Monday, April 20, 2009

တစ်လမ်းသွား

ကားလမ်းလေးကို ကူးလိုက်ချင်းပဲ မြင်လိုက်ရတဲ့ မြက်ခင်းပြင်ကျယ်ကြီးကြောင့် မို့စိတ်တွေ လွတ်လပ်သွားသည်။ ရင်တစ်ခုလုံးရှင်းသွားသလို ခံစားလိုက်ရသည်..။ ရထားနဲ့ဖြတ်သွားတိုင်း မြင်ရတဲ့ ဒီမြက်ခင်းပြင်ကို လာမယ်လို့ စိတ်ထဲက တေးထားခဲ့တာ တော်တော်ကြာခဲ့ပေမဲ့ အခုမှပဲ မိုရောက်ဖြစ်တော့သည်..။

မြက်ခင်းပြင်ပေါ်ကို မိုနင်းလိုက်သည်။ မြက်ဖျားပေါ်က ရေစက်လေးတွေက ခြေညှပ်ဖိနပ်စီးထားတဲ့ မို့ရဲ့ ခြေဖမိုးကို လာထိတဲ့ အေးမြမြအထိအတွေ့ကြောင့် မို ပျော်သွားသည်။ မြက်ခင်းစိမ်းစိမ်းအောက်က မြေသားက နင်းလို့ကောင်းရုံလေးသာ ပျော့နေသည်မို့ မို ရဲရဲတင်းတင်း နင်းလျှောက်လိုက်သည်..။ မြက်ခင်းပေါ်ဖြတ်လျှောက်လာရင်း လူတွေ ငါ့ကိုမြင်ရင် ဘယ်လိုထင်ကြမလဲ ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးကြီးဝင်လာတာကြောင့် ‘မြမိုမိုရေ.. ဒီနေ့တော့ ကမ္ဘာကြီးကို မြမိုမိုတစ်ယောက်တည်း ပိုင်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ နေပစ်လိုက်စမ်းကွာ…’ လို့ မို့ဘာသာမို အသံထွက်အားပေးလိုက်သည်။ ဒီလိုဆိုတော့လည်း စိတ်တွေက ပြန်လွပ်လပ်သွားသားနော်..။

ညာဘက်ခပ်လှမ်းလှမ်းလောက်မှာ ဗျိုင်း သုံးကောင်က အေးအေးချမ်းချမ်း အစာစားနေတာကို မိုမြင်ရသည်..။ ဒီမြက်ခင်းပေါ်မှာ မိုတစ်ယောက်တည်းမှ မဟုတ်တာပဲ…။ မိုးပျံရထားလမ်းဘေးမှာ ဆိုတော့ ရထားဖြတ်သွားရင် အသံနည်းနည်းညံပေမဲ့ ကိုရွှေဗျိုင်းတွေကတော့ သူတို့နဲ့မဆိုင်သလိုလို..။ မိုတို့ဆီမှာဆိုရင် မြို့တော်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုဗျိုင်းမျိုးတွေ မြင်ရခဲသွားပြီ..။ ဒီမှာတော့ လူနေအိမ် တိုက်တာတွေနဲ့ နီးနီးလေးတွေမှာကို သူတို့တွေကြည့်ရတာ ကိုယ့်အိမ်ကိုယ့်ယာလိုနေနေကြသည်..။ ဒီကိုရောက်လာခါစက ဘူတာရုံပေါ်ကနေ ခုလိုပဲ မြက်ခင်းပေါ်မှာ အေးအေးသက်သာနေနေတဲ့ ဗျိုင်းတွေကိုကြည့်ရင်း ညိုနွဲ့ပြောတာကို သွားသတိရပြီး မို ပြုံးမိသည်..။ ‘ဒီကလူတွေ ဗျိုင်းသားဆိုတာစားရကောင်းမှန်း မသိကြသေးလို့နဲ့တူတယ်နော်… ဗျိုင်းတွေကြည့်ရတာ အေးဆေးပဲ’..တဲ့..။

