Saturday, April 4, 2009

ဟိုဟို ဒီဒီ....

ခုတလော ဘာမှလုပ်စရာမရှိတာနဲ့ အားအားရှိငယ်ငယ်က အကြောင်းတွေ ထိုင်သတိရမိနေတယ်... သူငယ်တန်းတုန်းကနေခဲ့ဖူးတဲ့ လားရှိုးမြို့ကိုသတိရတယ်... (ကျွန်မကို ကျွန်မ ငါဆိုတာ လူပါလားဆိုပြီး စသိတဲ့ မြို့ပေါ့..)။ နောက်မင်္ဂလာဒုံ မှာနေတုန်းက ဘေးအိမ်က ကလေးဆရာဝန်ဘဘကြီး ရဲ့ ခြံဝနားက ဆောင်တော်ကူးပန်းနွယ်တွေကိုလဲ သတိရတယ် (ဆောင်းတွင်းဆို ဖွေးနေအောင်ကိုပွင့်တတ်လို့)။ အိမ်ရှေ့ ပိန္နဲပင်မှာ အသီးကမှည့်တော့မယ်ဆိုရင် အမေ မမြင်လိုက်ရခင် ကျွန်မတို့မောင်နှမလက်စာမိသွားတတ်တာကိုလဲ သတိရတယ်... ။ ရုပ်ရှင်တွေ မင်းသားမင်းသမီးနာမည်တွေကို မှတ်မိတတ်ပြီး ၁၆အလီကို ဘယ်တော့မေးမေး မရတတ်လို့ အဖေက ခြေမနဲ့ ခြေညှိုးညှက်ပြီး ဗိုက်ကြောလိမ်ဆွဲခံရတာကိုလည်း သတိရတယ်..(သတိရတယ်ဆိုရုံလေးပါပဲ... ပြန်တော့ လိမ်ဆွဲမခံချင်ပါဘူး... ၁၆အလီကလဲ ခုထိကိုမရသေးတာ ဘုရားစူး.)။

နောက် အိမ်နောက်မှာ မြောင်းတိမ်တိမ်လေးရှိတဲ့ အိမ်လေးမှာနေရတုန်းက မိုးတွင်းဆို ရေတွေတက်လာပြီး အိမ်အောက်ထပ်မှာ ရေတွေ ခြေမျက်စိလောက်ရှိတာကိုလဲ သတိရတယ်.. ( အဲဒီတုန်းက အိမ်အောက်ထပ်က ပရိဘောဂတွေကို အုတ်နီခဲ သုံးဆင့်လောက်ခုထားခဲ့ရတာ)။ ခြံထဲမှာ သရက်ပင်တွေ အများကြီးရှိတဲ့ အိမ်မှာနေတုန်းက ဖေဖေက နိုင်လွန်းကြိုးရယ် သစ်သားပြားလေးရယ်နဲ့ ဒန်းလေးဆင်ပေးတာကိုလဲ သတိရတယ်... (ကျောင်းကပြန်လာတိုင်း မောင်နှမတွေ အပြေးအလွှားဒန်းလုခဲ့ရသေးတာ...)။ လေးမိသားစုလောက်နေတဲ့ ခြံထဲက သရက်သီးကို သူများတွေခူးတာမကြိုက်လို့ အမြဲအော်တတ်တဲ့ အိမ်အပေါ်ထပ်က စစ္စတာကြီးကို ကြည့်မရလို့ သူမသိအောင် သရက်သီးတွေကို ခဲနဲ့ပစ်ချခဲ့တာလဲ သတိရတယ်.(အဲဒီလို စိတ်သဘောထားလေးနူးညံ့ခဲ့တယ် ဆိုပါတော့... ဗိုင်းကောင်းကျောက်ဖိလေးလေ.. :P)။

