Saturday, September 3, 2011

တစ်ချိန်တုန်းက ၃

ကျောင်းအကြောင်းသတိရရင်.. မဖြစ်မနေသတိရမိတာက သူငယ်ချင်းတွေ..။ တစ်နေရာစီ တစ်နိုင်ငံစီ.. ဘယ်လိုပဲဝေးဝေး... ခံယူချက်တွေ ဦးတည်ချက်တွေ ဘယ်လိုပဲ ဆန့်ကျင် ဆန့်ကျင် .. ကျွန်မတို့တူတူ မျှဝေခဲ့ကြတဲ့ ဂျီတီစီနေ့ရက်တွေကတော့.. ဘယ်တော့မှ မမေ့နိုင်မဲ့ အမှတ်တရတွေပါပဲ..။ အဲဒီနေ့ရက်တွေထဲမှာ ကျွန်မတို့ ရယ်မောခဲ့ကြတယ်.. ပျော်ရွှင်ခဲ့ကြတယ်.. ဗရုတ်သုတ်ခတွေလုပ်ခဲ့ကြတယ်.. ပေါက်ကရတွေ ပြောခဲ့ကြတယ်.. ဘာမဟုတ်တာတွေကို ငြင်းခုံခဲ့ကြတယ်.. စိတ်ဆိုးခဲ့ကြတယ်.. ရန်ဖြစ်ခဲ့ကြတယ်.. ငိုခဲ့ကြတယ်.. တစ်ယောက်နဲ့တစ်ယောက် မရယ်ရွယ်ပါပဲ နာကျင်စေခဲ့ကြတယ်..။ ဘယ်လိုတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်မတို့ရဲ့ မှတ်ဥာဏ်တွေမှာ အလွယ်တကူမှတ်မိနေခဲ့တာက အတူတူပျော်ရွှင်ခဲ့ကြတဲ့ အချိန်တွေ..။ သူငယ်ချင်းတွေဆုံတိုင်း ပြန်ပြောမိတာက ရယ်မောခဲ့ကြတဲ့ အဖြစ်တွေ..။


ကျွန်မကို ပထမဆုံးကျောင်းအပ်နဲ့နေ့မှာ မေမေနဲ့ဖေဖေက လိုက်ပို့တယ်..။ ကျောင်းရောက်တော့ မေမေတို့ မိတ်ဆွေနဲ့ သူ့သမီးကို တွေ့တယ်..။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီကောင်မလေးကလဲ ကျွန်မနဲ့ မေဂျာတူနေတယ်..။ လူငယ်ဆိုတော့လဲ စကားတစ်ခွန်း နှစ်ခွန်းလောက်ပြော ပြုံးပြနှုတ်ဆက်နဲ့တင်.. သူနဲ့ကျွန်မ ခင်မင်သွားတယ်..။ နောက် icebreaker လုပ်ချင်တဲ့ ကျွန်မက ဘာမှ စကားဆက်မပြောပဲ ပြုံးနေတဲ့ သူ့ကို ကျောင်းတပတ် ပတ်ကြည့်ရအောင်လို့.. ဆွယ်လိုက်တယ်..။ သူကလဲ နှစ်ခါဆွယ်စရာ မလိုတဲ့ သူမျိုး...။ ဒါနဲ့ ကျွန်မတို့ နှစ်ယောက် အဲဒီ ကျောင်းဆောင် တပတ် ပတ်ကြည့်ကြတယ်.. (သိပ်အဝေးကြီးတော့လဲ မသွားရဲဘူးလေ... မရင်းနှီးတဲ့နေရာဆိုတော့)..။ သတိထားမိတာက.. ကျွန်မတို့ တရပ်ကျော်လောက်ရှိတဲ့ မြက်ပင်ရှည်တွေက ကျောင်းပတ်ပတ်လည် ဝိုင်းနေတယ်..