ့တယ်ဆိုပေမဲ့ တောင်ကြီးမှာက သူငယ်ချင်းတွေနဲ့ ဦးလေးနဲ့ဆိုတော့ အပြောင်းအလဲက မသိသာလိုက်..။ ခု တောင်ကြီးမြို့ကထွက်တော့ တကယ် ကျွန်မတို့နှစ်ယောက်တည်း....။ ပြီးတော့ စကားဝဲ၀ဲနဲ့ ကားကို ဂရုတစိုက်မောင်းနေတဲ့ ဦးလေးကြီး...။

တောင်ကြီးမြို့ရှိရာ တောင်ပေါ်ကနေ ဆင်းပြီး... တောင်ခြေက အေးသာယာမြို့သစ်ကိုရောက်လာတော့ ကျွန်မတို့ကားဦးတည်ရာတစ်လျှောက်က မြေပြန့်ကြီး...။ ကျွန်မတို့ငယ်ငယ် ပထ၀ီမှာ သင်ခဲ့ရတဲ့ ဟဲဟိုးလွင်ပြင်ကြီးပေါ့...။ အဲဒါကိုကျော်လာတော့ တောင်စောင်းမှာ ထင်းရူးပင်တွေ စီရရီနဲ့ တောင်ပေါ် ပြန်တက်လာသည်...။ တစ်ကွေ့နှစ်ကွေ့လောက် သွားပြီးတော့... မြင်လိုက်ရတဲ့ မီးရထားလမ်း....။ အဲဒါ နာမည်ကြီး ဘ၀သံသရာကွေ့ပေါ့....။ အဲဒီနေရာမှာ ရထားလမ်းက တောင်ကို တပတ်ပတ်ပြီး ပထမဖြတ်သွားတဲ့ နေရာအောက်ကနေ ဖြတ်ပြီး.... ဟဲဟိုးလွင်ပြင်ဆီ ခွေကာ ခေါက်ကာ ဆင်းသွားတယ်....။

ဟဲဟိုးလွင်ပြင်... တမျှော်တခေါ်ကြီးနော်...

ဘ၀သံသရာကွေ့တဲ့..... မနေမနား တသွားထဲသွားရမဲ့...ဘ၀သံသရာပေါ့...ဟဲ

နောက် ကျွန်မတို့ ငိုက်သွားလိုက်တာ အောင်ပန်းရောက်မှပဲ နိုးတယ်... ။ ကျွန်မတို့စီးလာတဲ့ ကားလေး ဆီပိတ်သွားလို့ဆိုလား...။ ဦးလေးကြီးက ဆင်းပြင်နေတုန်း ကျွန်မတို့က `တွန်းစရာလိုရင် ကျွန်မတို့ကို အားမနာနဲ့ ´..... ဆိုတာကိုဦးလေးကြီးက အားနာတာနဲ့.... အချိန်နည်းနည်းလင့်သွားတယ်...။ နောက်ဆုံးတော့ အဲဒီနားက ၀ပ်ရှော့ကို ရောက်သွားတယ်...။ ရှမ်းပြည်မှာ ဘယ်လောက်တောင် ပန်းတွေ ပွင့်နိုင်လဲဆို ဆီအလူးလူးနဲ့ အဲဒီဝပ်ရှော့မှာတောင်... သစ်ခွတွေ နှင်းဆီတွေ ဝေလို့ရှင့်...။ နာရီဝက်လောက် ပြင်ပြီးတော့ ကျွန်မတို့... ခရီးဆက်ထွက်ခဲ့ကြတယ်...။ အောင်ပန်းကနေ ယင်းမာပင် ဘက်ဆင်းတဲ့လမ်းကနေ ညာဖက်ချိုးပြီး... ပင်းတယကို ခရီးဆက်ခဲ့တယ်...။ ကျွန်မတို့ မြေပြန့်မှာ အိမ်တိုင်းနီးပါး သရက်ပင်ရှိသလို ရှမ်းပြည်မှာတော့ ထောပတ်ပင်ရှိတာကို တွေ့ရတယ်...။ ကျွန်မတို့သွားတဲ့ အချိန်က ထောပတ်သီးချိန်ဆိုတော့... သရေယိုစရာပေါ့....။

ရှမ်းပြည်မြောက်ပိုင်းတုန်းက ကျွန်မတို့ တွေ့ရတဲ့ ဂျုံပင်စိမ်းစိမ်းတွေက ဒီတောင်ပိုင်းရှမ်းပြည်မှာတော့ ရင့်ဝါမှည့်နေပြီ...။ ဂျုံရိတ်နေတဲ့ လူတန်းကြီးကိုလဲ ကျွန်မတို့ တွေ့ခဲ့ရသေးတယ်... ။ြ့ပီးတော့ ပင်းတယဘက်လမ်းက တောင်ကြီးလမ်းနဲ့မတူသလို ကက္ကူသွားတဲ့လမ်းနဲ့လဲ မတူဘူး...။ လမ်းဘေးတစ်လျှောက် အပင်ကြီးတွေနည်းပြီး.. ဘယ်ကြည့်ကြည့် ယာမြေတွေကြီးပဲ...။ ပြီးတော့ ကျွန်မသဘောကျတာရှိသေးတယ်...။ အဲဒီယာမြေတွေကလေ... ကျွန်မတို့ငယ်ငယ်က ရောင်စုံစာအုပ်မှာ အရောင်ခြယ်သလို မညီမညာနဲ့ အရောင်တွေစုံလို့....။ နီနီ ညိုညို စိမ်းစိမ်း ၀ါဝါ ...အို စုံလို့....။ ကောင်းကင် ပြာပြာကြီးအောက်မှာ တကယ့်ကို တမျှော်တခေါ်ကြီး.....။
တောင်ပိုင်းရှမ်းပြည်က ဂျုံခင်းဝါ၀ါတွေ....

ဂျုံရိတ်နေကြသူတွေ....

တမျှော်တခေါ်.....ရောင်စုံ ယာမြေတွေ....

တော်တော်လေး မောင်းလာမိတော့ ကားလမ်းရဲ့ ဘယ်ဖက်ခြမ်းမှာ တောင်ကြောကြီးကိုမြင်နေရပြီ.....။ တစ်နေရာအရောက် ကျောက်စရစ်လမ်းရှိရာ ဘယ်ဘက်ကိုချိုးလိုက်တော့... ကျွန်မတို့ ဦးတည်ရာလမ်းရဲ့ ဟိုးရှေ့တည့်တည့်မှာ ပင်းတယလိုဏ်ဂူ...။
ဟိုးအရှေ့က အဖြူရောင်ကြောကြီးက ပင်းတယလိုဏ်ဂူပေါ့.....

တဖြည်းဖြည်းနီးလာတော့... ပင်းတယရဲ့ Landmark ညောင်ပင်အကြီးကြီးတွေ....။ အဲဒါတွေကိုဖြတ်လာပြီး စောင်းတန်းအခြေမှာကားကို ထားခဲ့တယ်...။ ခပ်ပျင်းပျင်း ကျွန်မတို့က အချိန်မရမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လှိုဏ်ဂူဝကို ဓာတ်လှေကားနဲ့ပဲတက်ခဲ့တယ်..။ သြော်.. မေ့တော့မလို့... ကျွန်မတို့ဘုရားပန်းကပ်ကြသေးတယ်...ဘာပန်းထင်လို့လဲ... ချယ်ရီပဲပေါ့....။ ရွှေတိဂုံတို့ ဆူးလေတို့မှာလို ပန်းချည်းပဲ ၀ယ်သွားရတာမဟုတ်ဘူးရှင့်...။ ချယ်ရီပန်းတွေ သေချာထိုးထားတဲ့ မြေအိုးလိုက်ကလေး ကျွန်မတို့ကို ပေးလိုက်တာ...။ ကျွန်မတို့ကလဲ အထူးအဆန်းဆိုတော့... ပျော်လို့...။ လိုဏ်ဂူအ၀နားက စေတီမှာ ပန်းကပ် ဘုရားရှိခိုးပြီးတော့... အထဲကို ၀င်ခဲ့ကြတယ်...။ဘုရားဖူးတွေရှင်းတဲ့ အချိန်မို့လဲထင်ပါရဲ့ .... ဂေါပကလူကြီးက ကျွန်မတို့ကို အသေးစိတ်လိုက်ရှင်းပြတယ်...။
အိုးလိုက်လှူခဲ့ရတဲ့ ချယ်ရီတွေ...

ကျွန်မကလည်း ဓာတ်ပုံရိုက်တာ တစ်ဖက်နဲ့ဆိုတော့ ကြားတာလဲရှိ မကြားလိုက်တာလဲရှိပေါ့... ဟဲဟဲ....။ မှတ်မိတာတော့ရှိတယ်... ဒီလိုဏ်ဂူကို စတွေ့တုန်းက အထဲမှာ ရှေးဟောင်းဆင်းတုတွေ အများကြီးပဲတဲ့....။ နောက်မှ လှူကြတဲ့ ဆင်းတုတွေနဲ့လက်ရာကွာတဲ့ ရှေးဟောင်းဆင်းတုတွေကိုဖူးတွေ့ခဲ့ရတယ်...။ ကိုယ်ဘာသာကိုယ်ဆို သာမာန်ကာလျှံကာနဲ့ သိလိုက်မှာမဟုတ်ဘူး သေချာတယ်...အဟဲ...။ နောက် ဂူလမ်း အဆုံးလောက်မှာက ဘုရားဖူးတွေ ဘယ်လောက်များများ ဘယ်လောက်ယူသောက်သောက် ဘယ်တော့မှ မလောက်ဖူးဆိုတာမရှိတဲ့ ကျောက်စက်ရေ ကန်... နတ်ရေတွင်းလို့ခေါ်ကြတယ်တဲ့...။
လိုဏ်ဂူဖော်တုန်းက တွေ့ရတဲ့ ရှေးဟောင်းဆင်းတုတွေ...

နတ်ရေတွင်းတဲ့...အဲဒီကရေကို သောက်ရင် ကျန်းမာတယ်တဲ့လေ...

ဒီဆင်းတုနှစ်ဆူက ခန္ဒာကိုယ်တော်မှာ အမြဲရေစိုနေလို့ ရွှေချလို့မရဘူးတဲ့...

ကျောက်မောင်းလို့ပြောတယ်... အရင်က ၀ါးလုံးနဲ့တီးရင် မောင်းသံထွက်တယ်တဲ့... ခုတော့ လိုဏ်ဂူထိန်းသိမ်းရေးအတွက် ၀ါးလုံးနဲ့တီးခွင့်မပေးတော့ဘူး...

ဂူထဲမှာ စိမ့်ပြီးအေးနေပေမဲ့... ကျောက်စက်ရေတွေကြောင့်တော့ လမ်းတွေက စိုစိနေတယ်... ။ လူတွေ သွားရလွယ်ကူအောင် ကြွေပြားခင်းတဲ့ လမ်းတွေ နဲ့ဆိုတော့ အဆင်တော့ပြေပါတယ်...။ မဟုတ်ပဲ သဘာဝအတိုင်း ထုံးကျောက်စိုစိုချောချောတွေပေါ်သာ လမ်းလျှောက်ရရင်တော့ ကျွန်မသာဆို တဘိုင်းဘိုင်းနဲ့ကို လဲမှာ ..။
လိုဏ်ဂူထဲက ကျောက်စက်ပန်းဆွဲတွေ....

အဲဒီက အပြန် ပဲပုပ်တွေ လက်ဖက်ခြောက်တွေဝင်ဝယ်ကြသေးတယ်...။ နောက်... ညောင်ပင်ကြီးတွေနဲ့ ဓာတ်ပုံရိုက်... ပင်းတယမြို့ထဲဝင်လာတော့ ဗိုက်ကဆာပြီ...။ ဒါတောင်... ပင်းတယမြို့ရဲ့ ကျက်သရေဆောင် ဘုတ်တလုတ် (ပုန်းတလုတ်လို့ ရေးတယ်ထင်ပါတယ်)..ကန်မှာ ဓာတ်ပုံဝင်ရိုက်သေးတယ်...။ ဇာမဏီကတော့ ဘုတ်တလုတ်ဆိုတဲ့ နာမည်ကိုချစ်လို့တဲ့...။ မြို့ထဲမှာ နေ့လည်စာကို သွက်သွက်စားပြီး ကုံလုံကို ခရီးဆက်ခဲ့တယ်...။
ဘုတ်တလုတ် (ပုန်းတလုတ်)ကန်... သာယာတယ်နော်....

ရှမ်းပြည်က လက်ပံတွေ....

လမ်းတလျှောက် လက်ပံတွေရဲရဲခတ်နေတာတွေ့တော့ ကျွန်မကလက်ပံမှ ဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်သေးတယ်... ကျွန်မက လက်ပံကို အညာမှာပဲ ပေါက်တယ်လို့ထင်တာကိုး...။ ကုံလုံ ဆရာတော် ဘုရားကြီး ရုပ်ကလပ်ထားရှိတဲ့ စဥ့်စေတီထဲဝင်ဖူးရင်း... စေတီ အပြင်ဖက်မှာ ငါးစာကျွေးကြသေးတယ်...။ အဲဒီလွမ်းစေတီ (ကျွန်မထင်တဲ့ နာမည်ပါ... ဘွဲ့တော် သီးသန့်ရှိမရှိ ကျွန်မ မသိပါဘူး) ရှိတဲ့ ကုန်းလေးက ဘာကြောင့်မှန်းမသိပဲ လွမ်းစရာကောင်းလှတယ်...။
ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလပ်ပူဇော်ထားရှိတဲ့ စေတီ....

အဲဒီကအပြန်... ကုံလုံဆရာတော်ဘုရားကြီး တရားအားထုတ်ခဲ့တဲ့ ကံ့ကော်ပင်ကိုသွားကြည့်ကြတယ်...။ ကျွန်မတသက် မြင်ဖူးသမျှ ကံ့ကော်ပင်တွေထဲမှာ အကြီးဆုံးပဲ...။ အမှန်အတိုင်းပြောရရင် ကံ့ကော်ပင်ဆိုတာ အဲဒီလောက်ထိကြီးနိုင်တဲ့ အပင်လို့ကို မထင်ခဲ့မိတာပါ...။
ဆရာတော်ဘုရားကြီး တရားအားထုတ်ခဲ့တဲ့ ကံ့ကော်ပင်ကြီး....