ပီတာလူးမှာ အင်္ဂလိပ်စာ သင်ခိုင်းတုန်းက မနက်အစောကြီး ကျူရှင်လာပို့တဲ့ အမေပြန်သွားတာနဲ့ ကျူရှင်ကနေလစ်ပြီး လမ်းမတော်တခွင် ပြဲပြဲစင်အောင်လျှောက်သွားခဲ့ကြတာလဲ သတိရတယ်... (အဲဒီမှာ ကျွန်မနဲ့ ဇာမဏီ စတွဲဖြစ်ပြီး အကဲဇာတ်လမ်းစခဲ့တာပေါ့...)။ ပြီးတော့ ကျူရှင်လခကိုလဲ ဗုန်းပြီး မုန့်ဝယ်စားကြသေးတာ... (အဲဒါကြောင့်လဲ ခုထိအင်္ဂလိပ်စာဆိုရင် ခွေးအကြီး မာစီဒီးစ်တက်ကြိတ်ခံရသလိုဖြစ်တုန်း..)။ လှည်းတန်းမှာ ကျူရှင်တက်တုန်းက ခွေးလိုက်ဆွဲခံရလို့ စပန့်သားဘောင်းဘီရှည်လေး ခြေသလုံးလောက်ကနေ ပြဲသွားတာလဲ သတိရတယ်.. (ခွေးမျက်စိနောက်အောင်.. ဘောင်းဘီပွပွအင်္ကျီပွပွနဲ့ တလွှားလွှားပြေးတာကိုတော့ ထဲ့သတိမရချင်တော့ပါဘူး..)။ လမ်းမတော်က ကျူရှင်မှာ ကျွန်မတို့ကိုသိပ်ချစ်တဲ့ဆရာမကို ကျူရှင်မသင်ချင်လို့ ကျွန်မရယ် ဇာမဏီရယ် နောက်သူငယ်ချင်းတစ်ယောက်ရယ်ပေါင်းပြီး ဆရာမရဲ့ရေနွေးကြမ်းထဲ ဘာမီတွန်တွေ အမှုန့်ကြိတ်ထဲ့ခဲ့ကြတာကိုလဲ သတိရတယ်.. (ဆရာမကို ကန်တော့တိုင်းစိတ်ထဲက တောင်းပန်မိပေမဲ့ ခုထိ ဖွင့်ပြောပြီး မတောင်းပန်ဖြစ်သေးတာကိုတော့ အကြွေးကျန်သလို ခံစားရတုန်းပါပဲ..)။ ငယ်တုန်းဆိုတော့ လုပ်ချင်တာကိုပဲကြည့်ပြီး အန္တရာယ်ကို ထဲ့မတွက်ခဲ့ကြဘူး... ဆရာမဘာမှမဖြစ်ခဲ့တာ တော်သေးလို့ပေါ့... ကျွန်မတို့ထဲ့ခဲ့တဲ့ ပမာဏက နည်းမှမနည်းပဲကိုး.. ခုပြန်စဉ်းစားကြည့်တော့.. သြော်ငါ့နှယ်... ငရဲကြီးမှာများမကြောက်တတ်လိုက်တာလို့... ။

ပြောရရင်တော့ အများကြီး... သတိရမိတာတွေအကုန်ရေးရရင် ဖတ်တဲ့သူလည်းစိတ်ညစ်လောက်တယ်....

6 comments:

strike said...

ဆရာမတောင် ဘာမီတွန်အခတ်ခံလိုက်ရပါလား ဘုရား ဘုရား

မလိခ said...

ဟီး.. အဲဒီတုန်းကတော့ ဆရာမအိပ်ပျော်ရင် ကိုယ်တွေ စာမသင်ရဘူးလို့ပဲ တွေးခဲ့တာကိုး... ကျူရှင်ကလဲ မနက် ၁၀နာရီလောက်ကတဲက အမေကလာပို့ပြီးရင် ညနေ ၃၊၄နာရီလောက်မှ လာကြိုတာလေ... ပြီးတော့ သင်္ချာ တမျိုးထဲ... (ဆင်ခြေ နည်းနည်းပေးကြည့်တာ... ဟီး)

strike said...

အဲ့ဒါဆိုရင်တော့ခတ်သင့်တာ ပိုလိုဗျ

မလိခ said...

အမလေး... အဲလောက်ကြီးတော့.. လူမိုက်အားပေးမလုပ်ပါနဲ့ရှင်... :)

:P said...

ဘုရားးးး ဘုရားးးး

မလိခ said...

ဟီးး ဘုရားတွေတကုန်ကြပြီ... ခု အဲလောက် မိုက်မိုက်ကန်းကန်းတွေ မလုပ်တော့ပါဘူး.. မလိခ လိမ္မာသွားပါပြီ.. ဟဲဟဲ