။ ဟိုးခပ်လှမ်းလှမ်းမှာ နှစ်ထပ်ဆောင်ကြီး တစ်ဆောင်... လမ်းဟိုဘက်မှာ တိုက်ဝါဝါပုပုလေးတစ်ခု.. (နောက်တော့မှ အဲဒီတိုက်ပုလေးက ကျွန်မတို့ရဲ့ department ဖြစ်နေမှန်းသိရတယ်..). ဒါပဲ ...။ အဆောက်အဦးဆိုလို ကျွန်မတို့မြင်ရတာ ဒီနှစ်ခုပဲ..။ ကျန်တာက မြက်ပင်ရှည်တွေ...။ အူကြောင်ကြား ကျွန်မတို့ နှစ်ယောက် ဟိုကြည့်ဒီကြည့် ကြည့်နေတုန်း.... အဲဒီမြက်ပင်ရှည်ရှည် ခြုံတွေကြားကနေ... အစ်ကိုကြီးတစ်ယောက်နဲ့ အစ်မကြီးတစ်ယောက် ထွက်လာတယ်..။ ကျွန်မတို့လဲ.. တစ်ယောက်ကိုတစ်ယောက် လက်ကုပ်ရင်း .. မျက်စတွေပစ်ရင်း... ဟယ် ဘာတွေတုန်း... ရှက်စရာတွေလား...အို....။ ဘာညာ စသည်ဖြင့်.. လျှောက်တွေးရင်း... အဲဒီနေရာက မြန်မြန်လစ်လာခဲ့တယ်..။ ကျွန်မရဲ့ ဂျီတီစီနေ့ရက်တွေထဲမှာ သူမက ကျွန်မရဲ့ပထမဆုံးသူငယ်ချင်း ဖြစ်လာတယ်..။ ကျွန်မတို့ တွဲဖြစ်တဲ့ ခုနှစ်ယောက် အဖွဲ့မှာ သူမက အကောင်အသေးဆုံးမို့..ကျွန်မတို့က သူမကို တခါတခါ မှင်စာ လို့ ခေါ်တယ်..။

ကျောင်းစတက်ရတဲ့ နေ့မှာတော့.. ကျွန်မရယ် မှင်စာရယ် ဇာမဏီဆိုတဲ့ သူငယ်ချင်းရယ် (ဇာမဏီက ကွန်ပျူတာက .. ကျွန်မတို့ကျောင်းစဖွင့်ချိန် သူမကျောင်းက မဖွင့်သေးတာကြောင့် သူမက ကျွန်မကျောင်းကို လိုက်လည်ပါတယ်.. ဆတ်ဆတ်ဆော့ဆော့လေ.. ဝါသနာကြီးကြတာကိုးး. :P). မှင်စာ့ဦးလေးကားနဲ့ ကျောင်းကိုရောက်လာတယ်..။ ကျောင်းထဲဝင်တော့ အမြင်ဆန်းနေတယ်လို့ ထင်မိတာ... ဟိုနေ့က ကျွန်မတို့ တွေ့ခဲ့တဲ့.ကျောင်းသားရေးရာ ပတ်ပတ်လည်က မြက်ပင် ရှည်ရှည်တွေ မရှိတော့ပဲ ရှင်းလင်းနေတယ်..။ မြက်ပင်တွေ မရှိတော့မှပဲ... ကျောင်းသားရေးရာ တည်ရာထက် မြေအနိမ့်ပိုင်းမှာ ရှိနေတဲ့... တစ်ထပ်တိုက် အဆောင်တွေ တသီတတန်း ကို တမျှော်တခေါ် လှမ်းတွေ့လိုက်ရတော့တယ်...။ အဲဒီတော့မှ .. ကျောင်းလာအပ်တဲ့နေ့က ခြုံထဲက ထွက်လာတဲ့ နှစ်ယောက်ကို တွေးမိပြီး အားလုံးသဘောပေါက်သွားတယ်...။ အော် ငါတို့လဲ သူတို့လို ခြုံတိုးရတော့တာပါပဲလို့.... (အဲဒီတစ်ထပ်တိုက် စာသင်ဆောင်တွေကြားမှာက မြက်ပင်ရှည်တွေ ရှိနေသေးတုန်းပဲလေ..)။