အပြန်လမ်းမှာတော့ ဇာမဏီတစ်ကောင် လုံးဝဒေါင်းသွားတယ်... ။ကျွန်မကတော့ အစိုးရိမ်ကြီးတာမို့... ကားမောင်းတဲ့သူ ငိုက်မှာစိုးလို့ ဦးလေးကြီးနဲ့ စကားပြောရင်း ဓာတ်ပုံတွေ ရိုက်ရင်း....။ ဦးလေးကြီးပြောပြတဲ့ အထဲမှာ ကျွန်မ စိတ်မကောင်းဖြစ်ရတာက... တောင်ယာစိုက်ပျိုးရေးတွေကြောင့် ရာသီတွေပူလာတဲ့ အကြောင်း ပြီးတော့ အအေးကြိုက်တဲ့ သစ်သော့(သစ်တော်) လို အပင်မျိုးဆို အရင်က ဒီဒေသမှာ ဖြစ်ထွန်းခဲ့ပေမဲ့ ခုတော့ ဟိုးအရှေ့ဖျား ပိုအေးတဲ့ ဒေသတွေမှာမှ အသီးကောင်းကောင်းသီးတော့တယ်တဲ့...။ ဦးလေးကြီးပြောတာရှိတယ်... နောက်ဆို ငါတို့ငယ်ငယ်က စားနေကျ အသီးတွေ စိုက်မရလို့ မျိုးတုန်းကုန်မလားမသိပါဘူးတဲ့....။ကျွန်မလဲ စိတ်ပူပါတယ်... ရှမ်းပြည်နယ်ကြီး အရင်လို မအေးတော့မှာကို...။

အောင်ပန်းနားက လိမ္မော်သီးခြံရောက်တော့ နေ၀င်နေပြီ...။ အပင်ပုပုလေးနဲ့ အသီးတွေပြွတ်ခဲနေတဲ့ လိမ္မော်ပင်တွေ... ပြီးတော့ အသီးရာသီမဟုတ်လို့ အသီးမရှိတဲ့ နဂါးခေါင်းသီးပင် (နဂါးမောက်သီးလို့လဲခေါ်ကြတယ်ထင်တယ် dragon fruit လို့ အိန်းဂလိပ်လိုခေါ်တယ်လို့ ဘုတ်အုပ်တွေထဲမှာ ဖတ်ဖူးတယ်... ဟဲ) တွေ... ခြောက်လက်မနှင်းဆီလို့ခေါ်ကြတဲ့ နှင်းဆီတွေ...။ ပျော်စရာကြီးပါပဲ...။ အလှစိုက်တဲ့ ဘိန်းပန်းတချို့တောင်တွေ့ခဲ့ပါတယ်...။ ဦးလေးကြီးပြောတာကတော့ အဲဒီလိမ္မော်တွေက အဲဒီလို အပင်သေးသေးလေးနဲ့ မတရားသီးအောင် ဆေးကျွေးစိုက်ထားတာတဲ့...။

ဒါက အလှစိုက်တဲ့ ဘိန်းပန်းတွေ....

ဒါက နဂါးမောက်/နဂါးခေါင်းသီး....အပင်

လိမ္မော်ပင်... အသီးတွေ အများကြီးပဲနော်....

ဒါက ကျွန်မအကြိုက် နှင်းဆီနီနီ...

အသီး မခူးရပါဘူးဆိုမှ ဇာမဏီ့အိတ်ကပ်ထဲမှာက လိမ္မော်သီးလေးလုံးလောက် ပါလာသည်...။ အပင်အောက်က ကြွေနေတာတွေကောက်ထားတာလို့ တော့ ပြောတာပဲ... အပင်အောက်မှာကလဲ အကြွေတွေက အများကြီးဆိုတော့... ဟုတ်မဟုတ်ကိုတော့ ဇာမဏီပဲသိမှာပဲ...။ အပင်တွေ အသီးတွေ မြင်ရင် မနေနိုင်တဲ့ ဇာမဏီ့အကြောင်းကိုကလဲ ကျွန်မက အသိဆုံး...။ ဘာပဲဖြစ်ဖြစ် သူကျွေးတဲ့ လိမ္မော်သီးကိုစားပစ်လိုက်တယ်... ချိုနေတာပဲ...ဟဲဟဲ..။

ညောင်ရွှေမှာ ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကိုရောက်တော့ ညရှစ်နာရီထိုးလုလု...။ ဦးလေးရော.. ကားမောင်းတဲ့ဦးလေးကြီးအိမ်ကပါ ဟိုတယ်ကို ဖုန်းဆက်မေးထားကြပြီ...။ရောက်သင့်တာထက် နောက်ကျလို့ တစ်ခုခုဖြစ်မှာ စိတ်ပူလို့တဲ့။

အဲဒီဒေသအတွက် တော်တော်မိုးချုပ်နေပြီ်မို့... နီးနီးနားနားက ဆိုင်မှာပဲ ထမင်းပေါင်းဝယ်စားလိုက်တယ်....။ ဆိုးလိုက်တဲ့ ဆက်ဆံရေး....။ ခေါင်းကိုက်သွားတယ်...။ ဟိုတယ်ကိုပြန်လာတော့.. ဆိုင်းသံဗုံသံတွေကြားတဲ့ဆီ နားစွင့်လာကြရင်း... ဟိုတယ်အနောက်ဖက်မှာ မင်္ဂလာဆောင်...။ မင်္ဂလာဆောင်က ပြီးသွားတာလား မနက်ဖြန်မှ စမှာလား သေချာမသိပေမဲ့... ကျွန်မ ၇နှစ်သမီးလောက်က ရှမ်းပြည်မှာနေတုန်း နောက်ဆုံးမြင်ခဲ့ရတဲ့ တိုးနယားအကလို့ ခေါ်မလားမသိတဲ့ အကကို တွေ့လိုက်တယ်...။ ကင်မရာက အခန်းထဲမှာ ကျန်နေခဲ့လို့ ဖုန်းကင်မရာနဲ့ပဲ မှတ်တမ်းတင်ခဲ့ရတယ်...။

ကင်မရာဖုန်းနဲ့ဆိုတော့ နည်းနည်းဝါးနေတယ်... ဒါပေမဲ့ အမှတ်တရပေါ့...

ခရီးပန်းလာလို့ နှစ်ယောက်သားခေါင်းလျှော်ပြီး... အိပ်ပစ်လိုက်တယ်...။ မနက်ဖြန်ကျရင် အင်းထဲကို လျှောက်လည်မှာလေ... လှေတောင် ငှားထားပြီးပြီ... :P






P.S. ထုံးစံအတိုင်း ဒီပို့စ်လဲ ရှည်သွားပြန်ပါပြီ... ထပ်မံ သည်းခံ စိတ်ရှည်ပေးကြပါဦးနော်... :D

မိဘပြည်သူ အပေါင်းအား အနူးအညွှတ် တောင်းပန်ပါကြောင်း

သို့
ချစ်ရခင်ရပါသော အစ်ကိုကြီး အစ်မကြီး မောင်လေး ညီမလေးများနှင့် သူငယ်ချင်းများ

အကြောင်းအရာ။ ။ ၀တ္တရားပျက်ကွက်မှုကို ကြေအေးပေးပါရန် အနူးအညွှတ်တောင်းပန်ခြင်း.


ကျွန်မ မလိခသည် (ဟီး...)... မည်သူ တစ်စုံတစ်ဦးကိုမျှ အသိပေးကြေညာမောင်းခတ်.. တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြား ပြောကြားခြင်းမရှိပဲ.. မိမိ ( ဟိုလေ... မိမိဆိုတာ မိမိကို ပြောတာ မဟုတ်ဘူးနော်... မလိခကို ပြောတာ.. ဟဲ).. အဲ... မိမိ၏နေအိမ်မှ ရုတ်တရက်ပျောက်ဆုံးသွားမိပါသည်...။ ထို့အပြင် (ထို့ ရဲ့ အပြင်ဘက် လို့ ပြောတာ မဟုတ်ဘူးနော်... အဲဒါတွေ အပြင်....အဲ... ရှင်းတတ်တော့ဘူး...ဟိ).... လာရောက်လည်ပတ်သော ညီအစ်ကို မောင်နှမ သူငယ်ချင်းများကိုလည်း.. စီဘောက်စ်ထဲလောက်တောင် လာရောက် ဧည့်ခံခြင်းမရှိပဲ မျက်နှာလွှဲခဲပစ်လုပ်ထားမိပါသည်...။
ထိုထို အပြစ်ကြီးငယ် အသွယ်သွယ်တို့မှ ခွင့်လွှတ်ကြေအေးပါရန် ကျွန်မ မလိခမှ အနူးအညွှတ်တောင်းပန်အပ်ပါသည်....။

ပုံ
မလိခ (နိပ်ဟ... အဟီး) (တကယ်က မျက်နှာငယ်လေးနဲ့ပါ...မကျည်းရွက်လောက်ကလေးရယ်...)



ဟဲ.... အပေါ်က formally တောင်းပန်စာ....
ကိုကြီး မကြီး နဲ့ မောင်ရေး ညရေးတို့ရေ.... ခွင့်လွှတ်နော်... နော်.. နော်...
အဟဲ... တောင်းသာ တောင်းပန်ရတယ် အားကသိပ်မရှိဘူး... လုပ်ချင်တာလုပ်ပြီးမှ ဒီလိုတောင်းပန်ရုံနဲ့ ကျေအေးရမှာလားဆိုပြီး ပိုစိတ်ဆိုးကုန်မှာလဲကြောက်ပါတယ်..ဟဲ

တကယ်ကဒီလို.... ဟီးး
ကျွန်မ ဒီနှစ်စမှ ကျောင်းပြီးတာကို ပြောပြဖူးမယ်ထင်ပါတယ်... ။ မြန်မာနိုင်ငံက ဒီမှာ ပိုလီလာတက်သမျှက engineering ဒါမှ မဟုတ်ရင် IT ယူကြလေ့ရှိတာ အားလုံးသိမှာပါ...။ ကျွန်မလည်း သိပါတယ်..။ ဒါပေမဲ့ ကျွန်မက အားလုံးသိတဲ့အတိုင်း.. နည်းနည်း အရစ်ရှည်ပါတယ်..။ သူများနဲ့ မတူအောင်နည်းနည်းတော့ ကွန့်လိုက်ရမှ ကျေနပ်တယ်...။ အဲဒါနဲ့ပဲ... ကျွန်မကျောင်းမှာတောင် ကျွန်မရှေ့ စီနီယာရော ကျွန်မနောက် ဂျုနီယာရော... ကျွန်မနဲ့ တစ်နှစ်ထဲမှာပါ ဘယ်မြန်မာမှ မယူတဲ့ ဘိုင်အိုတက်ကနိုလောဂျီ ဆိုတာကြီးကို ဂုဏ်ယူစွာနဲ့ သုံးနှစ်တိတိ သင်ကြားခဲ့ပါတယ်( ဘာမှ တော့ မတတ်ခဲ့ပါဘူး...ဟဲ)...။

အဲ... ဇာတ်လမ်းက အဲဒီမှာ စပါတယ်...။ အလုပ်တွေရှားနေပါတယ် ဆိုတဲ့ အချိန်မှာ ကျောင်းပြီးပေမဲ့... အင်ဂျင်နီယားရင်းတို့ ဘာတို့ကို မြန်မာ အချင်းချင်းလက်တို့ ပြီးခေါ်လို့ အလုပ်အသီးသီး ရသွားကြတဲ့ အချိန်ထိ... မလိခတို့က ဖတ်သီဖတ်သီ နဲ့ စနေနေ့ သတင်းစာကို အားကိုးနေရတုန်း..။ တွေ့တဲ့ ကြော်ငြာကလဲ အင်ဂျင်နီယားရင်းနဲ့ အိုင်တီ...။ ကိုယ်နဲ့ပတ်သက်တဲ့ အလုပ်ကျတော့လဲ ရီကွိုင်းယားမန့်က ပီအိတ်ဂ်ျဒီကကို မဆင်းဘူး...။ အဲဒီတော့လဲ ပျော်ပျော်ကြီးစောင့်ပေါ့...ဟဲဟဲ...။ကိုယ်ကလဲ ဒီအလုပ်ပဲလုပ်ချင်တာကိုး... ဆေးလ်တို့ဘာတို့ကြတော့လဲ... အပြောချိုချို မျက်နှာချိုချို မလိခလို ရုပ်နဲ့ဆို ဘယ်လိုမှကို မဖြစ်...။ အလုပ်သာမရှိတယ်.. သူများဘလော့ဂ်လေးလည်လိုက် ကိုယ့်ဘလော့ဂ်မှာ ပေါက်တတ်ကရတွေရေးလိုက်နဲ့... ကျေနပ်နေတုန်း...။

တစ်နေ့ မနက်မိုးလင်း အိပ်ရာထတော့... အလိုလိုနေရင်း စိတ်က ဒေါင်းနေတယ်...။ ဘာမှ လဲ လုပ်ချင်စိတ်မရှိဘူး...။ အဲဒီကနေ စတာပါပဲ ပြောရရင်တော့....။ ပြီးတော့ မဆီမဆိုင်... ငါ ဘလော့ဂ်နဲ့ပဲ အချိန်ကုန်နေလို့ အလုပ်ကောင်းကောင်း မရှာဖြစ်တာလားမသိဘူး... အလုပ်ရမှ ဘလော့ဂ်ပြန်ကိုင်မယ်ကွာ...ဆိုပြီး... အစိမ်းဖြတ် ဖြတ်ပစ်လိုက်တာပါ....။

ဟဲဟဲ.. ခု ပြန်ရောက်လာပြီဆိုတော့... မလိခလေးများ သူရချင်တဲ့ အလုပ်ရသွားရှာပြီလားဆိုပြီး ၀မ်းသာပေးမဲ့ ညီအစ်ကို မောင်နှမတွေရှိရင် ကျေးဇူးပါ...။ မလိခကတော့ အလုပ်မရသေးပါဘူး....။ ဒါပေမဲ့ ... အပြောချိုချို မျက်နှာချိုချိုနဲ့ မလိခလေး ဘယ်တော့မှ မလုပ်ချင်ခဲ့တဲ့ အားကြီးမုန်းတဲ့ ဆေးလ်ဂဲလ်ဆိုတဲ့ အရောင်းသမ အလုပ်ကိုပဲ လုပ်ပြီး... ဘလော့ဂ်ဆက်ရေးပါဦးမယ်လို့..... ဟီးးး

်ခင်တဲ့
မလိခ

Tuesday, May 26, 2009

မောင်လေး

ခုတလော သူများဘလော့ဂ်တွေမှာ မပီကလာပီကလာအသံနဲ့ ကွန်မန့်တွေလိုက်ပေးနေမိတယ်...။ တကယ်က ကျွန်မ မောင်လေးကိုသတိရနေမိတာပါ...။