မို့ရှေ့တည့်တည့်က မြက်ပြင်ကျယ်အဆုံးမှာ ကတ္တရာလမ်းကျဉ်းကျဉ်းလေးရှိနေသည်..။ တခါတခါ စက်ဘီးစီးနေတဲ့ ကောင်လေးငယ်ငယ်လေးတွေ၊ ညနေခင်း အေးအေးဆေးဆေး လမ်းလျှောက်နေတဲ့ မိသားစုတွေကို ရထားပေါ်ကနေ မို တွေ့ရတတ်သည်.။ ဒီနေ့တော့ အဲဒီလမ်းလေးမှာလဲ လူရှင်းနေသည်..။ မို လမ်းကလေးဆီလျှောက်လာသည်..။ မြက်ခင်းနဲ့ လမ်းကလေးကြားမှာ ခြားထားတဲ့ ရေမြောင်းလေးကို ကျော်ပြီးချိန်မှာ လမ်းတစ်ဖက်ခြမ်းလုံး အပင်တွေ အုံ့ဆိုင်းနေတဲ့ လမ်းကလေးပေါ်ကို မိုရောက်နေပြီ..။ လမ်းလေးရဲ့တစ်ဖက်မှာက အစိမ်းရင့်ရောင်အရွက်ကြီ်းကြီးတွေရှိတဲ့ အပင်တွေ…အဲဒီအပင်တွေရဲ့ အောက်မှာက အရွက်ဖားဖားရှည်ရှည်နဲ့ ကွင်းထိုးဂမုန်းလိုလို အပင်တွေ ချုံပင်ဆန်ဆန် အပင်တွေက အပင်တန်းတွေရဲ့ တစ်ဖက်မှာ ဘာရှိနေတယ်ဆိုတာကို မသိရအောင် ကာထားကြသည်.။

ရထားနဲ့ဖြတ်သွားနေကြဆိုတော့ မိုကတော့ အဲဒီ အပင်တံတိုင်းရဲ့ဟိုဘက်မှာ ဘာရှိတယ်ဆိုတာသိနေသည်..။ မြောင်းကျယ်ကြီးတစ်ခု…။ ရေတွေတသွင်သွင်စီးနေတဲ့ အဲဒီမြောင်းကြီးက မိုးရေတွေ မလိုအပ်တဲ့ရေတွေကို ပင်လယ်ထဲကို အရောက်ပို့ပေးတဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံရဲ့ ပြယုဒ်တစ်ခုပါပဲ…။ အဲဒီမြောင်းကြီးရဲ့တစ်ဖက်မှာတော့ … .... မိုမမြင်ချင်တဲ့ အရောင်စုံ ဒီဇိုင်းစုံကားတွေ အဆက်မပြတ်ဖြတ်နေတဲ့ ကားလမ်း… တိုက်မြင့်ကြီးတွေ စက်ရုံကြီးတွေ.. မို့ကို အသက်ရှုကျပ်စေတဲ့ မြို့ပြရဲ့ သင်္ကေတတွေ…။ မိုအဲဒီအကြောင်းတွေ ဆက်မတွေးချင်တော့..။

လမ်းကလေးတစ်လျှောက် အပင်အုပ်အုပ်တွေ မြင်ရတဲ့ဆီကိုဆက်လျှောက်လာသည်..။ မို ကျောခိုင်းထားတဲ့ လမ်းကလေးရဲ့ တစ်ဖက်ဆုံးမှာက….. မိုမမြင်ချင်တဲ့ အရာတွေ…။ နေအိမ်တိုက်ခန်းတွေ.. ကားတွေ..။ အဲဒါတွေထဲမှာ လူတွေရှိနေကြသည်..။ လောဘတွေ.. ဒေါသတွေ .. မောဟတွေ .. မာန်မာနတွေ.. နဲ့ အဆိပ်သင့်နေကြတဲ့လူတွေ…။ မိုကိုယ်တိုင်ကရော…???? မို မစဉ်းစားချင်တော့…

မို လွတ်လပ်ချင်သည်….။ လွတ်လပ်မှုတွေကိုချစ်တဲ့မို…… လွတ်လပ်ဖို့ကြိုးစားရင်း…. ကိုယ်ဆင်တဲ့ ကြိုးတွေထဲမှာ ပြန်ချည်နှောင်ခံရတော့….. ..မို့ကိုဘယ်သူလာသနားမှာလဲ….။ ဟုတ်တယ်….. မို့ကိုမိုတောင် မသနားဘူး……။