ပထမဆုံးစာသင်ချိန်က ရိုးကောလ်ခေါ်တာ နာမည်စာရင်းနဲ့ လူနဲ့တိုက်စစ်တာနဲ့တင် ပြီးသွားတယ်..။ ကျွန်မတို့ သုံးယောက်လဲ အသိအကျွမ်းများတွေ့လေမလား ဟိုကြည့် ဒီကြည့်ပေါ့...။ အဲဒီချိန် ကျွန်မတို့စာသင်ခန်းဘေးက ဖြတ်သွားတဲ့.. ရှပ်အင်္ကျီ အနက်ရောင် နေကာမျက်မှန်နဲ့ ကောင်လေး.. (အသက်အရွယ် အရသာ ကောင်လေးလို့ ပြောရတယ်.. သူက လူကောင်ခပ်ကြီးကြီးမို့ ကောင်ကြီး ဆိုရင် ပိုမှန်မလားပဲ.. :P).။ သူ့ကို မြင်မြင်ချင်း ကျွန်မ သိလိုက်တယ်..။ ကျွန်မနဲ့ အထက်တန်းကျောင်းမှာတုန်းက တစ်ခန်းတည်း အတန်းဖော်ကောင်လေး ။ သူ့ကိုက နာမည်သိရုံ မျက်မှန်းတန်းမိရုံလောက်သာသိတာ....။ ဒါပေမဲ့လည်း.. သိတယ်မလား.. လုံးဝမသိတဲ့လူတွေကြားထဲမှာ နည်းနည်းလောက်သိတဲ့သူပါတော့ အားတက်သွားမိတယ်..။ (နေကာမျက်မှန်းကြီး ပြူးတူးပြဲတဲနဲ့ ပဲများလွန်းလိုက်တာ လို့ အဲဒီတုန်းက မျက်မုန်းကျိုးမိတာကိုတော့ ခုထိ ကျွန်မသူ့ကို မပြောဖြစ်ခဲ့ဘူး... :D)။ ဖြစ်ချင်တော့ သူကလဲ ကျွန်မတို့နဲ့ မေဂျာတူတူပဲ..။ အခန်းထဲဝင်လာတော့.. သူက ကျွန်မကို မှတ်မိပြီး.. ပြုံးပြနှုတ်ဆက်တယ်။ ဆိုးတာတစ်ခုက... “ ဟာ.. ငါနင့်ကို သိတယ်... နင့်နာမည်က ဘယ်သူ..... ” ဆိုပြီး..ရပ်သွားတယ်...။ ကျွန်မလဲ နည်းနည်းတော့ အောင့်သက်သက် ဖြစ်သွားပေမဲ့... စိတ်ရှည်သည်းခံတဲ့ မလိခဆိုတော့ ကြည်ကြည်သာသာပဲ ကျွန်မနာမည်ပြောလိုက်တော့ သူမှတ်မိသွားပါတယ်..။ ဒါပေမဲ့ ပထမဆုံးကျောင်းတက်ရတဲ့ အဲဒီရက်မှာ သူက ပဲများစွာနဲ့ ခပ်လှမ်းလှမ်းက ယောင်္ကျားလေးတစ်အုပ်နဲ့ သွားရောထိုင်နေတယ်..။ နောက်ပိုင်း ခင်သွားကြတော့ သူ့ကို ကျွန်မတို့က အာတာလွတ်မြို့စားကြီး လို့ ကင်ပွန်းတပ်ထားပေးတယ်..။ သူကလဲ တကယ်ပဲ တူရှာတယ်...။ :P..။ သူက ကျွန်မရဲ့ ဒုတိယမြောက် သူငယ်ချင်းပေါ့..။