ကျွန်မ ဖေဖေရော မေမေရောက မွေးချင်းနည်းကြတယ်...။ ဖေဖေ့မှာက အစ်ကိုတစ်ယောက်... မေမေ့မှာက ညီမတစ်ယောက်... ဒါပဲရှိတာ..။ ဖေဖေနဲ့မေမေ မွေးထားတဲ့ သုံးယောက်မှာ မိန်းကလေးက ကျွန်မတစ်ယောက်တည်း..။ ဖေဖေ့အစ်ကို ကျွန်မဘကြီးမိန်းမ မွေးထားတာက တစ်ဦးတည်းသောသား...။ မေမေ့ညီမ ကျွန်မအဒေါ်ကျတော့လဲ ကျွန်မမိသားစုလို သားနှစ်ယောက် သမီးတစ်ယောက်...။ တ၀မ်းကွဲရယ်လို့အားလုံးပေါင်းရင်တောင် ဆယ်ယောက်မပြည့်ဘူး..။

တ၀မ်းကွဲတွေထဲမှာ အကြီးဆုံးကျွန်မနဲ့ အငယ်ဆုံးဖြစ်တဲ့ ဒေါ်လေးရဲ့သားငယ်လေးက ၁၆နှစ် ၁ရနှစ်လောက်ကွာတယ်..။ သူ့ကိုမွေးတုန်းက သူ့ကိုကြည့်ပြီး အသည်းတွေယားရတာ အရမ်းပဲ...။ နီတာရဲလေး..။ ပြီးတော့ ဖနောင့်ရိုးက ကျွန်မမြင်ဖူးခဲ့တဲ့ တခြားကလေးတွေထက်ပိုရှည်နေသလိုလို...။ သူ့ရဲ့ငယ်ထိပ်ရိုးလေးမမာသေးတော့ အသက်ရှုလိုက်တိုင်း ငယ်ထိပ်လေး လှုပ်သွားတာကိုကြည့်ပြီးလည်း ကျွန်မအသည်းယားခဲ့ရတယ်..။

ကျွန်မဒီလောကနိဒါန်းချီနေတဲ့ မောင်လေးရဲ့နာမည်က ဘုန်းမြင့်မြတ်တဲ့..။ အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားတော့ နည်းနည်းဆိုးချင်တယ်...။ သူက နားလည်စအရွယ်ကတည်းက သူ့ကို မချစ်ဘူးလို့များပြောလိုက်ရင် အတင်းလူပေါ်ကို ကုပ်ကပ်တက်ပြီး... လည်ပင်းကို အတင်းဖက်ပြီး `တားတားကိုချစ်.. တားတားကိုချစ်´ဆိုပြီး ပြောတတ်တယ်...။ သူဖက်တယ်ဆိုတာက လည်ပင်းညှစ်သလောက်ကို နာတယ်...။ စကားတတ်သလောက် စကားမပီတော့... သူပြောသမျှ ကျွန်မတို့မှာရယ်စရာချည်းပဲ...။

သားသားနာမည်ဘယ်လိုခေါ်လဲ လို့မေးရင်...ဘုန်းညင့်ညက်တဲ့...။ သူ့အမေက သူမလုပ်ချင်တာ တစ်ခုခုများလုပ်ခိုင်းပြီဆိုရင် ဘာပြောတယ်မှတ်လဲ သူ့အမေကို....။ `မေမေကြီးကလဲ ဂျွတ်´...တဲ့။ ဘာများပြောတာပါလိမ့်..ပေါ့..။ လူရွှင်တော်တွေ ပြက်သလို... သူပြောချင်တာက `မေမေကြီးကလဲ ဇွတ်´...ပါ။ သားသားရေလို့...သူ့ကိုခေါ်ရင်တော့ ပြန်ထူးတာက `ဂျာ´တဲ့...။

သူလူလည်ကျတာတွေလဲ ရှိသေးတယ်...။ သူ့ကိုမူကြိုစထားတော့.. သူ့ထက်လပိုင်းကြီးတဲ့ ကျွန်မတို့ရဲ့ နှစ်ဝမ်းကွဲညီမလေးနဲ့ အတူတူထားတယ်...။ ကျွန်မဒေါ်လေးက သူ့ကိုမုန့်ထည့်ပေးရင် သူ့အတွက်အပြင် အဲဒီညီမလေး အတွက်ပါ.. ထည့်ပေးတယ်... ပြီးရင် `သားရေ.. ဒါ မမဂျူဂျူး အတွက်နော်... မမဂျူဂျူးကိုလည်းမုန့်ကျွေးလိုက်´လို့မှာတယ် ...။ အဲဒီလိုမုန့်တွေထည့်ပေးပြီး တော်တော်ကြာမှ သိရတာက... သူကကျောင်းရောက်ရင်.. ဂျူဂျူးလေး အတွက်မုန့်ကိုတော့ `ဒါ မမဂျူဂျူး အတွက်´ ဆိုပြီးတော့ ပေးတယ်တဲ့... ပြီးရင်တော့... သူ့မုန့်ကုန်တာနဲ့ `သားသားက အငယ်.. မမဂျူဂျူးကအကြီးဆိုတော့ ဒီမုန့်တွေကို သားသားပဲစားလိုက်တော့မယ်နော်´... ဆိုပြီး... ဂျူဂျူးလေး အတွက်မုန့်ကို သူပဲစားပစ်တယ်တဲ့...။ လုစားတာမဟုတ်တော့ စိတ်ဆိုးရခက် ရယ်ရခက်နဲ့...။

နောက် မူကြိုမှာ သူ မိဘအခေါ်ခံရသေးတယ်...။ သူများထိုင်မဲ့ ခုံကို နောက်က သွားဆွဲလိုက်တာ ဟိုကလေးခေါင်းပေါက်သွားလို့...။ ဟိုဖက်မိဘကလဲ ခပ်သည်းသည်း... ကျွန်မမောင်လေးကလဲ ခပ်ကဲကဲဆိုတော့ သူ့မိဘတွေ တော်တော်တောင်းပန်ယူလိုက်ရတယ်...။ သူ့အမေကလဲ အရိုက်ကခပ်ကြမ်းကြမ်းဆိုတော့ အိမ်ရောက်တော့ သူအဖျင်ခံရတယ်...။ သူအရိုက်ခံရရင်သာ ရိုက်တဲ့သူ့အမေရော ဘေးကကျွန်မတို့ပါ စိတ်မကောင်းဖြစ်ကြရတာ...သူကတော့ အေးဆေး...။

တစ်ခေါက်က... သူ့မေမေ သူ့ကို ကျောင်းသွားကြိုတော့ ဆရာမက တိုင်ပြောလေး ပြောတယ်...။ သူကော်ဖီကို စားပွဲပေါ်တင်ထားပြီး အပြင်ခဏသွားလိုက်မိလို့ကတော့ ဘုန်းမြင့်မြတ်စာမိတာပဲတဲ့...။ ပြန်လာလို့ ဘယ်သူသောက်တာလဲလို့ မေးရင် သားသားသောက်တာဆိုပြီး ရုပ်က ပြုံးစိစိနဲ့တဲ့...။ အဲဒီနေ့ကလဲ လက်ဖ၀ါးကို ခပ်ဆတ်ဆတ်လေးဖျင်တာခံလိုက်ရတယ်...။

မျက်လုံးရွဲကြီးနဲ့ ချစ်မွှေးပါတဲ့ သူ့ကို သူဘာလုပ်လုပ် ချစ်နေကြတော့... တခါတခါသူ့အမေရိုက်တာကို သူကြောက်ရတာလေးလဲရှိဦးမှ ဆိုပြီး..မတားမိကြဘူး...။ သူကိုယ်တိုင်ကလဲ သူ့ကိုလူတွေချစ်မှန်းသိပုံပဲ...။ တခါက သူ့မူကြိုမှာ... သူက သူ့ထက်နည်းနည်းကြီးတဲ့ကလေးတွေဆီပဲ သွားသွားနေလို့ ဆရာမက အတန်းပြောင်းမယ်လို့လဲပြောလိုက်ရော... ချက်ချင်း သူ့ပစ္စည်းတွေကောက်သိမ်း.... မျက်ရည်ဝဲ၀ဲ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ မူကြိုကျောင်းအောက်ကို သူ့ဘာသာဆင်းပြီး အိမ်ပြန်မယ်လုပ်လို့ ဆရာမတွေက အတင်းချော့မော့ယူလိုက်ရတယ်...။ ဒါတောင် သူက နည်းနည်းမူချင်ချင်ရုပ်နဲ့တဲ့...။

နောက်တစ်ခုက ကျွန်မဒီရောက်ပြီးမှ ကြားရတဲ့သတင်း...။ သူ့မေမေက ကလေးတွေနဲ့ ပတ်သက်ရင် လောဘကခပ်ကြီးကြီးဆိုတော့... သူတို့ အငယ်နှစ်ယောက်ကို အိမ်မှာ ကျူရှင်ဆရာမခေါ်သင်တယ်...။ ဆရာမဆိုပေမဲ့ ကျွန်မနဲ့ မတိမ်းမယိမ်းဆိုတော့ အဒေါ်က သူ့ကို `သမီး´လို့ခေါ်တယ်...။ တစ်နေ့တော့ အဒေါ်က ကိစ္စရှိလို့ ပဲခူးကိုသွားရတယ်...။ အိမ်မှာ ကလေးနှစ်ယောက်နဲ့ အိမ်ဖော်ကောင်မလေးပဲကျန်ခဲ့တယ်..။ ကောင်မလေးက ဘာမှ သိတာမဟုတ်ဘူး...။ ညနေသူ့အမေပြန်ရောက်လာတော့ ဆရာမက ပြုံးစိစိနဲ့ သူ့အမေကို ပြတယ်... ။ ဆရာမ မလာခင်ရေးထားတဲ့စာတဲ့..။ဝှိုက်ဘုတ်ပေါ် ရေးထားတာက ` သမီး... အန်တီဒီနေ့ သွားစရာရှိလို့ ကလေးတွေကို စာမသင်ပါနဲ့တော့...။ မုန့်ကျွေးပြီး အိပ်ခိုင်းထားလိုက်ပါ´ ဆိုပြီး အောက်မှာ အဒေါ့်နာမည် အကျအနနဲ့...။ ခက်တာက ပဲတီပင်ပေါက်ဖြစ်နေတဲ့ ဘုန်းမြင့်မြတ်ရဲ့လက်ရေး...။ သူ့အထက်က အစ်မက သူဘာမှ မသိဘူးတဲ့....။ ဟိုကောင်ကတော့ ထုံးစံအတိုင်း ပြုံးစိစိနဲ့...။

ညနေ ကျောင်းက ပြန်ရောက်ရင် အင်္ကျီမလဲသေးပဲ.. `မမကြီးရေ´ ဆိုပြီး ကျွန်မဆီရောက်ရောက်လာတတ်တယ်...။ မြန်မာနိုင်ငံ ပြန်တိုင်း အမေကို တအားခင်တဲ့သူက ကျွန်မရန်ကုန်မှာ အိပ်တဲ့ညတိုင်း ကျွန်မနဲ့လာအိပ်တယ် ... မအိပ်ရရင် ဂျီကျတယ်... အိပ်မက်ထဲထိတောင်ယောင်တယ်တဲ့..`မမကြီးဆီ သွားမယ်´ လို့....။

သူဆိုးတာ ရှိသေးတယ်...။ သူ့အဖေဆိုးတယ်လို့ပဲ ပြောရမလားမသိဘူး...။ သူ့ကို ဘီယာတိုက်တဲ့ ကိစ္စ။ အဲဒီကလေး က ဘီယာတစ်ခွက်ဆို တဂွက်ဂွက်နဲ့ တဆက်တည်းသောက်နိုင်တယ်...။ သူ့အဖေညီအစ်ကိုတွေ သွားသောက်ပြီဆို သူပါလိုက်တယ်...။ သူ့အမေကတော့ဆူတယ်... ။ သူ့အဖေကိုယ်တိုင်ကသောက်တော့ အဒေါ်က လဲပြောရခက်နေပုံ...။ ကျွန်မကတော့ မကြိုက်ဘူး... ဘာလဲကလေးကို။ ... ကြီးမှ သူ့ဆုံးဖြတ်ချက်နဲ့သူမိုက်တာကို ကျွန်မမပြောလိုဘူး...။ ကျွန်မလဲ အရက်သောက်ခဲ့ဖူးတာပဲ..။ ဘာမှ မဆုံးဖြတ်နိုင်သေးတဲ့အရွယ် ဘီယာသောက်တာကောင်းတယ်လို့ထင်အောင်တော့ မလုပ်စေချင်ဘူး...။

ကျွန်မပြန်တုန်းကတော့ ကျွန်မနားပဲကပ်နေတဲ့ သူ့ကို မူးယစ်စေတဲ့ အရက် သေစာသောက်ရင် မစင်ပုပ်ငရဲမှာ နှစ်ရာချီပြီး ငရဲကျတတ်ကြောင်းကို သူ့မျက်လုံးထဲမြင်အောင် ပြောပြတယ်...။ ထင်တဲ့အတိုင်းပဲ ပါပါကြီးတို့ကရော ဘာလို့သောက်တာလဲတဲ့.. ပြန်မေးတယ်..။ သားပါပါကြီးက အဲဒီလောက်ငရဲကြီးတတ်မှန်း မသိလို့နေမှာပေါ့လို့.. ပြန်ဖြေလိုက်ရတယ်...။ ၈နှစ် ၉နှစ်အရွယ် ကလေးအတွက် မှန်ကန်လုံလောက်တဲ့ အဖြေမှ ဖြစ်ရဲ့လားလို့တော့ ကျွန်မသံသယဖြစ်မိတယ်...။ သူ့မိဘကို အမြင်မမှားစေချင်သလို ဘီယာသောက်တာကိုလဲ မကောင်းတာလုပ်တာ မဟုတ်ဘူးလို့ မထင်သွားစေချင်ဘူးလေ...။ အသက်ကြီးလာတော့မှ မကောင်းမှန်းသိသိကြီးနဲ့ ဆက်လုပ်တာကတော့ သူ့သမိုင်းသူရေးမဲ့ကိစ္စ..။

ဟိုတစ်လောက အဒေါ်နဲ့ ဖုန်းပြောဖြစ်တော့ သူ့ဘကြီးတွေနဲ့ အပြင်သွားတာ သူဘီယာမသောက်တော့ သူ့ဘကြီးက အံ့သြနေတယ်တဲ့... အိမ်ရောက်တော့မှ သူ့မေမေကို ဘီယာသောက်ရင် ဘယ်လိုငရဲကြီးတတ်ကြောင်းကို ကျွန်မပြောတဲ့ အတိုင်းပြန်ပြောပြတယ်တဲ့...။ သူ ငရဲကြီးမှာကြောက်လို့ မမကြီးစကားပဲနားထောင်တော့မယ်တဲ့...။ အဲဒါကိုပြန်ကြားရတော့ ကျွန်မ၀မ်းသာမိတာ မျက်ရည်တောင်ဝဲတယ်...။

