Thursday, April 2, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (မန္တလေး၊ပြင်ဦးလွင်) (၆)

ဆောင်းတွင်းမို့ မန္တလေးမနက်က နည်းနည်းချမ်းစိမ့်စိမ့်လေးနဲ့ပါ....ကျွန်မတို့ ကားလေးက အုတ်တံတိုင်းနီနီနဲ့ ရတနာပုံတက္ကသိုလ်ကို ကျော်လာပြီးတော့ လမ်းကလေးက တဖြည်းဖြည်းကျဉ်းလာတယ်... အရိပ်ကောင်းကောင်းအပင် အကြီးကြီးတွေအောက်က ချစ်စရာကောင်းတဲ့ လက်ဖက်ရည်ဆိုင် မုန့်ဆိုင်တွေကိုလဲ လမ်းတလျှောက်မြင်ရသေးတယ်... ဆိုင်ကယ်တွေကိုယ်စီနဲ့ ကျောင်းသားကျောင်းသူလေးတွေ... သူတို့တွေကိုကြည့်ပြီး ကျွန်မတို့ကျောင်းတက်တုန်းက အချိန်ကို ပြန်သတိရမိတယ်... စာသင်ခန်းထက် ကန်တင်းန်မှာ အချိန်ပိုကုန်ခဲ့တဲ့ အချိန်တွေပေါ့.... ကားရပ်သွားတဲ့ အချိန်မှ ရှေ့ကိုကြည့်လိုက်တော့ ဦးပိန်တံတား.....ကျွန်မဖေဖေနဲ့ မေမေက ကျွန်မတို့သုံးယောက်ကို တောင်သမန်ရွာဖက်မှာ.. ချပေးခဲ့ပြီး အမရပူရဖက်မှာ စောင့်နေမယ်လို့ပြောပြီး.. ထွက်သွားကြသည်.... ဘယ်လိုပဲဖြစ်နေနေ ဦးပိန်တံတားကို အစအဆုံး လျှောက်ဆိုတဲ့ သဘော...

သုံးယောက်သား တံတားပေါ်လျှောက်ရင်း ဓာတ်ပုံရိုက်ရင်းနဲ့ လျှောက်လာကြသည်.... ဦးပိန်တံတားကို ဟိုးအရင်က အမရပူရဖက်ကနေ ခဏတဖြုတ်ရောက်ဖူးပေမဲ့ နည်းနည်းလောက်လျှောက်ပြီးတာနဲ့ လှည့်ပြန်ဖြစ်တာများတော့ တောင်သမန်အင်းကြီး ဒီလောက်လှလိမ့်မယ်လို့ မထင်ခဲ့မိတာအမှန်..... အင်းထဲက စိုက်ခင်းစိမ်းနုနုတွေ.... ယာတဲလေးတွေ.... ဘဲအုပ်တွေ... ပြီးတော့ ဘဲကျောင်းနေတဲ့ လှေပေါ်က ကောင်လေး.... တကယ့် ပန်းချီကားလိုပါပဲ.... အင်းထဲက အပင်ကြီးအောက်က ကုန်းကလေးပေါ်မှာဆောက်ထားတဲ့ တဲကြီးထဲမှာတော့.. လွယ်အိတ်ကလေးတွေကိုယ်စီနဲ့ ကျောင်းသားအများစုကိုမြင်ရသည်.... ပြီးတော့ သတိထားမိတာတစ်ခုက တံတားပေါ်ဖြတ်သွားတဲ့ လူအများစုက လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသားကျောင်းသူတွေ.... တချို့ကနှစ်ယောက်တည်း... တချို့ အဖွဲ့လိုက်... အော်ဟစ်စနောက်ပြီး ဟေးလားဝါးလားနဲ့... သူတို့လေးတွေကိုကြည့်ပြီး... ကျောင်းတုန်းကသူငယ်ချင်းတွေကို သတိရမိသလို.. အဲဒီလိုအချိန်မျိုး ပြန်မရနိုင်တော့တာ တွေးလိုက်မိတော့... ရင်ဘတ်ထဲက အောင့်သလိုလို....