နောက်နေ့တွေမှာတော့ ဇာမဏီလဲ ဝေးလံလှတဲ့ ကျွန်မတို့ကျောင်းကို အပင်ပန်းခံမလိုက်တော့ဘူး...။ ကျွန်မနဲ့ မှင်စာနဲ့ပဲ.. တတွဲတွဲ အတန်းတွေလိုက်တက်ရတာပေါ့..။ အာတာလွတ်မြို့စားကတော့ အဲဒီတုန်းက သိပ်လဲ မခင်သေးတော့ သူကျောင်းလာတက်သလား မတက်သလားဆိုတာကိုတောင် ကျွန်မတို့ သတိမထားမိခဲ့ကြဘူး...။ ကျောင်းစစတက်ချင်း ဆိုတော့ ကျွန်မနဲ့မှင်စာက လိမ္မာရေးခြားရှိစွာ.. ရှေ့ဆုံးတန်းတွေမှာ ထိုင်တယ်.။ ဆရာမက စာမေးလို့ရတဲ့ဟာဆို တက်တက်ကြွကြွ ဖြေတယ်.။ ကျောင်းတက်ပြီး သုံးလေးရက်လောက်မှာပေါ့...။ နေ့လည်ထမင်းစားပြီးလို့.. ကျွန်မတို့နှစ်ယောက် ရှေ့ဆုံးတန်းကနေထိုင်ပြီး တစ်တန်းလုံးကို ကြည့်ရင်း ထုံးစံအတိုင်း အရည်မရ အဖတ်မရ ပွားနေကြတုန်း.. အသားညိုညိုနဲ့ ကောင်မလေးတစ်ယောက် ကျွန်မတို့နားရောက်လာတယ်..။ ကဒ်လေး တစ်ကတ်ကိုလဲ ကျွန်မတို့ဘက်ကို ထိုးပေးရင်း သူ့နာမည်ကို မိတ်ဆက်တယ်..။ ကျွန်မတို့နှစ်ယောက်လဲ ပါးစပ်လေးတွေ အဟောင်းသားနဲ့ အံ့သြလို့ပေါ့...။ ၁၆ နှစ် ၁၇ နှစ် ဒီအရွယ်နဲ့ သူက visiting card ပေးပြီး မိတ်ဆက်တာကိုး.. မအံ့သြ ဘယ်သူခံနိုင်မှာလဲလို့... နော့..။ သူက ကျွန်မရဲ့ တတိယမြောက်သူငယ်ချင်း ဖြစ်လာခဲ့တဲ့ နောက်ပိုင်းမှာတော့ ကျွန်မတို့က သူ့ကို မျိုးကြီး.. လို့ခေါ်တယ်..။ အဲဒီနေ့ကတော့ သူအဲသလို လာမိတ်ဆက်တော့မှ သတိထားမိတယ်... သူနဲ့ ကျွန်မက ကိုးတန်းထိ တစ်ကျောင်းတည်း ။ အခန်းတော့ မတူဘူးဆိုတော့ အရင်နေ့တွေက သတိမထားမိလိုက်တာ ..။ တိုက်ဆိုင်ချင်တော့ မျိုးကြီးက ကျွန်မတို့ကျောင်းမှာ ကိုးတန်းထိနေပြီး ဆယ်တန်းမှာတော့ မှင်စာတို့ကျောင်းကို ပြောင်းသွားခဲ့တယ်တဲ့...။ ပြီးတော့ မှင်စာနဲ့ ဆယ်တန်းမှာ တခန်းတည်းပါတဲ့..။ ကဲ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲလို့..။ အဲဒီလိုနဲ့ သူက ကျွန်မရော မှင်စာရောနဲ့ သိတဲ့.. ကျွန်မရဲ့ တတိယမြောင်သူငယ်ချင်းဖြစ်လာတယ်...။