ခု ကျွန်မသူ့ကို သတိရနေတယ်....။

Friday, May 22, 2009

အမှတ်တရ nick

ကိုယ့်cbox မှာကိုယ် ပျင်းတယ်လို့အော်တတ်လို့ထင်တယ်.. နေခြည်က ပျင်းနေမှာစိုးလို့ဆိုပြီး လာတဂ်သွားတယ်..။ ဘလော့ဂ်စရေးကတည်းက ခုထိ ပထမဆုံးတဂ်ခံရတာပါ..။ အရင်ကတော့ သူများဘလော့တွေမှာ အချင်းချင်းတဂ်ကြတာကို လိုက်ဖတ် သဘောတွေကျ.. ကွန်မန့်တွေပေးနဲ့ ... ခုတော့လာပါပြီ... မလိခတို့ အလှည့်။

စစချင်း `အမှတ်တရ nick´ လို့ရေးပြီးတာနဲ့ ငယ်ငယ်ကချစ်ခဲ့ရတဲ့ ငယ်ချစ်လေး nick carter ကိုပြေးသတိရမိသေးတယ်... နောက်ဖေးလမ်းကြားကကောင်လေးတွေ မို့ ချစ်လျက်နဲ့ လမ်းခွဲခဲ့ကြတာပေါ့.... ခုတော့ သူ့ရုပ်က ရွဲသလိုလိုမို့... ကိုယ်ထားခဲ့မိလို့များ ဒီလိုဖြစ်သွားသလားလို့ စိတ်မကောင်းဖြစ်မိသေးတယ်... (ဟီဟိ... ပါးစပ်အရသာရှိလိုက်တာ)... ကဲလေ အတိတ်တွေ အတိတ်မှာပဲရှိစေတော့..... နာမည်လေးအကြောင်းပဲ စတော့မယ်.... :D

မလိခ.... မလိခ..... မလိခ... အဲဒီမလိခ ဘယ်လိုဖြစ်လာတာလဲဆိုတော့.. ဒီလို...။ ကျွန်မ ဘလော့ဂ်စရေးဖို့ စိတ်ကူးမိတော့.. နာမည်စစဉ်းစားမိတယ်...။ ဘာနာမည်ပေးရင်ကောင်းမလဲပေါ့...။ ကျွန်မနာမည်ရင်းက ရိုးတယ်ရှင့်.. နာမည်တူအများကြီးရှိတဲ့နာမည်မျိုး...။ တနင်္ဂနွေသမီးမို့ တနင်္ဂနွေနံကို သောကြာနံလိုက်တဲ့နာမည်။ ဆယ်တန်းတုန်းက ဘိုင်အိုကျူရှင်မှာ တစ်ယောက်တည်း လက်မလည်အောင် စကားများနေတုန်း ဆရာမက ဘာနေ့သမီးလဲတဲ့... နဂိုရုပ်စပ်ဖြီးဖြီးနဲ့ တနင်္ဂနွေသမီးပါချယ်... လို့ပြန်ဖြေလိုက်တယ်..။ အဲဒီတနင်္ဂနွေကို သောကြာနံနဲ့တွဲလိုက်လို့ ညည်းဒီလောက် စကားများနေတာတဲ့...။ ဘာမှလဲမဆိုင်ဘူးလို့တော့ ထင်မိတယ်..။ ဒါပေမဲ့.. စာသင်ချိန် စကားများမိတာ ကိုယ့်အမှားဆိုတော့လဲ အောင့်သက်သက်နဲ့ ...။ သြော်... လိုရင်းမရောက်ပြန်ဘူးရေးရင်းနဲ့... အဟဲ...။ ဆိုလိုချင်တာကတော့ နာမည်ရင်းက ဘလော့ဂ်အတွက် သုံးလို့သိပ်မကောင်းဘူးပေါ့...။

နဂိုကတည်းက နာမည်လှလှဆို ကြိုက်တော့ လျှောက်စဉ်းစားတာပေါ့...။ လှုပ်လှုပ်လဲ့လဲ့ သော်မော်အရည်ပျော်တို့ (ကိုကိုသွပ်ကာတွန်းထဲမှာ ဖတ်ဖူးသလိုလို).. တောင်လေတိုက်လို့ မြောက်ဘက်ယိုင် ဒေ၀ီဒူးပျော့ခွေတို့ .....အဲဒီလိုနာမည်ကအစ... ရွှေကနုတ်တို့.. မေတရုတ်တို့... ခြေသုတ်တို့... စုံနေတာပါပဲ...။ ကိုယ်က မိန်းကလေးရယ်လို့လဲ နုနုနွဲ့နွဲ့ရှိတာမဟုတ်တော့.. သိပ်မိန်းမဆန်ပြီးနုနွဲ့တဲ့ နာမည်ကျတော့.. ကိုယ်ပဲမဟုတ်သလိုလို... ကိုယ်နဲ့ တစ်သားတည်းမဖြစ်သလိုလို...။

နောက်ဆုံးအရင်းစစ်တော့ မွေးဌာနီဆီရောက်သွားတယ်...။ အဲဒီမှာရေခဲတောင်တွေရှိတယ်... မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီကိုမွေးတယ်...။ ဒါဆိုဧရာဝတီလို့ပေးရင်ကောင်းမလား... စဉ်းစားသေးတယ်..။ ဒါပေမဲ့ ကျွန်မမှာ ဧရာလို့ခေါ်တဲ့သူငယ်ချင်းမလေးရှိနေတယ်...။ သူ့နာမည်ခေါ်တိုင်း နဖူးပြောင်ပြောင်နဲ့ လူရွှင်တော်ကြီးပဲ ပြေးမြင်နေတတ်လို့ ..... အင်း မဖြစ်ချေဘူးကွယ်ဆိုပြီး ပယ်တယ်...။ ဒါဆို သူ့မာမီနဲ့ ဒက်ဒီဆိုရင်ရောလို့တွေးမိတယ်...။ အဲဒီဖက်မှာ မေခနဲ့ မလိခကို မြစ်ဖို မြစ်မရယ်လို့တင်စားကြတယ်..။ ရေစီးပိုသန်တာ မြစ်ဖို... သိပ်မသန်တာမြစ်မပေါ့..။ သို့ဆိုသော်ငြားလည်း... ဗဟုသုတ ပြည့်စုံတဲ့ကျွန်မက ဘယ်ဟာက မြစ်မ... ဘယ်ဟာကမြစ်ဖိုမှန်းမသိပါဘူး..။ အဲဒီတော့ ထုံးစံအတိုင်း ရမ်းသမ်းပြီး... အဲလေ... ပညာရှိပီပီ`မေ´ပါတဲ့ မေခက မြစ်မဖြစ်လိမ့်မယ် လို့ တွေးကြည့်လိုက်ပါတယ်...။ ပြီးတော့ ငယ်ကစွဲတဲ့ အကျင့်လေးတစ်ခုက လူကြိုက်များတာဆိုရင် ကောင်းမှန်းသိရင်တောင် အရွဲ့တိုက်ပြီး မကြိုက်ပဲနေတယ်...။ အဲဒါနဲ့ပဲ မိန်းကလေးဆို `မေခ´ပဲဖြစ်ကြတာများလို့ ကွန့်ပြီး.. `မလိခ´လိုက်တယ်။ ကိုယ်က ဧရာဝတီရဲ့ ဒက်ဒီပေါ့... လူမင်းတော့မဟုတ်ဘူး... မလိခ..ဟဲဟဲ

လိပ်စာကတော့.. မလိခကြီးပဲဆို available မဖြစ်လို့.. နံပါတ်တွေလည်း မတပ်ချင်တာနဲ့ ချစ်သူထည့်လိုက်တယ်...။ `မလိခချစ်သူ´ ဖြစ်သွားရော...။ `မလိခရဲ့ ချစ်သူ´က `မေခ´လို့ ယူဆရင်လည်း တစ်မျိုးရတာပဲလေ နော့..။ ရှင်းရင်းနဲ့ ရှုပ်ကုန်သလိုပဲနော်.. ဟဲဟဲ..။


ကဲ ဒီလောက်ဆို နှမနေခြည် ကျေနပ်တော်မူမည်ဟု မောင်တော် ရွှေစိတ်တော်ချလိုက်ပြီကွယ်...နော်... :D (ချ တာနော် ချိတ်ချိုးနဲ့.....)

သတိတရနဲ့ တဂ်တဲ့ နေခြည့်ကိုလည်း ကျေးဇူးတင်ပါတယ်...။ ကျွန်မလဲ မျောက်လက်ထဲအုန်းသီးရသလို... ကျွန်မဆီရောက်လာတာလေးကို လက်ဆင့်ကမ်းတဂ်ချင်ပါသေးတယ်... ;)...

မအပြုံးပန်း
မမိုးကောင်းသူ
ကိုလူထွေး
ကိုသီဟသစ်
ကိုzt
အမတွေ အကိုတွေကို မအားတဲ့ကြားတဲ့က ဒုက္ခပေးသလိုဖြစ်နေရင်လည်း.... နေရင်လည်း.... နေရင်လည်း.... ဟဲဟဲ.. အက်ကိုးတွေများသွားပြီ... ညီမငေးကို ခင်ရင်ရေးပေးကြပါနော်....နော်... နော်.... နော်(မျက်နှာချို သွေးသံ)


ခင်တဲ့
မလိခ

Thursday, May 21, 2009

ရောဂါ

ဘလော့ဂ်တွေလျှောက်ဖတ်ရင်း Mozilla မှာဖွင့်ထားတဲ့ အရှေ့ဆုံးက Tabလေးကို လှမ်းကြည့်မိတယ် ကျောင်းစာနဲ့ ပတ်သက်တာ.. အော် ငါစာဖတ်ရဦးမှာပါလား....

ဖတ်လက်စ ဘလော့ဂ်လေးပြီးအောင် ဆက်ဖတ်ပြန်သည်....

ဘလော့ဂ်တွေဖတ်တာများလို့ ခေါင်းလေး နည်းနည်းအုံလာတာနဲ့ လှဲပြီးဖတ်နေရင်းက ထထိုင်လိုက်တော့ အိပ်ခန်းကြမ်းပြင်မှာ ဖုန်တချို့... အော် ငါ တံမြက်စည်းလှည်းရဦးမှာပဲ... ဒါလေးဖတ်ပြီးရင်တော့လှဲမှပါ...

ဒီဘလော့ဂ်ရဲ့ link ကနေ နောက်စိတ်ဝင်စားစရာ ဘလော့လေးဆီရောက်သွားပြန်သည်....

ဘလော့တစ်ခုကနေ တစ်ခုအကူး screen ညာဖက်အောက်ထောင့်က နာရီလေးကြည့်မိတော့ အာလားလား ငါ ဘလော့ဂ်လည်နေတာ လေးနာရီနီးပါးလောက်ရှိနေပြီပဲ(ရေ သွားသောက်တာ.. ဟိုဟိုဒီဒီ ခဏလျှောက်တာ နုတ်ရင်)... မဖြစ်သေးပါဘူး ဒီအကျင့်ကို ပြင်မှ...

လည်လည်သွားတတ်တဲ့နေရာတွေ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ 5minutes ago ဆိုတာလေးတွေ့တော့ စိတ်ဝင်တစားသွားမိပြန်သည်...

သူများ ဘလော့ဂ်တွေဖတ်နေရင်း.... ငါလည်းမရေးဖြစ်တာကြာပေါ့ ဘာရေးရင် ကောင်းမလဲ စဉ်းစားရင်း...
ထုံးစံအတိုင်း ခရီးအကြောင်းတွေတွေး စိတ်ကူးထဲမှာ ပြန်ခံစား... အင်း ခရီး အကြောင်းပဲရေးတာကောင်းပါတယ်..

posting အောက်က create ဆိုတာလေးကို နှိပ်ပြီး... စိတ်ကူးထဲမှာ ခရီးကို နောက်တစ်ကျော့သွားပစ်လိုက်သည်...

အနံ့တစ်ခုနှာခေါင်းထဲဝင်လာတော့... ပြုံးလိုက်မိသည်... အင်း တစ်အိမ်အိမ်ကတော့ ဘာတွေတူးနေလဲမသိဘူး
လက်ကအရေး မပျက် ခရီးစဉ်ထဲပြန်မျောသွားသည်....

ဓာတ်ပုံတွေပြန်ကြည့်ရင်း ဘယ်ပုံတင်ရင်ကောင်းမလဲ လို့တွေးနေတုန်း တူးနံ့ကို အလိုလို analyze လုပ်မိတော့ အနံ့ကတော့ မြန်မာဟင်းနံ့ပဲ ဒီတိုက်က မြန်မာအိမ် တစ်အိမ်မှာ တူးနေပြီထင်တယ်

ဓာတ်ပုံတွေကို ခေါင်းစဉ်တွေတပ်... နေရာပြန်စီနဲ့ ရေးပြီးသားပို့စ်လေးကို preview ပြန်ကြည့်တော့... အင်း မဆိုးတော့ မဆိုးပါဘူး... ဒါပေမဲ့ တော်တော်ရှည်သွားသလိုပဲ... စာတွေလဲ တအားများနေတယ်... ဒီလောက်စာများရင် ငါ့လို အရေးအသားနဲ့ သူများဆိုရင် ဖတ်ချင်ပါ့မလား.... .။

စာချောအောင် ဟိုနားပြင် ဒီနားဖြုတ်... ကိုယ်ရေးထားတာတော့ ကိုယ့်သဘောကျဆိုတော့ အများကြီးကျတော့လဲ မဖြုတ်ချင်... ကဲ မထူးပါဘူးလေ ရေးပြီးမှတော့ ဒီတိုင်းလေးပဲ ထားလိုက်ပါတော့မယ်..

Publish Post ဆိုတာလေးကို အောင်မြင်စွာနှိပ်ပြီး view blog ဆိုတာလေးကို click လိုက်ပြီးချိန် စိတ်ကပေါ့သွားသည်..။ ဟင် တူးနံ့က မပျောက်သေးပါလား........ သေဟဲ့ မလခိ!!!!!!!...