နောက် .... တံတားပေါ်မှာကြုံရတာတစ်ခုက.... ကျွန်မတို့တံတားပေါ်စလျှေက်ကတည်းက ကောင်လေးတဖွဲ့ အနောက်ကနေပါလာတာ သတိထားမိတယ်.... နောက်ကနေ မကြားတကြားစရင်းသူတို့ပါလာတယ်.... ငယ်ငယ်တုန်းကဆိုရင်တော့ ဒေါသထွက်မိမှာသေချာတယ်.... ခုတော့ သူတို့က ကိုယ့်ထက် ၆နှစ် ၇နှစ်လောက် အနည်းဆုံးငယ်မှာဆိုတော့ ကလေးတွေပဲဆိုပြီး ကျွန်မတို့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်ဘာသာကိုယ် ဓာတ်ပုံတွေရိုက်စရာရှိ ရိုက်နေလိုက်တယ်.... ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ ကျွန်မတို့က ခပ်နှေးနှေးပေါ့.... ကြာတော့ ဘာ response မှလဲမရှိ... ဖြေးဖြေးလေးလဲသွားနေတာဆိုတော့ သူတို့စိတ်မရှည်တော့ဘူးနဲ့တူပါတယ်.... နောက်ဆုံးကျွန်မတို့ကိုကျော်တက်သွားတယ်.... ပြီးတော့လှည့်ကြည့်ပြီး.. ပြောသွားသေးတယ်.... အဲဒီစကားကိုကြားပြီး ကျွန်မရော ဇာမဏီရော.. ရယ်ရမလို စိတ်ဆိုးရမလို အောင့်သက်သက်နဲ့ကျန်ခဲ့ရတယ်... ပြောသွားတာက ... `ဟာ... ဟိုင်းတီးကြီးတွေပါကွာ´ တဲ့...


နောက် မဟာမြတ်မုနိဘုရားကြီးကို ၀င်ဖူးကြတယ်.... အဲဒီကအပြန်.. နေ့လည်စာစားကြတော့ မေမေက သူ့အကြိုက် ခရုဟင်းမှာတယ်.... မိုးရာသီမှာ အိမ်ခြံစည်းရိုးတွေမှာ တွေ့ရတတ်တဲ့ ခရုလိုပုံစံတွေ.. သူကနည်းနည်းသေးတယ်.. မစားဘူးတဲ့ အထူးအဆန်းဆို စားကြည့်လိုက်ချင်တဲ့ ကျွန်မနဲ့ ဇာမဏီ.. ထမင်းမစားခင် အရင်ရောက်လာတဲ့ ခရုဟင်းကို ၀မ်းသာအားရနဲ့ ကျွန်မတို့စားဖို့ကြိုးစားကြတာ... မေမေ့ဘေးမှာ ခရုခွံတွေပုံလာတဲ့အထိ.. ကျွန်မတို့မှာ တစ်ကောင်စားလို့မရသေးဘူး... ဖေဖေနဲ့ ကားမောင်းသမားကြီးကတော့ သူတို့အကြောင်းသူတို့ သိကြလို့နဲ့တူတယ်... ခရုဟင်းကို ထိကိုမထိကြဘူး... ခရုဟင်းစားရင် အဆုတ်အားကောင်းတယ်လို့ပြောကြပေမဲ့.. ကျွန်မကတော့ တခြားနည်းတွေနဲ့ပဲ အဆုတ်အားကောင်းအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်...

နေ့လည် ၂နာရီကျော်လောက်မှာ.. ကျွန်မတို့ မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်ကို တက်ခဲ့ကြတယ်... မန္တလေးနဲ့နီးတဲ့ ဖက်အခြမ်းက အပင်တွေက အရွက်တွေကြွေပြီး အရိုးတွေပြိုင်းနေပေမဲ့ ၂၁မိုင်ရဲ့ဟိုဘက်မှာတော့... လေလေးကလဲ စိမ့်ပြီးအေးလာသလို.. အပင်တွေလဲပိုပြီးစိမ်းစိုလာတယ်... အောင်ချမ်းသာအလွန် လောက်ကစလို့... နီရဲရဲ ခရစ္စမတ်ပန်းတွေက လမ်းတလျှောက်လုံးပွင့်လို့.. .... ပင်လုံးကျွတ် အရွက်မရှိအောင်ပွင့်နေတဲ့ ပန်းရောင်ဖျော့ဖျော့ပန်းလေးတွေကိုမြင်တော့ အဲဒါချယ်ရီပေါ့လို့ ပြောလိုက်တော့... တလမ်းလုံးစကားများခဲ့တဲ့ ဇာမဏီ အသံတိတ်သွားတယ်.... ပြီးတော့ လှလိုက်တာဆိုပြီး သူကြည့်မ၀ဖြစ်နေတယ်.. ဒါသူ့ဘ၀မှာချယ်ရီကို ပထမဆုံးမြင်ဖူးတာကိုး.... သူ့ခံစားချက်ကိုကျွန်မသိတာပေါ့... ကျွန်မကိုယ်တိုင်လည်း ချယ်ရီကို ပထမဆုံးမြင်ဖူးတုန်းက အဲဒီလိုပဲ... ရန်ကုန်မှာကြီးပြင်းခဲ့တဲ့ ကျွန်မတို့အတွက် ချယ်ရီဆိုတာ ကဗျာတွေ စာတွေ ရုပ်ရှင်တွေထဲမှာပဲရှိခဲ့တာလေ... ကျောင်းပိတ်ရက် ရှမ်းပြည်ဖက်ခရီးထွက်ရင်တောင် နွေရာသီမို့ချယ်ရီကိုမတွေ့ခဲ့ရ.... စိန်ပန်းပြာနဲ့ပဲ စိတ်ဖြေခဲ့ရတာ.... ခုတော့ ချယ်ရီတွေများ... ဘယ်နေရာကြည့်ကြည့် သူချည်းပဲ...