နောက်တစ်နေ့... ပထမဆုံးအချိန် ရိုးကောလ်ခေါ်နေတုန်း... ဘယ်လိုမှ မထင်မှတ်ထားတာ တစ်ခုဖြစ်သွားတယ်..။ ကောင်လေးတစ်ယောက်နာမည်ကို ခေါ်လိုက်တဲ့အချိန်မှာပဲ... ကျွန်မတို့ ထိုင်ခုံတန်းရဲ့ ဘေးဘက် လျှောက်လမ်းခြားထားတဲ့ ဟိုဘက်ခုံတန်းမှာ တစ်ယောက်တည်းထိုင်နေတဲ့.. ကောင်လေးက သူ့ခြေထောက်နားက အိပ်နေတဲ့ ခွေးကို မတော်တဆတက်နင်းမိတယ်... (ကျွန်မတို့ကျောင်းမှာက ခွေးတွေရော နွားတွေရော စာသင်ခန်းထဲကို ဝင်ဝင်လာတတ်လို့ မောင်းမောင်းထုတ်ရတတ်တယ်..).။ အဲဒီတော့... ဆရာမက “xxx” ဆိုပြီး ကောင်လေးနာမည်ကိုခေါ်လိုက်တဲ့အချိန်... ဟိုတက်နင်းခံရတဲ့ ခွေးက အလန့်တကြား “ကိန်” လို့အော်တဲ့ အချိန်.. အားလုံးကကွက်တိ တိုင်ပင်ကိုက်ထားသလို ဖြစ်သွားတယ်..။ ဆရာမနာမည်ခေါ်တာကိုပဲ ကိန် လို့ပြန်ထူးသလိုလို ဘာလိုလိုပေါ့...။ ဖြစ်ချင်တော့ အဲဒီခွေးကို တက်နင်းတဲ့ ကောင်လေးက ဆရာမခေါ်လိုက်တဲ့နာမည်ပိုင်ရှင်ဖြစ်နေတယ်..။ နောက် တိုက်ဆိုင်လွန်းပြန်တာက... သူက မျိုးကြီးရဲ့ သူငယ်ချင်းဖြစ်နေတယ်..။ ဒီလိုနဲ့ပဲ အဲဒီကောင်လေးက ကျွန်မရဲ့ စတုတ္ထမြောက် သူငယ်ချင်းဖြစ်လာတယ်..။ ခုထက်ထိတောင် သူငယ်ချင်းတွေ စုံလို့ ကျောင်းအကြောင်း သတိတရ ပြောဖြစ်ရင်.. သူ့နာမည်နဲ့တွဲပြီး နောက်မှ ကိန် ဆိုတာလေး ထည့်ခေါ်ရတာက မဟောင်းနိုင်တဲ့ ဟာသတစ်ခု။ . ခုတွေးရင် ခုရယ်ချင်တယ်... “xxx ကိန်” တဲ့..။ :P..။ ဒါပေမဲ့ သူ့ကိုတော့ ကျွန်မတို့က “ကလေးသားလေး” လို့ခေါ်တယ်...။ သိတယ်မလား.. မွန်ပြည်နယ်ဖက်မှာ.. ဇွန်းသေးသေးလေးဆို ဇွန်းသားလေး..။ ဖျာသေးသေးလေးဆို ဖျာသားလေးလို့ ခေါ်တာလေ..။ အဲဒီလိုပဲ သူ့ရုပ်က ကလေးရုပ်မို့ မွန်ဆရာမတစ်ယောက်က အမှတ်တမဲ့ခေါ်လိုက်ရာကနေ ကျွန်မတို့ပါ စခေါ်ဖြစ်သွားတာ...။ အဲဒီတုန်းက “xxxကိန်” လို့တော့ မခေါ်ဖြစ်ခဲ့ဘူး... ခေါ်ဖြစ်ရင် သူက ကျွန်မတို့ တဖွဲ့လုံးကို စိတ်ကောက်သွားနိုင်တယ်... သူက စိတ်ဆိုးစိတ်ကောက်လွယ်တယ်လေ။ အဲဒီတုန်းကပြောပါတယ်.. :P...။