အဲဒီနောက်မှာတော့ မလိခလေးဟာ မီးဖိုထဲကို အလျင်အမြန်ပြေး.. အဖုံးအုပ်ထားလို့ တချဲချဲ (တရှဲရှဲမဟုတ်ပါ... တရှဲရှဲဆိုသည်မှာ ရေရှိမှ မြည်နိုင်သောအသံဟု ယူဆသောကြောင့်..) မြည်နေသော.. အစက ကင်ပွန်းချဉ်ဟင်းရည်ချက်ထားသဖြင့် ကင်ပွန်းချဉ်အိုးဟု ခေါ်ဆိုနိုင်သော အိုးကလေးကို ဘေစင်ထဲ အလျင်အမြန် ချ... ကြောက်အားလန့်အားနဲ့ အဖုံးဖွင့်ပြီး ရေလောင်းချလိုက်တဲ့ အချိန်မှာတော့... `ဟုတ်´ဆိုနဲ့ အသံအတူ လွင့်တက်လာတဲ့ မီးခိုးလုံးမဲမဲကြီး... `ကျစ်´ဆိုတဲ့နောက်တစ်သံနဲ့ အတူ အိုးအဖုံးလေးက မှန်တွေက ဘေစင်ထဲမှာ တစ်စစီ...။ မှန်တွေကို ဂရုမစိုက်နိုင်သေးပဲ... ပြတင်းပေါက်ကနေ အလုံးအရင်းနဲ့ တိုးထွက်သွားတဲ့ မီးခိုးလုံးနောက် အမီလိုက်ပြီး... ပြတင်းပေါက်နားမှာ ၃မိနစ်လောက် လူမြင်အောင် လူလုံးထွက်ပြ...။ ဘာမှ မဖြစ်ဘူး အေးဆေးဆိုတဲ့ အထာပေါ့...။ မတော်လို့ မီးခိုးလုံးကြီးထွက်လာတာမြင်တဲ့လူက မီးလောင်တယ်ထင်ပြီး တိုင်တောနေမှဖြင့်...။ နောက်မှ မလိခတို့ဥာဏ်ကျယ်ပြီး ခြစ်ခြစ်တောက်ပူနေတဲ့ ဖန်အဖုံးကို ရေနဲ့ လွတ်ရာမှာ မထားမိလို့ ကွဲသွားတဲ့ မှန်ကွဲစတွေကိုသိမ်းရတယ်။ အထဲက non stick သားတွေကွာ ကင်ပွန်းချဉ်ရွက်တွေ တူးပြီး ချိုးကပ်နေတဲ့ အိုးကလဲ မယ်လမင်းမီးလောင်တဲ့ အနံ့မျိုးထွက်နေသေး...။ သူလဲနောက်ဆုံးတော့ အမှိုက်ပုံးထဲရောက်သွားတာပါပဲ...။

ညနေ အိမ်မှာလူဆုံတော့ မီးဖိုခန်းကို ဖြတ်သွားတဲ့လူတိုင်း... နှာခေါင်းလေး တရှုံ့ရှုံ့နဲ့... ဒီနားမှာတူးနံ့ ရသလိုလိုပဲနော် ဘာညာနဲ့ အချင်းချင်းလက်တို့ မဲဆန္ဒယူနဲ့ .... ရှုပ်နေကြတယ်။ မလိခတို့ကတော့ အေးဆေးပဲ.... ကိုယ်မဟုတ်သလို အိပ်ရာပေါ်မှာလှဲရင်း ဘလော့ဂ် အဖတ်မပြတ်ဘူး...။

ဟန်ကိုယ့်ဖို့လေ သိတယ်မလား... ကျွန်မမှာ ဘလော့ရောဂါစွဲနေတာ သူတို့သိလို့မဖြစ်ဘူးလေ...။ ရှော့ခ်ရှိတယ်...။ ;)

Wednesday, May 13, 2009

အမျိုးမျိုး အစုံစုံ

့ပုံတွေက ဘာမှမဆိုင်ပေမဲ့ ကြိုက်လို့ google ကရှာထားတာပါ...

ကျွန်မတို့ နိုင်ငံက ကျယ်ပြီး လူမျိုးတော်တော်များများရှိတော့ တစ်နေရာနဲ့ တစ်နေရာ စကားအသုံးအနှုန်းတွေ လေယူလေသိမ်းတွေက ကွဲပြားကြတယ်...။ အဲဒီတော့ ကိုယ်နေနေကျနေရာ မဟုတ်တဲ့ နေရာတစ်ခုကိုရောက်တိုင်း စိတ်ဝင်စားစရာ ချစ်စရာ အသုံးအနှုန်းလေးတွေ တွေ့ရစမြဲပဲ...။ ဥပမာ.. ကျွန်မ ပုဂံကိုသွားလည်တုန်းက ကြားခဲ့ရတာပါ... သူတို့ပြောလေ့ရှိတာက `မနက်ကြီးတိုင်မှ လာခဲ့မယ်´... တဲ့ ။ စချင်နောက်ချင်တဲ့ ကျွန်မက `အမက မနက်ကလေးမှာ ဘာသွားလုပ်နေမှာတုန်း´ လို့ပြောတော့.. ပါးကွက်ကျားလေးတွေကြားက အပြုံးချိုချိုလေးတွေ ရလိုက်တယ်....။

ကျွန်မ အူအတက်ရောင်လို့ ဆေးရုံတက်ခွဲရတုန်းက ညစောင့်ဆရာမလေးကျတော့ တစ်မျိုး...။ သူက ကရင်မလေး ဖြူဖြူချောချော ချစ်စရာလေးပါ...။ အဲဒီညက သူက ကျွန်မကို သူကြည့်ဖူးတဲ့ မြန်မာရုပ်ရှင်ကားတစ်ကားအကြောင်း ပြောပြနေတာ...။ ဇာတ်လမ်းက ဒရမ်မာ..။ ကျွန်မကလဲ ဗိုက်ကချုပ်ရိုးလေး တမမနဲ့ နားထောင်နေတယ်..။ ဇာတ်သိမ်းပိုင်းရောက်တော့.. သူက ` နောက်ဆုံးကျတော့ မင်းသမီးက ရောဂါနဲ့ပဲ တဖြည်းဖြည်း သေးသွားရော´ .... တဲ့...။ တစ်ခုခုဆို ပုံဖော်ပြီးကြည့်တတ်တဲ့ ကျွန်မ... မအောင့်နိုင်ပဲ ခွက်ထိုးခွက်လန်ရယ်လိုက်မိတာ... ချုပ်ရိုးကွဲထွက်သွားမလားတောင်အောက်မေ့ရတယ်...။ အဆွေးဇာတ်လမ်းကို မုဒ်အပြည့်နဲ့ ပြောနေတဲ့သူလဲ ကျွန်မကို မျက်လုံးလေးပြူးပြီး တအံ့တသြ.ကြည့်..။ ကျွန်မကလဲ ရောဂါရပြီး သေသွားတဲ့ မင်းသမီးကို မြင်ရမဲ့အစား... ခန္ဒာကိုယ်လေး ကျုံ့ကျုံ့ပြီး သေးသွားတဲ့ မင်းသမီးကိုပဲ မြင်ယောင်ပြီး ရယ်ချင်စိတ်ကထိန်းမရ...။ အဲဒီဆရာမလေးရဲ့ လေယူလေသိမ်းကျတော့ အဲသလို..။

ကျွန်မသူငယ်ချင်းတစ်ယောက် ပြောပြဖူးတာလေးပါ..။ အဲဒီဖက်ကို ကျွန်မမရောက်ဖူးတော့ သေချာမသိဘူး...။ သူငယ်ချင်းရဲ့ မေမေဇာတိက မုဒုံနားက ရွာလေးတစ်ရွာမှာတဲ့..။ နွေကျောင်းပိတ်ရက်တစ်ခုမှာ သူတို့မိသားစု အဲဒီရွာကို အလည်သွားကြတယ်..။ ရွာထဲက အဖော်အပေါင်း အမျိုးအဆွေတွေနဲ့ ဆော့လို့ဝလို့ ဗိုက်ဆာဆာနဲ့ ကြီးတော်လက်ရာကို အားရပါးရလွေးနေတုန်း.. သူ့အဘွားရောက်လာပြီး ဘေးကနေထိုင်ပြောလိုက်တဲ့ စကားကြောင့် သူထမင်းနင်ခဲ့ရပါသတဲ့...။ သူ့အဘွားပြောတာက... `အော်.. ငါ့မြေးလေး ငတ်နေရှာတယ်...မျိုမျို...´ တဲ့..။ တကယ်ပြောချင်တာက `ဆာနေရှာတယ် စားစား´ ပါ..။ အဲဒီနောက်ပိုင်းတော့ ကျွန်မတို့သူငယ်ချင်းတွေ ဆုံလို့ တစ်ယောက်ယောက်ကတစ်ခုခုစားနေပြီဆို... သူ့ဘေးမှာထိုင် ကျောလေးကို သပ်ရင်း `အော်..ငါ့သူငယ်ချင်းလေး ငတ်နေရှာတယ်... မျိုမျို.. စားပိုးနင့်အောင်မျို´.လို့ ပြောလေ့ရှိသွားတယ်....။

နောက် ကျွန်မမေမေတို့ ကချင်ပြည်နယ်ဖက်မှာ ကြားရလေ့ရှိတာက `ရော်!!´ ဆိုတဲ့ အသုံးအနှုန်းပါ...။ တစ်ခုခုဆို စကားရှေ့မှာ အဲဒီ `ရော်´ လေးခံပြီး ပြောလေ့ရှိကြတယ်...။ ဘာမှန်းညာမှန်းမသိပေမဲ့ ကျွန်မလဲ တခါတခါ `ရော်´မိလို့ သူငယ်ချင်းတွေက `အလျော်အစားတွေ ၀ါသနာမပါဘူး´ လို့ နောက်တာခံရတတ်တယ်...။ အဲဒီဖက်မှာ ခြေအိတ်ကို မှော်ဇာလို့လဲခေါ်ပါသေးတယ်....။ ငယ်ငယ်က အဘွားဆီသွားလည်တော့.. ညဖက်ချမ်းလာတဲ့ အချိန် အဘွားက မေမေ့ကို `သမီး... ကလေးကို မော်ဇာလေးစွပ်ထားပေးလိုက်´ လို့ပြောတယ်...။ အဲဒီမှာ ကျွန်မတွေးမိတာက `ချမ်းပါတယ်ဆို ဇာစကြီးနဲ့ဆိုတော့ ဘယ်လိုလုပ်အချမ်းပြေပါ့မလဲ´... လို့...။

ရန်ကုန်ဖက်က လူတွေကသာ မြန်မာနိုင်ငံ အလယ်ပိုင်းကလူတွေကို အညာသားလို့ခေါ်ကြတာ... ကချင်ပြည်နယ်ဖက်ကတော့ မန္တလေးသော ရန်ကုန်သောမရွေးဘူး အားလုံးကို အောက်သားလို့ ခေါ်ကြတယ်..။ သူတို့က ဟိုးထိပ်ဆုံးမှာ နေတာဆိုတော့ သူတို့ဘာသာတော့ ဟုတ်လို့...။ တခါက မေမေ့အဘွားဆီကို သူတို့အခေါ် အောက်သားတစ်ယောက်လာလည်တယ်..။ ခြံထဲမှာ လမ်းလျှောက်ရင်းစကားပြောကြတုန်း ခွေးချေးပုံကိုတွေ့တော့ အဘွားက `အဆာ!!!!´ လို့ပြောတယ်...။ အဲဒါက မေမေတို့ဖက်မှာ ညစ်ပတ်ရွံရှာဖွယ်ရာကို တွေ့ရင် ပြောတဲ့ အာမေဍိတ်ပါ...။ ဒါပေမဲ့ မသိရှာတဲ့ ဧည့်သည်က တအံ့တသြနဲ့ `အော်... မမတို့ဆီမှာ အဲဒါကို အဆာလို့ခေါ်တာလား.... ကျွန်တော်တို့ဘက်မှာတော့ ခွေးချေးလို့ခေါ်တယ်ခင်ဗျ´ လို့ဆိုရှာပါတယ်တဲ့...။

ဒါတွေက ကျွန်မ မှတ်မိသလောက်တချို့ပါ...။ ကျွန်မ မသိသေးတဲ့ ချစ်စရာကောင်းတဲ့ အသုံးအနှုန်းလေးတွေလဲ အများကြီးရှိဦးမှာပါ...။ အဲဒီလို ကွဲပြားမှုလေးတွေကြောင့်လည်း ကျွန်မတို့နိုင်ငံက ပိုချစ်စရာကောင်းနေတာနေမှာ လို့ ထင်မိတယ်...။ တခါတခါကျရင်တော့ မွန်ပြည်နယ်ဖက်က ဇာမဏီနဲ့ ကချင်ပြည်နယ်ဖက်က ကျွန်မ... အသီးတစ်ခုခု ရဲ့နာမည်ကို ငြင်းကြရသေးတယ်...။ တကယ်တော့ အသီးက အဲဒီ အသီးပါပဲ...။

Tuesday, May 12, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (မွေတော်ကက္ကူ၊ ဟိုပုံး) (၁၀)

ခရီးကလဲ ၁၂ရက်ခရီး၊ ကျွန်မကလည်းအရစ်က ခပ်ရှည်ရှည်နဲ့ ရေးချင်တာက ခပ်များများ ပြီးတော့ ပို့စ်ရှည်မှာစိုးတော့ ဖြတ်ဖြတ်ရေးနေတာနဲ့ ခုဆို အပိုင်း၁၀ ဖြစ်သွားပြီ..။ ရေးသာရေးရတယ် ဖတ်ရတဲ့သူ ငြီးငွေ့လာမှာလည်းစိုးရိမ်မိတယ်..။

ဒီနေ့တော့ ကျွန်မတို့ မနက်စောစောနိုးတော့ ရေချိုးဆိုင်လည်းမသွားချင်တာနဲ့ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက်မျက်စပစ် ညှိနှိုင်းပြီးရေအေးအေးနဲ့ ချိုးပစ်လိုက်ကြတယ်...။ ချိုးစမှာ ချမ်းပေမဲ့ နောက်တော့ အပူတွေထွက်ပြီး လန်းဆန်းသွားတယ်...။ ရေချိုးပြီးထွက်လာတဲ့ ကျွန်မတို့ကိုကြည့်ပြီး ဦးလေးက မျက်လုံးပြူးနေတယ်...။ ပြီးတော့ ဆောင်းတွင်းကြီး စောစောစီးစီးရေအေးနဲ့ ချိုးရကောင်းလားဆိုပြီးဆူတယ်....။ ကျွန်မတို့ကလဲ လုပ်ချင်တာလုပ်ပြီးပြီဆိုတော့ မျက်နှာသေလေးတွေနဲ့..။

မနက်စာကို နှစ်ထပ်အိမ်လေးမှာ ဖွင့်ထားတဲ့ ဖက်ထုပ်နဲ့ မြီးရှည်ရောင်းတဲ့ ဆိုင်မှာ ဦးလေးကလိုက်ကျွေးတယ်...။ ဗိုက်ဆာဆာနဲ့ စားပစ်လိုက်တာ ဓာတ်ပုံရိုက်ဖို့မေ့သွားတယ်..။ ဇာမဏီကတော့ ပြောတယ် မနိုင်းနိုင်းရဲ့ ဘလော့ဂ်မှာ အဲဒီဆိုင်အကြောင်းပါတယ်တဲ့...။
ဆရာမကြီးအိမ်ရှိတဲ့ တောင်စောင်းကနေမြင်ရတဲ့ တောင်ကြီး မြို့

