Wednesday, April 13, 2011

နှစ်ကူးမိုး

နောက်ဆုံး တင်ဖြစ်တဲ့ ပို့စ်က ၂၀၁၀ ဇွန်လကဆိုတော့ ကိုယ့်ဘာကိုယ်တောင် လန့်သွားတယ်... သီချင်းတောင် ကောက်ကက်ဆိုလိုက်မိတယ်... ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ..... လို့။း)

ဘလော့တွေကို စိတ်ကရောက်ပြီး လူမှုရေးကိစ္စတွေထဲ မျောနေတာနဲ့ လူက မရောက်ဖြစ်ဘူး ဖြစ်နေတယ်။ ခုတလောတော့ မိုးတွေ ဆက်တိုက်လိုလိုရွာပြီး ချမ်းစိမ့်စိမ့်ဖြစ်နေတာနဲ့.. ဟိုကိုလွမ်းသလိုလို ဒီကိုလွမ်းသလိုလို ဟိုလူ့လွမ်းသလိုလို ဒီလူ့ လွမ်းသလိုလိုနဲ့။

နှစ်သစ်ကူးခါနီးမို့ နှစ်ကူးမိုးရွာနေပြီ...။ မေမေကတော့ ပြောတယ် ရန်ကုန်မှာတော့ ပူလိုက်တာတဲ့...။ ပိတောက်တွေပွင့်ရဲ့လားလို့တောင် မေမေ့ကို မမေးလိုက်မိဘူး..။ ခုနေတဲ့ ကျွန်မတို့အိမ်နောက်က ပိတောက်ပင်တွေကတော့.. အရင်လက ဘာစိတ်ကူးပေါက်တယ်မသိဘူး ဟိုတဝါ ဒီတဝါနဲ့ ကြိုကြား ပွင့်သွားသေးတယ်...။ ပွင့်စေချင်လို့ အခုမျှော်ခါမှ.. မပွင့်နိုင်သေးဘူး...။ ခုတလော လေရော မိုးရော ကြီးနေလို့ပဲ အဖူးတွေ ပါကုန်ပြီလားတောင် မပြောတတ်ဘူး..။ တခါတခါတော့လဲ စဉ်းစားမိတယ်.. သင်္ကြန်က နိုင်ငံတကာပွဲ ဖြစ်သွားရင်လဲ ကောင်းမှာလို့လေ..။ ခုလိုမိုးအေးအေးနဲ့ဆို သင်္ကြန်ရုံးပိတ်ရက်လေး အိမ်မှာ မုန့်တွေလုပ်စားပြီး ဝတ္ထုလေးဖတ်နဲ့အတော် ကွေးလို့ကောင်းမှာလို့...။ စိတ်ကူးယဉ်ကြည့်တာပါ...။

နောက် ခုတလောမှ မိုးတွေဆက်တိုက်ရွာရတဲ့ တရားခံက ရှိသေးတယ်..။ အိမ်က သူငယ်ချင်းလင်မယားပေါ့..။ အဲဒီ ကိုကပ်စီးက ဟိုတစ်နေ့က ကြက်တောင်ရိုက်ချင်လို့ဆိုပြီး ဘတ်တံနဲ့ ကြက်တောင်တွေ ဝယ်လာတယ်..။ အားလုံးပေါင်း ဒေါ်လာ၆၀လောက် ကျတယ်ဆိုလားပဲ...။ အဲဒီနေ့ ညနေကတည်း ရွာလိုက်တဲ့မိုးဆိုတာလေ... အိမ်နားက သစ်ပင်ကြီးတောင် ထပ်ပိုင်းကျိုးကျတဲ့အထိ...။ သူငယ်ချင်းကလဲ မလျှော့သေးဘူး... နေ့လည်လောက်ဆို ကြေညာပြီ... ဒီနေ့ညနေတော့ ရုံးကပြန်ရောက်ရင် ကြက်တောင်ရိုက်မယ်ဟာတဲ့...။ မကြာပါဘူး ... ညနေ ၄နာရီကျော်လောက်ဆို မိုးက စရွာတာပဲ သည်းကြီးမည်းကြီး...။ အဲ.. ရှိသေးတယ်.. အဲဒီမိုးက..။ အဲဒီသူငယ်ချင်းက အိုတီရှိလို့ တော်တော်မိုးချုပ်မှ ပြန်ရောက်တဲ့ နေ့ဆိုရင်တော့ ကိုရွှေမိုးကလဲ အဲဒီညနေကို အနားယူပြီး ရွာတော် မမူရှာဘူးရှင့်...။

အဲတော့.. စဉ်းစားစရာတွေ ဖြစ်ကုန်တယ်...။ ခုဆို ထီးမပါတဲ့ နေ့တွေဆို.. သူ့ကို လှမ်းပြောထားရတယ်.. “ နင်.. ကြက်တောင်ရိုက်ချင်စိတ်လေးကို ဒီတစ်ရက် အောင့်ထားရင် ထား.. မဟုတ်ရင်လဲ ဒီနေ့ အိုတီဆင်းလိုက်ဟယ်..” လို့... :D


နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ...
မလိခ