ကျွန်မရဲ့ ပဉ္စမမြောက် သူငယ်ချင်းကိုတော့ တတိယမြောက်သူငယ်ချင်း အာတာလွတ်မြို့စားကြီးက ခေါ်လာ မိတ်ဆက်ပေးခဲ့တယ်..။ သူ့ကိုတော့ မြင်မြင်ချင်း စာအုပ်ဖွင့်ထားတဲ့ ပုံနဲ့ စာပေဗိမာန် အမှတ်တံဆိပ်ကို ပြေးမြင်မိတာကြောင့် ကျွန်မတို့က နာမည်ပြောင် “စာပေဗိမာန်” လို့ ခေါ်လေရဲ့... ။ တကယ်က သူက အဲဒီတုန်းက ခေတ်စားတဲ့ အလယ်ခွဲဆံပင်ထားထားတာ...။ သူက ကျွန်မတို့ သန်လျင်ကျောင်းမှာ သူလိုချင်တဲ့ မေဂျာမရလို့ မှော်ဘီဂျီတီစီမှာ တစ်ပတ်လောက် EC လား MC လားမသိဘူး သွားတက်လိုက်သေးတယ်တဲ့...။ သူက တခါတခါနောက်တတ်တယ်.. “ငါ့ဘာသာငါ မှော်ဘီမှာပဲ တက်နေလိုက်ရင်ကောင်းသားဟာ.. သန်လျင်ကို ပြောင်းလာမိတာ ငါမှားတာ” ဆိုပြီး.. ကျွန်မတို့နဲ့ အပေါင်းအသင်းဖြစ်ရတာ မှားလေခြင်းဆိုပြီး နောက်တတ်တယ်..။ အဲဒီခါမျိုးကျရင်.. ကျွန်မတို့က ကက်ကက်လန်အောင် စွာတော့တာပဲ.. ။ “နင့်ဘဝကြီး ဒီလောက် ပျော်စရာကောင်းနေတာ ငါတို့လို သူငယ်ချင်းမျိုးတွေနဲ့ ဆုံဆည်းခွင့်ရလို့လို့ မှတ်” ဘာညာပေါ့...။ ဘဝနဲ့ကို ချီပြီး ပြောပြလိုက်တယ်...။ (ပိုပြောစရာရှိတာက ခုဆို သူက မှင်စာရဲ့ အိမ်ဦးနတ်ဖြစ်နေပြီလေ..)။ ပြီးတော့ ဒင်းက “နင့်ခြေထောက်မှာ စပရိန်တပ်ထားသလား” လို့ ကျွန်မတို့နောက်ရလောက်အောင် မြှောက်ကြွ မြှောက်ကြွလဲ လျှောက်တတ်သေးတယ်..။

ကျွန်မတို့ ကျောင်းတွေဖွင့်ပြီး တစ်လလောက်မှာ မေဂျာပေါင်းစုံ ဘောလုံးပွဲလုပ်ကြတယ်...။ ကျွန်မတို့မေဂျာက မိန်းကလေးများတဲ့ မေဂျာဆိုတော့.. ကျွန်မတို့ သူငယ်ချင်းယောင်္ကျားလေး သုံးယောက်ကလဲ တတပ်တအား ပါဝင်ရတော့တာပေါ့..။ အာတာလွတ်မြို့စားနဲ့ စာပေဗိမာန်က ဘောလုံးဝင်ကန်တယ်..။ ကလေးသားလေးက ဝင်မကန်တော့ သူက တောက်တိုမယ်ရပေါ့...။ တကယ်က သူတင်မဟုတ်ပါဘူး.. သူတို့ကို အပေါင်းအသင်းလုပ်မိတဲ့ ကျွန်မတို့မိန်းကလေးသုံးယောက်ပါ တောက်တိုမယ်ရ ဖြစ်ကုန်တယ်...။ ကျွန်မတို့မေဂျာ ဘောလုံးပွဲရှိတဲ့ နေ့များဆို သူတို့ လွယ်အိတ်တွေ ကျောပိုးအိတ်တွေကို တနေရာက တနေရာ ပြောင်းရတိုင်း ကျွန်မတို့မှာ သယ်ပေးရတာ ကူလီလုံးလုံးကို ဖြစ်လို့...