နောက် တောင်စောင်းလေးမှာရှိတဲ့ ရပ်ကွက်က အငြိမ်းစားဆရာမကြီးရဲ့ အိမ်ကို သွားကြတယ်..။ ကက္ကူသွားဖို့ သူ့ကားကို ငှားတာကိုး..။ ရှမ်းသံဝဲ၀ဲနဲ့ သူတို့စကားတွေထဲမှာ သူတို့ရဲ့ ရိုးသားဖော်ရွေမှုတွေကိုမြင်ရတယ်...။ ဦးလေးကားမောင်းပို့ပေးလို့ ကျွန်မတို့နှစ်ယောက် ကက္ကူဖက်ကို ထွက်လာကြတယ်....။ ပအိုဝ်းရွာတွေဖက်က ဖြတ်လာကြတယ်...။ ဦးလေးက ပအိုဝ်းတွေ ညီညွတ်ကြပုံနဲ့ ဘာသာတရားကိုင်းရှိုင်းပုံကိုပြောပြတယ်...။ ကျွန်မတို့ ဖြတ်လာတဲ့ရွာတိုင်းမှာ ရွာသေးသေးကြီးကြီး ဘုန်းကြီကျောင်းကိုယ်စီရှိကြတယ်...။ အိမ်ကလေးတွေကသာ ထရံကာဓနိမိုး... ဘုန်းကြီးကျောင်းကိုတော့ ဟည်းနေအောင်ထားထားတယ်..။ အလှူအတန်းရက်ရောလိုက်ကြတာ...။

နောက်တော့ ကားမောင်းပေးတဲ့ ဦးလေးကိုတောင်အားမနာနိုင်ပဲ ကျွန်မတို့နှစ်ယောက် ဘေးက မှန်တံခါးကိုတိုက်လိုက် နောက်မှီကို ဆောင့်လိုက် တဒိုင်းဒိုင်းနဲ့ ငိုက်ကြတာ ကက္ကူဘုရားကိုရောက်တဲ့ အထိ...။ ဦးလေးက ခရစ်ယာန်ဆိုတော့ ဦးလေးကို အားနာတာနဲ့ သူလိုက်ပို့တာစောင့်မနေပဲ ကျွန်မတို့ပဲ ခပ်သုတ်သုတ် ဘုရားထဲဝင်ခဲ့ကြတယ်..။ ဘုရားထဲမှာတော့ လက်နက်ကိုင်ပြီးစောင့်နေတဲ့ သူတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက အစောင့်တွေကိုတွေ့ရတယ်....။ ပထမတစ်ခေါက်ကတဲက ကျွန်မက မြင်ဖူးနေတော့မထူးပေမဲ့ ဇာမဏီက အထူးအဆန်းဖြစ်နေသေးတယ်...။
ကက္ကူဘုရားမှာ ဆွမ်းလှူထားတာလေးတွေ

ဘုရားလာဖူးတဲ့ အနက်ရောင်တိုင်းရင်းသားဝတ်စုံနဲ့ ပအိုဝ်းမလေးတွေကိုလဲ တွေ့ခဲ့ရတယ်... ပါးလေးတွေက ဖောင်းဖောင်းတင်းတင်း နီနီရဲရဲလေးတွေနဲ့ ချစ်စရာလေးတွေ...။ တချို့တွေက ပလိုင်းလေးတွေနဲ့...။ ကျွန်မတို့နှစ်ယောက်က သူတို့ ပလိုင်းတွေနဲ့ သူတို့ကို ဓာတ်ပုံရိုက်ချင်လို့ပါဆိုတော့ သူတို့ရှက်နေကြတယ်...။ နောက်ဆုံးတော့ ဇာမဏီကိုယ်တိုင်ပဲ သူတို့ ပလိုင်းကြီးလွယ်ပြီး ဓာတ်ပုံရိုက်လိုက်တယ်...။ ဂျင်းဘောင်းဘီကြီးနဲ့ ဆိုတော့ တမျိုးတော့ တမျိုးကြီးပေါ့...။

ဒါ နောင်မွန်အင်းတဲ့... အလောင်းစည်သူမင်းရဲ့ ဖောင်တော်ဆိုက်စေတီကလည်း အဲဒီနားမှာဆိုတော့...

ဘုရားနောက်မှာ ကုန်းခြောက်လ ရေခြောက်လဆိုတဲ့ နောင်မွန်အင်းရှိတယ်.. (မှားနိုင်ပါတယ်... သိတဲ့သူများ အမှားလေး ပြင်ပေးကြပါ.... :))... အဲဒီကထွက်တဲ့ နောင်မွန်ဆန်က မွှေးပြီး စားလို့ကောင်းတယ်လို့ တောင်ကြီးက အသိအန်တီကြီးတစ်ယောက်က ပြောဖူးတယ်....။
မွေတော်ကက္ကူ
ဘုရားဝင်းနားက ညောင်ပင်ကြီးတွေ

ဒါ တခြမ်းစာပဲရှိသေးတာ...

ဘာရယ်မဟုတ်ဘူး ကောင်းကင်ကြီးပြာနေတာနဲ့ အရွက်မရှိတဲ့ အပင်ကြီးနဲ့ ကြည့်ကောင်းလို့

ပုဂံလိုဘုရားတွေ အများကြီးကို နေရာကျဉ်ကျဉ်းလေးမှာ စုပြီးတည်ထားတဲ့ အဲဒီဘုရားဝန်းထဲမှာ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက် ဓာတ်ပုံတွေရိုက်ကြတယ်.....။ နိုင်ငံခြားသား တစ်စုကို ပအိုဝ်းဝတ်စုံနဲ့ တိုင်းရင်းသူ tourist guide လေးက ရှင်းပြနေတာကို ဘေးနားက မသိမသာကပ်နားထောင်မယ်လို့ အကြံကြီးကြီးနဲ့ နားစွင့်လိုက်တော့..... ပြင်သစ်လိုလို ဘာလိုလို စကားကြီး... အဲဒါနဲ့ပဲ လက်လျှော့လိုက်တယ်....။ နောက်တော့ ပအိုဝ်းမလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြတယ်... ကိုယ့်ကိုယ်ကို touristလိုလို ဘာလိုလိုနဲ့ပေါ့... ဟဲဟဲ။ ပြီးမှ ကြည့်လိုက်တော့... အနက်ရောင်ဆင်တူဝတ်လာမိတဲ့ ကျွန်မတို့နှစ်ယောက် အနက်ဝမ်းဆက်တွေနဲ့ ပအိုဝ်းမလေးတွေကြားမှာ.....။ အင်း သိပ်တော့ မထူးလှပါဘူးလေ... ခေါင်းပေါင်းပါတာနဲ့ မပါတာပဲ ကွာတာ..။ဘုရားရှေ့က ဈေးတန်းလေးမှာ ပအိုဝ်း ၀တ်စုံလေးတွေနဲ့ အမယ်အိုကြီးတွေ ကြက်သွန်ဖြူ ထောပတ်သီး နေကြာစေ့လှော်တွေရောင်းတာကို တောင်ကြီးမြို့အထွက်က ဒိုင်တွေထက် ဈေးကြီးမှန်းသိပေမဲ့ ဇာမဏီဝင်အားပေးခဲ့သေးတယ်...။ သနားလို့တဲ့လေ...။
ဈေးတန်းလေး...

ဥတစ်လုံးကြက်သွန်ဖြူ တွေကို ဒီလိုခင်းပြီး လှမ်းထားတယ်

အပြန်လမ်းမှာ တွေ့တဲ့ပန်းတွေ

လားရှိုးမှာ ငယ်ငယ်တုန်းက ခေါက်ဆွဲလုပ်တမ်းကစားဖူးတဲ့ နွယ်တွေကို ဒီမှာ ပြန်တွေ့လို့ အမှတ်တရ... ရွှေနွယ်လို့ခေါ်ကြလားပဲ...

လမ်းဘေးက စိုက်ခင်းတွေ

မက်မန်းခြံထဲမှာ မက်မန်းပွင့်တွေ ဖွေးလို့...

တောင်ကြီးတက္ကသိုလ်

အဲဒီက အပြန် သူများမက်မန်းခြံထဲဝင်ပြီး ဓာတ်ပုံ ၀င်ရိုက်နဲ့ ညနေ၂နာရီကျော်လောက်မှာ တောင်ကြီး ပြန်ရောက်လာကြသည်...။ တောင်ကြီးတက္ကသိုလ်မှာ ဆရာလုပ်တဲ့ ဦးလေးက သူ့ကျောင်းကို လိုက်ကြွားတာနဲ့ ကျွန်မတို့လဲ တောင်ကြီးတက္ကသိုလ်ထဲ ဓာတ်ပုံဝင်ရိုက်ကြသေးသည်..။ နောက် တောင်ကြီးနားက ဟိုပုန်းဆိုတဲ့ မြို့လေးမှာ နေတဲ့ ဖေဖေတို့ မိတ်ဆွေ အန်တီတစ်ယောက်က ဖုန်းဆက်ခေါ်တာကြောင့် အဲဒီမြို့လေးကို ရောက်သွားခဲ့သည်... ။ တောင်ကြီးကနေ ဟိုပုန်းကို အထွက်လမ်းမှာ တောင်ကြီးကွန်ပျူတာတက္ကသိုလ်သို့ ဆိုလို့ ကြည့်လိုက်တော့ မြေနီနီလမ်းလေး...။ သစ်ပင်တွေကွယ်နေတာကြောင့် အဆောက်အဦးကိုတော့ မမြင်ခဲ့ရပေ..။

ဟိုပုန်းမြို့ကလေးက တောင်ကြီးမြို့ရှိရာ တောင်ပေါ်ကနေ မြွေလိမ်မြွေကောက်ကားလမ်းလေးအတိုင်း ဆင်းသွားရင် ရောက်တဲ့ ချိုင့်ဝှမ်းလေးထဲမှာရှိတဲ့ မြို့ကလေးပါ...။ အေးအေးချမ်းချမ်းနဲ့ ချစ်စရာကောင်းပါတယ်...။ ခဏဆိုပြီး သွားလိုက်တဲ့ အန်တီတို့အိမ်မှာစကားစပ်မိရင်း ကျွန်မမိဘတွေနဲ့ သိတဲ့ လူတစ်ယောက်က ဟိုပုန်းမှာနေနေတယ်တဲ့... အဲဒီထိ ကျွန်မစိတ်ဝင်စားသေးဘူး..။ လူကြီးလုပ်နေရပြီဆိုတော့ စိတ်မ၀င်စားလဲ စိတ်ဝင်စားချင်ယောင်ဆောင်နေတုန်း...။ အဲဒီလူရဲ့ ယောက္ခမလား အမေလားဆိုတာလဲရောက်နေတယ်တဲ့...။ အဲဒီမှာ ကျွန်မစိတ်ဝင်စားသွားပြီး... သွားတွေ့တော့.. တကယ်ပဲ အဲဒီလူရဲ့ အမေ...ကျွန်မကို ငယ်ငယ်ကထိန်းခဲ့ပေးတဲ့ အဘွား...။ မထင်မှတ်တဲ့နေရာမှာတွေ့လိုက်တော့ ၀မ်းသာပြီး အဘွားလဲငို ကျွန်မလည်းငို...။ အဲဒါနဲ့ပဲ တောင်ကြီးက ဆရာမကြီးအိမ်မှာ ကားပြန်ထားတော့ ၆နာရီ ထိုးပြီ...။
ခရီးစဉ်မှာ နောက်ဆုံးတွေ့ခဲ့ရတဲ့ တောင်ကြီးမြို့ရဲ့ ဆည်းဆာ

ပထမ ဦးလေးအိမ်ကို လမ်းလျှောက်ပြန်မလို့ စီစဉ်ထားတာ... အဲဒီချိန်သူငယ်ချင်းက ဖုန်းဆက်တယ်... `နင်ဘယ်မှာလဲ လာခေါ်မယ်´တဲ့...။ ဆရာမကြီးအိမ်က တောင်စောင်းမှာဆိုတော့ သပ်သပ်ကြီးလာရမှာ အားနာတာနဲ့ `ရတယ် နောက်နာရီဝက်မှာ ဦးလေးအိမ်ကို လာကြို ´လို့ပြောတာကို... ဆရာမကြီးက ကြားပြီး... တောင်ကြီးက သူငယ်ချင်းလားလို့မေးတော့... ဟုတ်တယ်ပေါ့...။ `တောင်ကြီးသားဆို ဘာမှအားနာစရာမလိုဘူး လာကြိုခိုင်းလိုက်´ လို့ဆိုတော့ ကျွန်မရော ဇာမဏီရောမျက်လုံးပြူးသွားတယ်...။ ကျွန်မတို့က အားနာတယ်လေ...။ နောက်သူငယ်ချင်းက ဖုန်းဆက်ခေါ်တယ်...။ အားမနာနဲ့ ငါလာခေါ်လို့ရတယ် တဲ့..။ အဲဒီမှာ ဆရာမကြီးသမီး (သူလဲ တောင်ကြီးတက္ကသိုလ်ကဆရာမပဲ) က ကျွန်မဆီက ဖုန်းကိုလှမ်းယူပြီး ကျွန်မသူငယ်ချင်းကို လမ်းတွေညွှန်နေတယ်...။ ကျွန်မနဲ့ ဇာမဏီကတော့ လာကြိုရမဲ့ သူငယ်ချင်းကိုလဲ အားနာ... တောင်ကြီးသူတောင်ကြီးသားအချင်းချင်း အားနားစရာမလိုဘူးဆိုပြီး ဧည့်ဝတ်ကျေချင်တဲ့ ဆရာမကြီးတို့ကိုလဲအားနာနဲ့ ... တော်တော် အားနာခဲ့ရတဲ့ ညနေခင်းပါပဲ..။ ဒါပေမဲ့ အားနာတဲ့ကြားက သူတို့အားလုံးရဲ့ ရိုးသားဖော်ရွေတဲ့ ဧည့်ဝတ်ကျေချင်တဲ့ စေတနာဖြူဖြူလေးတွေကိုတွေ့ခဲ့ရတယ်...။

သူငယ်ချင်းအိမ်ရောက်တော့ သူ့တောင်ကြီးက သူငယ်ချင်းတွေရော သူတို့ အမျိုးတွေရော စကြနောက်ကြနဲ့ ပျော်ဖို့ကောင်းခဲ့တယ်...။ ပြီးတော့ အဲဒီနားက ကော်ဖီဆိုင်မှာ ချမ်းချမ်းစီးစီးကြားက အအေးသွားသောက်ကြတယ်...။ နောက်မှ သိရတာ အဲဒီနေ့က သူငယ်ချင်းရဲ့ မွေးနေ့ပါတဲ့..။ ကျွန်မတို့ နှစ်ယောက်က လက်ဆောင်မပါပဲ တ၀တပြဲစားခဲ့ကြတဲ့သူတွေပေါ့...။ မနက်ဖြန် ကျွန်မတို့ ခရီးဆက်ထွက်မှာဆိုတော့ အားလုံးကို တခါတည်းနှုတ်ဆက်ခဲ့တယ်...။ သူငယ်ချင်းရဲ့ သူငယ်ချင်း ဖြူက ကျွန်မတို့တည်းတဲ့နေရာထိ လိုက်ပို့ပေးတယ်..။ မောမောနဲ့ အိပ်ပစ်လိုက်တယ်...။ မနက်ဖြန်ခရီးဆက်ရဦးမှာကိုးးးးးးး