တည်းမယ့်ဟိုတယ်ရောက်တော့ ဟိုတယ်ဝင်းထဲက အပင်ကြီးတစ်ပင် အသီးတွေဝေနေတာတွေ့လို့ ကြည့်လိုက်တော့ ထောပတ်ပင်တဲ့..... ထောပတ်သီးကြိုက်တဲ့ ထောပတ်သီးပင်တခါမှ မမြင်ဖူးတဲ့ ကျွန်မတို့နှစ်ယောက် ၀မ်းသာအားရနဲ့ ဓာတ်ပုံရိုက်ရင်း ၀န်ထမ်းတွေအလစ်မှာ အသီးတွေကို ခဲနဲ့ခူးချရအောင်လို့လဲ တိုင်ပင်ကြသေးတယ်... (တကယ်တော့ဘယ်လုပ်ပမလဲနော်... အာချောင်ကြည့်တာပေါ့... အဲဒါကြောင့်သူများတွေကလဲပြောပါတယ်.... နင်တို့နှစ်ယောက်က ဖားလိုပဲတဲ့ ကိုယ့်အသံကြောင့်သေမှာတဲ့... :P )...။ ပြီးတော့ အရွက်တရွက်မှမရှိပဲ တပင်လုံးပန်းဖြူဖြူတွေပွင့်နေတဲ့... အပင်ကို ညီမလေးက ချယ်ရီအဖြူလားမသိဘူးဆိုတော့.. ကျွန်မတို့ ဥာဏ်ကြီးရှင်နှစ်ယောက်ကလဲ ဟုတ်လားမသိဘူးဆိုပြီး ဇဝေဇ၀ါနဲ့.. အဲဒီ ပန်းတွေက မွှေးလည်းမွှေးသေးတယ်... သင်းသင်းလေးရယ်....

အဲဒီနေ့ညနေ ကျွန်မတို့ မဟာအံ့ထူးကံသာဘုရားကို သွားဖူးကြတယ်...။ အရင်ဆို ဘုရားစောင်းတန်းမှာ စပယ်တို့ ရွှေပန်းငွေပန်းတို့ကို မြင်ရပေမဲ့.. ဒီတစ်ခေါက် ချယ်ရီကုံးလေးတွေကို ရောင်းနေတာတွေ့ရတယ်.. ချစ်စရာလေးတွေ..... ... ရာသီဥတုကလည်း အေးသထက်အေးလာတယ်... စင်္ကာပူမှာမရှိတဲ့ ဆောင်းရာသီကို ခံစားချင်လွန်းလို့ဆိုတဲ့ ကျွန်မတို့နှစ်ယောက်လဲ အေးလိုက်တာ အေးလိုက်တာနဲ့အော်ရင်း ပျော်နေကြတယ်...။ နေ၀င်သွားပေမဲ့ ကျန်ခဲ့တဲ့ အလင်းရောင်အောက်မှာ ဘုရားရှိရာကုန်းမြင့်ကနေမြင်ရတဲ့ တောင်ယာတွေကို ကြည့်ရတာ အိမ်မက်လိုမှုန်ဝါးဝါးနဲ့.....

ညဖက်လူကြီးတွေအိပ်မှ ကျွန်မတို့သုံးယောက် အခန်းအပြင်ထွက်ပြီး ပါးစပ်ထဲက အငွေ့တွေထုတ်ရင်း ပျော်ကြသေးတယ်.... ဒါမျိုးက စင်္ကာပူလိုကျွန်းပိစိလေးမှာမရနိုင်ဘူးလေ......


ဆက်ရန်

3 comments:

strike said...

ဖတ်ရတာတောင်ပျော်စရာလေး...ကောင်းတယ်ဗျာ ပျော်ခဲ့ကြတာ

စူးနွယ်လေး said...

ပျော်စရာလေး။ အညာကိုလွမ်းတယ်။
ဘုရားကြီးက ခိုတောင်မုန့်တီ လည်းစားချင်တယ်။

မလိခ said...

အဲဒီမှာ မုန့်တီကောင်းလို့လား အမ.. မန္တလေးက ကျွန်မအတွက် ကပ်ကျော်ဖြစ်နေတယ်.. ရှမ်းပြည်ကိုပဲလည်ဖြစ်နေလို့.... :)