။သူတို့ကတော့ အားကစားသမားတွေမို့ ဆိုပြီး အခွင့်ထူးခံဖြစ်သွားတယ်လေ..။ အော် .. ပြောရဦးမယ်.. အဲဒီအချိန်မှာ တခြားလူတွေက ဆရာမတွေကို လက်သွက်သွက်နဲ့ ညှိုနှိုင်းပြီး ကျူရှင်တွေ ဝိုင်းနေကြပြီ...။ ကျွန်မတို့ခြောက်ယောက်မှာတော့.. နေရာအဆင်မပြေတာရယ်... ဆရာမတွေနဲ့ သိပ်ရောရောနှောနှောမရှိတာရယ်ကြောင့် ... ကျူရှင်လက်မဲ့ဖြစ်နေချိန်ပေါ့...။ တနေ့ ကျွန်မတို့ မေဂျာနဲ့ တခြားမေဂျာ ဘောလုံးပွဲရှိတဲ့နေ့ပေါ့....။ ဆရာမတွေကလဲ အဲ့နေ့ကို စောဆင်းပေးတော့ ညနေဘက် အတန်းချိန်တွေမရှိဘူး..။ ကစားသမားတွေကလဲ ကစားမယ့်အချိန်ကို စောင့်နေကြတယ်..။ အဲ့ဒီချိန်မှာ.. လွန်ခဲ့တဲ့ တစ်လလုံးလုံး တခါမှ မမြင်ဘူးခဲ့တဲ့... တရုတ်မချောချောလေးတစ်ယောက် ကျွန်မတို့ မိန်းကလေးသုံးယောက်ထိုင်တဲ့နားကို ရောက်လာတယ်..။ သူမက အဝါရောင် မှာ အနက်ရောင် polka dot တွေပါတဲ့ ဝမ်းဆက်နဲ့ နှုတ်ခမ်းနီကိုလဲ နီရဲနေအောင်ဆိုးထားတယ်..။ မျက်နှာထားကတော့ ခပ်တည်တည်...(စူပုပ်ပုပ်လေးလို့ ပြောရင် ပိုမှန်မယ်ထင်တယ်)..။ “နင်တို့ ကျူရှင် မဝိုင်းရသေးဘူးဆို.. ငါနဲ့ ဝိုင်းမလား.. ငါ့အိမ်မှာ ဝိုင်းလို့ရတယ်”... တဲ့..။ ကျွန်မတို့မှာ ရေငတ်တုန်း ရေတွင်းထဲကျပေါ့...။ ဝမ်းသာအားရနဲ့ ခေါင်းညိတ်လိုက်ကြတယ်...။ အဲဒီနှုတ်ခမ်းနီရဲရဲ နဲ့ ကောင်မလေးက ကျွန်မတို့ ကျူရှင်ဝိုင်းရှင် ဖြစ်လာသလို... ကျွန်မတို့မေဂျာရဲ့ တရားမဝင် ကွင်း လဲဖြစ်လာတယ်. (တရားမဝင်ဆိုတာက တရားဝင် fresher welcome လုပ်ပြီး မရွေးလိုက်ရလို့ပါ..။ ကျွန်မတို့နှစ်မှာ fresher welcome လုပ်ခွင့်ပိတ်ခံရတယ်လေ... :{...)....။ အဲဒါအပြင်... ကျွန်မတို့ အဖွဲ့ရဲ့ နောက်ဆုံးအဖွဲ့ဝင် ကျွန်မရဲ့ ဆဌမမြောက်သူငယ်ချင်းလဲ ဖြစ်လာခဲ့တယ်...။

ကဲ... ခွန်နှစ်ယောက်အဖွဲ့ ဖြစ်လာပုံတွေလဲ စုံသွားပြီ...။ ပေါက်ကရတွေဖြစ်... ရယ်ကြ မောကြရတာတွေကိုတော့.. ... ဆက်ရန် ပေါ့
တစ်ချိန်တုန်းက... , တစ်ချိန်တုန်းက ၂

ပျော်ရွှင်ပါစေ
ခင်တဲ့
မလိခ