မို… လယ်ကွင်းတွေကိုချစ်တယ်….။ စပါးခင်းစိမ်းစိမ်းလေးတွေကိုချစ်တယ်…..။ ကောက်သိမ်းချိန်…ရိုးပြတ်နံ့တွေကိုလည်း ချစ်တယ်…..။ သစ်တောတွေကိုလည်းချစ်တယ်….။ ရိုးမတောင်တန်းတွေကိုလည်းချစ်တယ်….။ ပင်လယ်ကိုလည်းချစ်တယ်…။ ဧရာဝတီကိုလည်း ချစ်တယ်….။ သနပ်ခါးလိမ်းထားတဲ့ ပါးပြင်လေးတွေကိုလည်းချစ်တယ်…..။ ဆောင်းရာသီကိုလည်းချစ်တယ်….။ ခြံထောင့်က ဆောင်တော်ကူးပန်းတွေကိုလည်း ချစ်တယ်…။ အဖေနဲ့အမေ ကိုလည်းချစ်တယ်….။ ကျောင်းကပြန်လာတိုင်း…. မမကြီးမိုရေ…ဆိုပြီးရောက်လာတတ်တဲ့ မောင်လေး ညီမလေးတွေကိုလည်းချစ်တယ်….။မိုချစ်တဲ့လူတွေ… မိုချစ်တဲ့ အရာတွေ…မို့ကိုချစ်တဲ့လူတွေ…. အဲဒါတွေကမို့ကို မလွတ်လပ်စေဘူးလို့များ မိုတွေးခဲ့မိသလား……..။ မို..မသိတော့...

လွတ်လပ်မှုဆိုတာကို မိုအဓိပယ်ကောက်လွဲခဲ့ပါသလား….။ အဲဒါလည်းမို မသိတော့….

မိုသိတာက တောင်ပေါ်မြို့လေးက အိမ်သေးသေးလေးရှိတဲ့ ခြံဝန်းကျယ်ကြီးထဲမှာ…. မို… ပန်းတွေစိုက်ချင်သည်…။ ခြံနောက်ဖေးမှာ သီးပင်စားပင်လေးတွေ စိုက်မည်….။ ထမင်းစားခါနီး ခြံနောက်ဖေးက မုန်ညင်းတွေဆွတ်ပြီး မုန်ညင်းရွက်ကြော်လေးကြော်လိုက်မည်…။ ညနေပန်းပင်တွေရေလောင်းရင်း နောက်တနေ့မနက် ပန်းလာကောက်တဲ့ဖောက်သည်တွေအတွက် ပန်းတွေခူးပြီး စည်းထားလိုက်မည်…။ အဲဒီထဲက အလှဆုံးပန်းတွေကိုတော့ မို့အိမ်လေးက ဘုရားမှာ ပန်းကပ်လိုက်မည်…..။ ညဖက်အေးလာရင် အိမ်ရှေ့နားကမြေကွက်လပ်လေးမှာ မီးဖိုပြီး မီးလှုံရင်း ကန်စွန်းဥဖြစ်ဖြစ် အာလူးဖြစ်ဖြစ် မီးဖိုထဲ ပစ်ထည့်လိုက်ပြီး မီးဖုတ်စားလိုက်မည်….။ မနက်စောစောထပြီး ပါးစပ်ကအငွေ့ထွက်အောင် ခဏခဏ `ဟား`ကနဲလုပ်လို့လည်းရသေးသည်….။ အဲဒီခြံလေးထဲမှာ…. လောဘ…ဒေါသ…မောဟတွေ …. မာန်မာနတွေ…. အဲဒါတွေဆီကနေမိုပုန်းနေနိုင်သည်….။ ကားရောင်စုံတွေထက်ကို မို့ပန်းရောင်စုံတွေက ပိုလှနေလိမ့်မည်….။ အော်ဂင်းနစ်လို့စာတန်းထိုးထားတဲ့ အသီးအရွက်တွေထက်ကို မို့ခြံကထွက်တဲ့အော်ဂင်းနစ်စစ်စစ်က ပိုချိုနေမှာသေချာသည်…။ အဲင်္ဒီလိုတွေလည်း မို ကျေနပ် ဂုဏ်ယူနေနိုင်သေးသည်…..။ ပြီးတော့…..