P.S... ဒီပို့စ်ကတော်တော်ရှည်သွားပြီ... သည်းခံပေးကြပါနော်.. :)

အယူသီးမှုတွေနဲ့ ကျွန်မ


ကျွန်မ ဘလော့ဂ်ကို ဖွင့်ကြည့်တိုင်း ဘာရေးရင်ကောင်းမလဲ စဉ်းစား .. ပြီးရင် ဘာမှ ခေါင်းထဲရောက်မလာတော့ သူများဘလော့ဂ်တွေလည်.. .. သူများရေးထားတာကြည့်ပြီး.. အမယ် ငါ့မှာလဲ ဒီလိုလေးတွေ ကြုံဖူးတာပဲဆိုပြီး တွေးမိ.. သူများရေးထားတာကို လိုက်ရေးသလို ဖြစ်နေပါ့မယ်လေ... အားနာစရာကြီး ... နောက်ဆုံးတော့ ဘာရေးရမှန်းလည်းမသိဘူးလေ ဆိုပြီးတွေး.... blogger.com ထဲကနေ sign out လုပ် .... ဒီလိုနဲ့ ရက်တွေ တော်တော်များလှပြီ...
ဒီနေ့တော့ ဘလော့ဂ်တွေလည်ရင်း ကိုဇက်တီရေးထားတဲ့ အယူသီးမှုတွေ အကြောင်းဖတ်မိတယ်... ကျွန်မကြုံဖူးခဲ့တဲ့ အကြောင်းလေးတွေလည်း ရေးချင်လာတာနဲ့ ..... ကဲ သူများရေးပြီးသားကို လိုက်ရေးတယ်လို့ ထင်လိုကထင်စေတော့.. (တကယ်လဲ ဟုတ်နေတာပဲ... ဟီးဟီး) ဆိုပြီးရေးလိုက်ပါတယ်...

ကျွန်မငယ်ငယ်ကတည်းက မေမေနဲ့ အမြဲသဘောထားကွဲလွဲပြီး အတိုက်အခံလုပ်ရတဲ့ ကိစ္စတိုင်းက အယူတွေနဲ့ ပတ်သက်ပါတယ်...။ မေမေက ညဖက် လက်သည်းခြေသည်းညှပ်တာ မကြိုက်ပါဘူး...။ ကျွန်မကတော့ သတိရတဲ့ အချိန်မှာ ခြေသည်းလက်သည်းရှည်နေပြီထင်လျှင် ညှပ်တတ်တယ်။ အဲဒီမှာ မေမေနဲ့ ကျွန်မ စကားပြောစရာလေးတွေ ဖြစ်ရတတ်တယ်...။ ကျွန်မက ဘာကြောင့်ညဖက် လက်သည်းမညှပ်ရတာလဲလို့ မေးရင် မေမေ့မှာ အဖြေမရှိပါဘူး...။

နောက်တစ်ခုကတော့ ခေါင်းလျှော်တဲ့ ရက်.. တနင်္ဂနွေ သမီးဖြစ်တဲ့ ကျွန်မကို မေမေက တနင်္ဂနွေ၊ တနင်္လာနဲ့ သောကြာရက်တွေမှာ ခေါင်းမလျှော်ခိုင်းပါဘူး... မွေးနေ့၊ သောကြာ၊ တနင်္လာ မို့ပါတဲ့...။ ငယ်ငယ်ကတော့ အဲဒါဆံပင်ပဲမညှပ်ရတဲ့ ရက်တွေပါဆိုပြီး မေမေနဲ့ အတိုက်အခံလုပ်ပါတယ်...။ နောက်နည်းနည်းကြီးလာတော့.. မြတ်စွာဘုရားက သောကြာနေ့မှာ မွေးပြီး တနင်္လာနေ့မှာ ဆံတော်ပယ်တာမို့ သောကြာနေ့မွေးတဲ့လူတွေပဲ တနင်္လာနေ့ ဆံပင်မညှပ်ကောင်းဘူး မြတ်စွာဘုရားကို တုသလို ဖြစ်မှာစိုးလို့ဆိုပြီး ကြားဖူးနားဝတွေနဲ့ မေမေ့ကို စကားနိုင်လုပြီး... ခေါင်းလျှော်တဲ့ ရက်ကတော့ ကျွန်မထုံးစံအတိုင်း ဆံပင်တွေ စီးကပ်နေသလိုလိုရှိလာပြီဆိုတဲ့ ရက်တွေမှာ လျှော်ပါတယ်...။ မလျှော်လဲမရဘူးလေ... ကျွန်မတို့ အိမ်အောက်ထပ်မှာနေတဲ့ အဒေါ်က ကျွန်မကို Wednesday ကိုခေါင်းမလျှော်ရဘူးတဲ့ လာဘ်တိတ်တတ်တယ်တဲ့ ... သူကတော့ စီးပွားရေးသမားကိုး...။ နောက်ပြီး ဘွားဘွားရှိတုန်းက ဖေဖေနဲ့ မေမေခရီးထွက်နေရင် အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်မကို ခေါင်းမလျှော်ခိုင်းပါဘူး...။ ဘာကြောင့်လဲမေးမရပေမဲ့ မလျှော်ခိုင်းတာကတော့ တကယ်...။ ကဲ ဘယ်မလဲ ကျွန်မ တရားဝင်ခေါင်းလျှော်ရမဲ့ရက်....။ ကျွန်မကလဲ လျှော်ချင်ပြီဆို လျှော်ပစ်လိုက်တာပဲ... အဆူခံရတော့မှ ရေချိုးရင်း ခေါင်းရေစိုသွားလို့ ဆိုပြီး ကူလီကူမာလုပ်တတ်ပါတယ်...။ အဲဒီလိုနေ့မျိုးဆို မေမေရော ဘွားဘွားရှေ့ကိုပါ ဖြတ်မလျှောက်ရဲလောက်အောင် တွေ့တိုင်း အဆူခံရတယ်....။

နောက် အသက်တွေကြီးလာတော့မှ မဖြစ်ခဲ့ရင်ကိစ္စမရှိဘူး ဖြစ်လာတော့မှ ငါမလုပ်ပဲနေခဲ့ရင်ကောင်းသားဆိုတဲ့ နောင်တမျိုးရမှာစိုးလို့ အမေ့အိမ်ပြန်ရင် မေမေစိတ်တိုင်းကျ နေဖြစ်သွားတယ်...။ (အဲဒါကြောင့်နဲ့ တူတယ် အမေက ကျွန်မကို ကြီးမှ လိမ္မာလာတယ်တဲ့... ကျွန်မကိုယ်ကျွန်မတော့ သိပ်မထူးသလိုပဲ.. ဟဲဟဲ).။ ဒီမှာတော့ ညှပ်ချင်တဲ့ အချိန်ညှပ် လျှော်ချင်တဲ့ အချိန်လျှော် ကျွန်မစိတ်ကြိုက်ပဲ.....။

နောက်ကျွန်မ ဂျီတီစီတက်တော့ သူငယ်ချင်းမလေး တစ်ယောက်နဲ့ ခင်တယ်....။ သူက ခပ်ဂျစ်ဂျစ်ကလေး..။ လုပ်ချင်ရာလျှောက်လုပ်တယ်..။ ဒါပေမဲ့ သူ့အမေဆူမှာတော့ ကြောက်တတ်တယ်..။ နားပူလို့တဲ့လေ..။ သူ့လို အတွေးအခေါ်ပွင့်လင်းတဲ့ ကောင်မလေးမှာလည်း အစွဲအလမ်းတစ်ခုရှိနေတာသိတော့ ကျွန်မအံ့သြရသေးတယ်..။ သူ ကျူရှင်ပြေးတာတို့ ကျောင်းပြေးတာတို့ သူ့အမေသိပြီဆိုရင် အဆူမခံရအောင် အိမ်အပြန်လမ်းမှာ မြက်ပင်လေးတစ်ပင်ကို နုတ် ... လွယ်အိတ်ထဲထည့်ပြီး.. လွယ်အိတ်အပေါ်ကနေ မြက်ပင်လေးကို ငါ့ဒဏ် နင်ခံဆိုပြီး ၇ချက်ပုတ်ရင် အဲဒီနေ့ သူအဆူမခံရဘူးတဲ့ သူ့လက်တွေ့တဲ့....။

ကျွန်မလဲ အဲဒီလို ကျူရှင်လစ်ပြီး အသိတစ်ယောက်ကတွေ့လို့ မေမေတော့ ပြန်သိတော့မှာပဲ... ငါတော့ အဆူခံရတော့မှာပဲဆိုပြီး စိုးရိမ်သောကတွေနဲ့ အိမ်ပြန်ရတဲ့ နေ့တွေမှာ သူမပြောတာကို သတိရမိတတ်တယ်...။ မြက်ပင်လေးကို ဆွဲနုတ်ရင်ကောင်မလားဆိုပြီး လက်လှမ်းမိသေးတယ်... နောက်မှ အို- သူ့ဘာသာနေတဲ့ မြက်နဲ့ ဘာမှမဆိုင်ဘူး.. ကိုယ်လုပ်တာ ကိုယ်ခံဆိုပြီး.... စိတ်ဒုံးဒုံးချလိုက်တော့ စိတ်တွေက ပေါ့ပါးသွားတာပါပဲ...။ အဲဒါကြောင့် သူပြောတာမှန် မမှန်ကျွန်မခုထိမသိရသေးဘူး..။ လွန်ခဲ့တဲ့ ၄နှစ်လောက်က ညီမလေးလိုခင်တဲ့ ကောင်မလေးတစ်ယောက်ကို အစွဲအလမ်းတွေဆိုတာ မကောင်းကြောင်းနဲ့ အဲဒီမြက်ပင်လေး အကြောင်းလေးကို ပြုံးစရာလေး အနေနဲ့ပြောပြဖူးတယ်...။ ညီမလေးနဲ့ပြန်တွေ့တော့ သူက ၀မ်းသာအားရနဲ့ မ... ပြောတဲ့နည်းကို သမီးခုထိ သုံးနေတုန်းပဲ... အသုံးကျတယ် မ..ရဲ့..... တဲ့...။ ကျွန်မ ဘာပြောရမှန်းမသိဖြစ်သွားတယ်...။ တကယ်တော့ ကျွန်မပြောခဲ့မိတာ အစွဲအလမ်းတွေ မကောင်းကြောင်းပါ...။

ပိုလီ တတိယနှစ်ရောက်တော့ ကျွန်မတို့ ငါးယောက်ပရောဂျက်အဖွဲ့မှာ ယောင်္ကျားလေး၃ယောက်.... indian ရယ် တရုတ်ရယ် မလေးရယ် သုံးယောက်လုံး စလုံးတွေ...။ ပြီးတော့ ကျွန်မနဲ့ စလုံးတရုတ်မလေး ရယ်..။ အားလုံးက သဘောကောင်းကြပါတယ်...။ ကောင်လေးသုံးယောက်ကလဲ ကျွန်မတို့နှစ်ယောက်ကို ဆို ယောင်္ကျားလေးပေါင်း ပေါင်းကြတာ...။ ကျွန်မတို့ ပရောဂျက်က ဘက်တီးရီးယားတွေနဲ့ ပတ်သက်တာဆိုတော့ အချိန်တော်တော်များများက labထဲမှာပဲကုန်သွားတတ်တယ်...။

တနေ့တော့ ဘက်တီးရီးယားတွေကို plate အသစ်ပြောင်းပြီး အခြောက်ခံထားတုန်း အားယားပျင်းရိနေကြတယ်..။ မလေးကောင်လေးက Lab ထဲမှာ ပိုးသတ်ဖို့ထားတဲ့ 70%ethanol spray ကို သူ့ လက်အိတ်ဝတ်ထားတဲ့ လက်ဖ၀ါးပေါ်ဖျန်းဆော့နေရင်း သူ့တံတောင်ဆစ်ကို ကျွန်မပုခုံးပေါ်တင်ထားတယ်...။ သူ့ ခန္ဒာကလဲ Popeye spinach စားပြီးစလို ပုံစံမျိုးဆိုတော့ ကြာတော့ ညောင်းလာတယ်..။ အဲဒါနဲ့ ငါ့ပုခုံးပေါ် လက်မတင်နဲ့ ငါ့ကို ယောက္ခမနိုင်လိမ့်မယ်လို့ နောက်လိုက်တာ... ကြားသွားတဲ့ စလုံးမလေးက ကျွန်မကိုမေးတယ်...။ ငါတို့တွေ ပြောလေ့ရှိတဲ့ superstiotion တစ်မျိုးလို့ ပြောလိုက်မိရာက နောက်တစ်နှစ်လုံး ဘယ်သူမှ သူ့ပုခုံးပေါ်လက်တင်တာ မခံတော့ဘူး..။ ဟိုသုံးကောင်ကတော့ မကြိုက်လေ ပိုစလေနဲ့ သူတို့ နောက်စရာတစ်ခုရသွားတယ်...။

သူများတွေရဲ့ အစွဲအလမ်းတွေကို ပြောင်သလို လှေင်သလို ဖောက်သည်ချပြီးတဲ့ သကာလ ကျွန်မအကြောင်းကို ဖောက်သည်ချပါမယ်...။

ကျွန်မမေမေတို့က မိုးကောင်းနားက နမ္မတီးဆိုတဲ့ မြို့လေးကပါ..။ အရင်ကတော့ သကြားစက်ရှိတဲ့မြို့ဆိုပြီး ပထ၀ီမှာ သင်ခဲ့ရတယ်...။ အဲဒီဖက်ကလူတော်တော်များများက ဖားကန့်မှာ ကျောက်သွားတူးလေ့ရှိကြတာ ဟိုးအရင်ကတည်းကပါ...။ ကျွန်မ ဦးလေးတွေ အဘိုးလေးတွေလဲ အပါအ၀င်ပေါ့...။ ကျွန်မငယ်ငယ်က နွေရာသီ အဲဒီကိုသွားလည်ပြီဆို ရေတွင်းဘေးမှာ ကျောက်သွေးနေတဲ့ အဘိုးလေးကို တွေ့ရတတ်တယ်...။ ဘေးနားမှာထိုင်ကြည့်ရင်း အဘိုးမလိုလို့ ပစ်ထားတဲ့ အထဲက ကျောက်သား ဖြူနှစ်နှစ်ထဲမှာ အစိမ်းရောင် အစက်ကလေးတွေ့ရပြီဆို ကျွန်မက ကောက်သိမ်းထားတယ်...။ အဲဒီကျောက်စိမ်းလေးတွေကို အကျီင်္အိတ်ကပ်ထဲ ကောက်သိမ်းနေရင်းက ဦးလေး ပေါက်စနတွေက ကစားဖို့လာခေါ်ရင် ငေါက်ကနဲ ပါသွားပြန်တာပါပဲ...။ ကျွန်မနဲ့ အတူတူ အဲဒီ ကျောက်စိမ်းလေးတွေပါလာတဲ့နေ့ဆို တစ်ခုမဟုတ်တစ်ခုဖြစ်တတ်တယ်...။ ဖိနပ်ပြတ်တာက အစ စက်ဘီးမှောက်တာအဆုံးပေါ့...။ ဒါပေမဲ့ ကလေးအရွယ် ကစားရင်း ဖိနပ်ပြတ်တာ .. မစီးတတ် စီးတတ်စီးလို့ စက်ဘီး မှောက်တာ အထူးအဆန်းမှ မဟုတ်ပဲလေ...။

နောက်ကြီးလာတော့ မေမေက ကျောက်စိမ်းနားကပ်လေးဆင်ပေးတယ်...။ အဲဒါဝတ်သွားတဲ့နေ့ဆို ကျွန်မစီးတဲ့ ဘတ်စ်ကား ဘီးပေါက်တာတို့... အားလုံးအတူတူလုပ်တဲ့ ကိစ္စကို ဆရာက ကျွန်မကိုပဲ ဦးတည်နာမည်တပ်ပြီး ဆူတာခံရတာတို့.... အဲဒီလိုမျိုးတွေကြုံရတတ်တယ်....။ အမျိုးမျိုး စမ်းသပ်ပြီး သကာလမှာတော့ ယုံလိုက်ရတယ်....။ ကျောက်စိမ်းနဲ့ ကျွန်မ ကီးမကိုက်ဘူးဆိုတာ...။ အဲဒါကိုတော့ အယူသီးမှုလို့ခေါ်မလား.... အစွဲအလမ်းလို့ခေါ်မလား... ကျွန်မမသိဘူး...။ မကောင်းတာတစ်ခုကတော့... ကျွန်မမေမေဘက်က အမျိုးတွေက ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ ကလစ်ကလေးတွေ၊ ရင်ထိုးလေးတွေ၊ ဖုန်းကြိုးလေးတွေ လက်ဆောင်ပေးတိုင်း အဲဒီပစ္စည်းလှလှလေးတွေကို ကြည့်ပြီး လိုချင်ရက်နဲ့ တစ်ခုခုဖြစ်မှာ ကြောက်စိတ်ကြောင့် သူများကို တဆင့်ပြန်ပေးပစ်လိုက်ရတယ်.....

ဆိုးပကွယ်..... :(

Friday, May 8, 2009

ရောရော ယောင်ယောင်

ခုတလော.. လူကခပ်ထွေထွေနဲ့ စိတ်လေနေမိတယ်...။ တချို့ စနေနေ့ သတင်းစာမှာတောင် ကိုယ်ယူထားမိတဲ့ ဘာသာရပ်နဲ့ ပတ်သက်တဲ့ အလုပ်ခေါ်တာတွေ မပါတာများလာတော့ သတင်းစာဝယ်ရမှာတောင် အားက သိပ်မရှိချင်တော့ဘူး...။ အဲဒါနဲ့ ဘာတွေလုပ်နေမိလဲဆိုတော့.... တွေ့သမျှ game တွေ ကစားတယ်... facebook က farm town မှာလဲ အပင်စိုက်တယ်... iwin.com ကနေလဲ download တွေလုပ်ပြီး အပင်စိုက်တယ်... (အပြင်မှာ လုပ်ချင်တိုင်းလုပ်လို့မရတာတွေကို game ထဲမှာလုပ်ပြီး စိတ်ဖြေတယ်ဆိုပါတော့..).. ဘလော့ဂ်လေးကို သတိရပေမဲ့ ဘာရေးလို့ရေးရမှန်းမသိဘူး ဖြစ်နေတယ်...။

ဒီနေ့ မှ personal အီးမေးလ်ရော ရှိသမျှမေးလ် အကုန်စစ်မိတော့ inbox မှာ မေးလ်က ၄၀၀ကျော်နေပြီ..။ rangoonburmer ကနေရောက်လာတဲ့ မေးလ်ကလဲ ခပ်များများ.. ခေါင်းစဉ်လောက်ပဲ ဖတ်ပြီး စိတ်မ၀င်စားတာတွေ ဖျက်ရင်းအထက်တန်းကျောင်းတုန်းက သူငယ်ချင်းလေးတစ်ယောက်ပို့ထားတဲ့ fwd mail လေးထဲက ပဟေဠိလေးကိုတွေ့တော့ ခေါင်းရှုပ်ခံစဉ်းစားချင်စိတ်ပေါက်သွားတယ်...

တချို့ကို တော့ ကျွန်မစဉ်းစားလို့ရတယ် တချို့ကိုတော့ ကျွန်မမသိဘူး.. ဒါနဲ့ ခေါင်းတစ်လုံးတည်းထက်ကို ခေါင်းတွေ အများကြီးပေါင်းတာပိုကောင်းမယ်ထင်လို့... ဟဲဟဲ...


အောက်က မြန်မာနိုင်ငံမှာရှိတဲ့ မြို့လေးတွေကို သိရင် ဖြေပေးကြပါဦးနော်..

၁). မြစ်အဖေကြီးနဲ့ မြစ်အမေကြီးက မွေးတဲ့မြို့
၂). စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
၃). ကလီစာတွေ အူတွေ အခွေလိုက်ရှိတဲ့ မြို့
၎). လူကြီးမဖြစ်သေးတဲ့မြို့
၅). ဒီနေ့ည ငါစောင့်ရမယ့်အလှည့်မဟုတ်ဘူး ဆိုတဲ့ မြို့
၆). သကြားချက်ရင် အဆင်ပြေနိုင်တဲ့ မြို့
၇). ဆင်တွေကတဲ့ မြို့
၈). ၀ိုးတိုးဝါးတားပဲရှိတဲ့ မြို့
၉). စိုစိုပြည်ပြည်မရှိတဲ့မြို့
၁၀). ကျန်စစ်သားရဲ့ မိန်းမနာမည်နဲ့ မြို့
၁၁). ဖားကောက်ခိုင်းတဲ့မြို့
၁၂). လေဘေးထည်မြို့
၁၃). မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့ မြို့
၁၄). ကိုယ်တော်ခံတဲ့ ဆွမ်းအရနည်းတာ ဒါကြောင့်ကိုး.. ဆိုတဲ့မြို့
၁၅) အဲဒီမြို့ နာမည်က ပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ ငှက်ကြီးဖြစ်သွားရော
၁၆)ရုံးသွားကျောင်းသွား သတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲဒီမြို့
၁၇)အဲဒီမြို့က ရွာလိုက်တာမှ သည်းကြီးမည်းကြီးပဲတဲ့
၁၈). အဲဒီအကောင်ရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတခုမှာ အနာတခုပေါက်နေတဲ့မြို့


ကျွန်မသိတဲ့ အဖြေတချို့ကိုတော့ အောက်မှာ ရေးထားပါတယ်... ကျွန်မမသိတာလေးတွေကိုတော့... ၀ိုင်းဝန်းစဉ်းစားပေးကြပါဦးနော်... :D


(၁)မြစ်သားမြို့
(၂)၀က်လက်မြို့ (စိတ်ထဲမှာ ၀က်ခြေထောက်လို့ပဲ တွေးတွေးမိတယ်... ၀က်လက်စွပ်ပြုတ်ရယ်လို့မှ မကြားဖူးပဲကိုး)
(၃)
(၄)ကလေးမြို့
(၅)
(၆)ကြံခင်းမြို့
(၇)ကျောက်ဆည်မြို့ (ဒါလဲ မသေချာလှဘူး)
(၈)
(၉)ချောက်မြို့
(၁၀)ခင်ဦးမြို့
(၁၁)မိတ္ထီလာမြို့
(၁၂)ဖျာပုံမြို့
(၁၃)
(၁၄)သပိတ်ကျဉ်းမြို့
(၁၅)ဒလမြို့
(၁၆)ထီးချိုင့်မြို့
(၁၇)မိုးကောင်းမြို့
(၁၈) ဆင်ပေါင်ဝဲမြို့



quiz တွေလုပ်တတ်တဲ့ ကိုသီဟသစ်ဆီက idea တွေကို သူ ဆယ်လ်မွန်နဲ့ ကြိုးကြာဖြစ်နေခိုက် ခဏယူသုံးပါသည်...။ (ပြီးရင် ပြန်ပေးပါမည်... :P)

Saturday, April 25, 2009

ကြေးအိုး နဲ့ ကြေးအိုးဆီချက်

ဟဲဟဲ... ခေါင်းစဉ်ကြီးကတော့ ဟည်းနေတာပဲ.. ကြေးအိုးဆိုင်က ဆိုင်းဘုတ်ကို ခဏဖြုတ်လာသလား အောက်မေ့ရတယ်နော်... (ဟဲဟဲ မျက်နှာချိုသွေးနေတာ .... မလုပ်တတ် လုပ်တတ်နဲ့ လုပ်ထားတာဆိုတော့ စားမကောင်းရင် စိတ်ဆိုးနဲ့ နော်.. :D)

ကိုယ်ပိုင် recipe ဆိုလို့ အထင်ကြီးသွားကြမလားပဲ.. တကယ်က ထင်တာလုပ်လိုက်တာပါ ... cbox မှာ မမိုးကောင်းသူကို တွေ့လိုက်တော့ နည်းနည်းပျာသွားတယ်.. (တကယ်).. အဲဒီမမက ဟင်းကောင်းကောင်းချက်တတ်တော့ ငါတလွဲတွေလုပ်မိရင်တော့ ဒုက္ခလို့ တွေးမိသေးတယ်... နောက်တော့ စပြီးမှတော့ မထူးတော့ပါဘူး မလိခရယ် ဆိုပြီး ........

ပထမဆုံးက ကြေးအိုးဆီချက်ပါ..။ ကြေးအိုးဆီချက် ချက်ရင် ကြာဇံကို အိုးထဲမှာ ဆီနဲ့ နဲနဲ လှိမ့်ရတယ်လို့ သူငယ်ချင်းကပြောတယ်...။ ဒါပေမဲ့ ကျွန်မမောင်လေးတွေက ဒီတယောက်က ခုစားမယ်... ပြင်ပြီးလို့မှ မကြာသေး နောက်တစ်ယောက်က သားလည်းစားမယ်... အဲဒီလိုဖြစ်တတ်လို့ ကျွန်မက ကြက်သွန်ဖြူဆီချက်နဲ့ နယ်ပါတယ်... ပဲငံပြာရည်အနောက်ကိုတော့ အရောင်ညိုညိုရချင်လို့ နည်းနည်းထည့်ပါတယ်...။ ကြာဇံပြုတ်ကို ရေစစ်... အရွက်ကြိုက်တတ်တော့ အရွက်များများလေးထည့်ထားတယ်... ပြီးတော့ ခုနက ဆီချက်ရယ် ပဲငံပြာရည်အနောက်ရယ်ထည့်... ဆား (အချိုမှုန့်စားလေ့ရှိရင် အချိုမှုန့်) ထည့်.. ပြီးရင် နယ်လိုက်တယ်...။

အသားလုံးပြုတ်လေး ထည့် .... ၀က်ကလီစာကို အချိုပြုတ် (ကလီစာ များရင်တော့ ၀က်သားတုတ်ထိုးလို လုပ်စားလို့ရတယ်) ထားတာလေး ညှပ်ထည့်လိုက်တယ်... ကျွန်မရဲ့ ကြေးအိုးဆီချက်လေး ရပါပြီ.. သုံးဆောင်ကြပါနော်...


ဒါက ၀က်ခြေထောက်စွပ်ပြုတ်ပါ....


ကြေးအိုးအရည်ဆိုရင်တော့ ကျွန်မက ကြာဇံပြုတ်ကို ၀က်ခြေထောက်စွပ်ပြုတ်အရည် ထည့်လိုက်တယ်.... ပြီးတော့ အရွက်ပြုတ်ရယ် အသားလုံးနဲ့ ကလီစားညှပ်ထားတာထည့်တယ်...။ ဒါလေးက ကြေးအိုးအရည်ပါ...။


ရန်ကုန်က ဆိုင်ကြေးအိုးတွေလောက်တော့ မကောင်းဘူးပေါ့.. ဒါပေမဲ့ ကြေးအိုးကြိုက်တတ်တဲ့ ကျွန်မအတွက် အာသာပြေပါတယ်.... (ရန်ကုန်ကဆိုင်ကြေးအိုးတွေနဲ့ တူချင်ရင်တော့ ဘာအမှုန့်ထည့်ရတယ်ဆိုလား သူငယ်ချင်းကပြောတယ် .... အဲဒါပြောပြီးကတည်းက အဲဒီသူငယ်ချင်းနဲ့ အဆက်အသွယ်ပြတ်သွားတာပဲ... ဘာအမှုန့်မှန်း မသိလိုက်ဘူး..)

ဒါက ရှောက်သီးသုပ်နဲ့ ထမင်းဖြူ.. ၀က်သားမစားတဲ့ သူတွေအတွက်ပါ... ၀က်သားစားတဲ့သူလည်း စားလို့ရပါတယ်... :P... ကြေးအိုးစားပြီး အအီပြေပေါ့...။


ဒါမှ အအီမပြေသေးဘူးဆိုရင် ဒီမှာ သရက်သီးနဲ့ ငံပြာရည်... ဟဲဟဲ



ဟင်းအစပ်အဟပ်က ကောင်းတော့.. သွားတော့ နည်းနည်းကြိမ်းသား...ဟဲဟဲ။

ကြိုက်တာသာရွေးစားသွားကြပါနော်... အကုန်စားလည်းရတယ်... ကျွန်မကတော့ အကုန် အစုံစားထားတယ်...။ နောက် တစ်ပတ်လောက်ထိ ဘလော့ဂ်လေးထဲမှာ ဘာအပြောင်းအလဲမှ မရှိဘူးဆိုရင်တော့ မလိခတို့ ဟိုကမ္ဘာလေးထဲရောက်သွားပြီလို့ မှတ်လိုက်ပါ...။ မလိခ ဘာမှ မဖြစ်ဘူးဆိုရင်တော့ မြန်မာပြည်မှာနေတုန်းက လမ်းဘေးစာအစုံစားတတ်တဲ့ အကျင့်ကြောင့် resistance တွေတက်လို့ လို့မှတ်..... :P