မို့ခြေလှမ်းတွေရပ်သွားသည်….။ မို့အိမ်ကလေးရော ပန်းခင်းလေးရော စိုက်ခင်းလေးရော မို့မြင်ကွင်းထဲက အားလုံးပျောက်သွားသည်….။ မို့ရှေ့တည့်တည့်မှာမြင်ရတာက သံပန်းတွေကာထားတဲ့ ကတ္တရာလမ်းဆုံး…..။

မို သက်ပြင်းချလိုက်မိသည်…..။ အိမ်ပြန်နောက်ကျရင် စိတ်ပူပေးမယ့်သူရှိတာကို ချုပ်ခြယ်တယ် ထင်ခဲ့တဲ့မို….. လူနေမှုအဆင့်အတန်းမြင့်တာကို စိတ်ဓာတ်အဆင့်အတန်းမြင့်တာနဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ်လို့ထင်ခဲ့တဲ့မို……။

ချုပ်ခြယ်မှုလို့ထင်တဲ့နေရာကနေ လူနေမှုအဆင့်အတန်းမြင့်တဲ့နေရာကိုရောက်ဖို့ အသည်းအသန်ကြိုးစားခဲ့တဲ့မို……….။ ခုတော့ အမေ့ရင်ခွင်ကိုပြန်ချင်ပြီ…..။ ဒါပေမဲ့…… နောင်တရပါပြီဆိုပြီး ဒီနေရာကိုကျောခိုင်းဖို့သတ္တိတွေရော မို့မှာရှိပါရဲ့လား…..။

နေသားကျနေတဲ့ တာဝန်ယူမှုတွေ တာဝန်သိမှုတွေ…. နောက်ပြီး ငွေကြေး…. အဲဒါတွေကိုရော မိုစွန့်လွှတ်ရဲလို့လား…..။

တကယ်တော့ မိုက မို့ကိုတင်းသထက်တင်းအောင်ချည်မယ့်ကြိုးတွေကို ကြိုးကြိုးစားစားရှာဖွေခဲ့မိတာ……။ မိုသတိထားမိတဲ့ အချိန်မှာတော့ မို့အင်အားနဲ့မမျှအောင် ကြိုးတွေက တင်းကျပ်နေခဲ့ပြီ………။

မို နောက်ပြန်လှည့်ပြီး လာရာလမ်းကိုပြန်ဦးတည်လိုက်သည်…..။

ဘ၀ဆိုတာ ဒီလိုလှည့်ချင်တိုင်းနောက်ပြန်လှည့်လို့ရတဲ့ ကတ္တရာလမ်းလေးပေါ်မှာ လမ်းလျှောက်နေတာမျိုးဆို ဘယ်လောက်ကောင်းလိုက်မလဲ



P.S။ ။ ကျွန်မ စာကောင်းကောင်းမရေးတတ်ပါဘူး...။ ဒါပေမဲ့ ရူးတယ်ပဲပြောပြော လက်တည့်တော့ စမ်းချင်မိပါတယ်...။ ဝေဖန် အကြံပေးပေးကြပါနော်...။ ကျေးဇူးတင်ပါတယ်..။

4 comments:

နွေးနေခြည် said...

မှန်တယ် မှန်တယ် လှည့်ခွင့်ရှိရင်တောင် လှည့်ဖို့မလွယ်တော့ဘူး...

အပြုံးပန်း said...

တကယ်ကောင်းပါတယ်၊
ထပ်တူခံစားမူရနေတယ်၊
ဘ၀ဆိုတာကို တခါတလေ ပြန်လှည့်ကြည့်ချင်စိတ်ပေါ်မိတာ ခဏခဏ။

မလိခ said...

နေခြည်ရော မအပြုံးပန်းကိုရော အားပေးတာ ကျေးဇူးတင်ပါတယ်.. တကယ်ပါ.. :D

သီဟသစ် said...

နောက်ပြန်မလှည့်ချင်တော့ပါဘူး..
ဒီလမ်းကြီးကိုဘဲ ပြန်လျှောက်ရမှာမို့..

လက်ရှိပစ္စုပ္ပုန်မှာ ပဲ ပျော်အောင်ကြီုးစားကြပါစို့.