Saturday, August 29, 2009

ကောင်မလေးရဲ့ ကောင်လေး


ရိုးသား ပျော်ရွှင်နေခဲ့တဲ့ ကောင်မလေးရဲ့ ဘ၀လေးထဲကို ... ဦးထုပ်အနက်ဆောင်းလေ့ရှိတဲ့... ဘယ်ဖက်လက်သန်းကို အနက်ရောင်ဆိုးလေ့ရှိတဲ့ ... မျက်ဝန်းတောက်တောက်တွေနဲ့ ကောင်လေး အမှတ်တမဲ့ရောက်လာခဲ့တယ်...။ အဲဒီနေ့က မိုးတွေအုံ့လို့....။ မျက်ဝန်းနှစ်စုံ ခလုတ်တိုက်မိတော့... အားနည်းတဲ့သူ ဒဏ်ရာရစတမ်း....။ သူမရဲ့ ကမ္ဘာလေး ခဏရပ်သွားခဲ့တယ်...။ ဘယ်အချိန် ဘယ်နေရာမှာရှိတတ်တယ်လို့ ပုံမှန်မရှိတတ်တဲ့ လူတစ်ယောက်ကို ရောက်ရာနေရာတိုင်း တိတ်တိတ်လေးရှာတတ်တဲ့ အကျင့်တစ်ခု သူမမှာတိုးလာခဲ့တယ်...။

မမျှော်လင့်ပဲ မိုးတွေသည်းကြီးမည်းကြီးရွာတဲ့နေ့ကပေါ့...။ အကြောင်းကြောင်းကြောင့် ကောင်မလေးလက်ထဲမှာ ထီးအ၀ါလေးတစ်ချောင်း အပိုရှိနေခဲ့တယ်...။ ခွင့်ပြုချက်မရခင် လုယူခံလိုက်ရတဲ့ အဲဒီထီးလေးအောက်မှာ ကောင်လေး ရှိနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံတွေကြားက မိုးရာသီကို သူမပိုချစ်သွားခဲ့တယ်....။

သူ့အကြောင်းတွေကို ကောင်မလေး သိချင်တယ်.. သူဘယ်မှာနေလဲ... သူဘာတွေကြိုက်တတ်လဲ.... သူဘာတွေကို တန်ဖိုးထားလဲ... အို..သူ နဲ့ပတ်သက်သမျှ အကုန်... သူမ သိချင်ခဲ့တယ်....။ ဆားငန်ရေသောက်လို့ ရေငတ်မပြေနိုင်သလို... ပင်လယ်ပြာကျယ်ကြီးနဲ့တူတဲ့ သူ့အကြောင်းတွေကို သူမ အငမ်းမရ သောက်သုံးခဲ့တယ်...။

ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်...။ လူတစ်ယောက်ကို စိတ်ကုန်ချင်ရင် အဲဒီလူနဲ့ အနီးဆုံးကို သွား...တဲ့...။ စိတ်ကုန်ချင်တယ်ဆိုတဲ့ မုသားတစ်ခုကို လှလှပပသုံးလို့ ကောင်မလေး သူ့ကိုယ်သူလိမ်ညာခဲ့တယ်....။ မပြတ်သားမှုတွေနဲ့ ပြည့်နေတတ်တဲ့ သူမက ရှက်လဲရှက်တတ်သေးတယ်တဲ့...။

နောက်ဆုံးတော့ သူမ အဖြစ်က..... ကောင်လေး ပြောပြောတတ်တဲ့ သူချစ်တဲ့ မိန်းမတွေအကြောင်းကို ၀ါယာကြိုးမျှင်လေးရဲ့ ဒီဘက်စွန်းကနေ နားထောင်ရင်း .... တိတ်တိတ်လေး မျက်ရည်ကျ....။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို အကာအကွယ်ယူရင်း သူမရဲ့ သိက္ခောတစ်ချို့လဲ အလဲလဲ အပြိုပြို...။ သူမကိုယ် သူမလဲ မုန်းပါရဲ့...။

ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးကို သူမ သွားနိုင်ခဲ့သလားဆိုတာ မသေချာပေမဲ့ ကောင်လေးရဲ့ စကားသံတွေအောက်မှာ သူမ မိန်းမောခဲ့တယ်...။

`ဘာပဲဖြစ်ဖြစ် နင့်ကို ငါကျေးဇူးတင်ပါတယ်´ တဲ့..... တူ.တူ. ဆိုတဲ့ အသံလေးကြားရခါနီးတိုင်း သူပြောလေ့ရှိတယ်...။ သူမက သူနဲ့ စကားပြောလို့တင်တဲ့ ကျေးဇူးလား.... သူ, မပြောချင်တဲ့ သူမနဲ့ စကားဆက်မပြောရတော့လို့ တင်တဲ့ ကျေးဇူးလား.... ဝေခွဲရခက်တဲ့ အကြောင်းတွေ ရင်မှာ အပြည့်နဲ့ သူမရင်မောခဲ့ရတယ်...... မိုးရာသီ လေးခုကျော်တဲ့ အထိ....

သူကတော့ အရင်အတိုင်း သူချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း ပြောပြနေတုန်း.....
ဘယ်တုန်းကမှ သူရဲကောင်း မဖြစ်ချင်ခဲ့တဲ့သူမ ကိုယ့်ကိုယ်ကို မုန်းတဲ့ အမုန်းတွေနဲ့ စက်ဆုပ်လာတယ်....။ အတ္တလဲ ကြီးတတ်သေးတဲ့ ကောင်မလေး.... သူမ အတွက်.... သူ့ကို နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်....
အဲဒီညနေ....
ရန်ကုန်ဆောင်းရဲ့ မှုန်ရီရီ ညနေ....
မထင်မှတ်ပဲ သူနဲ့ ခြေလှမ်း ငါးလှမ်းအကွာလောက်မှာ ကောင်မလေးရှိနေခဲ့တယ်.... ကောင်လေးကတော့ သိခဲ့မယ်မထင်ဘူး.....။

အဲဒီည.....
ဒါနောက်ဆုံးပဲလို့ သူမကိုယ်သူမ သတိပေးနေတဲ့ကြားက ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းချင်မိတာ အကြိမ်ကြိမ်.....
`ငါ နင့်ဆီ အရင်လို ဖုန်းတွေ ဆက်နိုင်တော့မှာ မဟုတ်ဘူး....´
မျှော်လင့်ချက်တွေ ရှိနေသေးပါလားလို့ သူမကိုယ်သူမ သတိထားလိုက်မိတော့... သက်ပြင်းချလိုက်မိတယ်....
သူကတော့ ထုံးစံမပျက်....
`ဘာပဲ ဖြစ်ဖြစ် နင့်ကို ငါကျေးဇူးတင်ပါတယ်´ တဲ့လေ...

အဲဒီစကားကို ကောင်မလေး.... မုန်းတယ်။

Thursday, August 27, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (ပင်းတယ၊ ကုံလုံ ) (၁၁)

ခရီးက သွားတော့သာ ၁၂ ရက်ထဲရယ်နော်... မလိခတို့ ချဲ့ရေးနေပုံများ... တစ်နှစ်လောက်ကြာတယ်..(အဲလို ခုထိတော့ ဘယ်သူမှ မပြောပါဘူး... ကိုယ့်ဘာသာကို ပြောတာ...ဟဲဟဲ)...

ဒီနေ့ မနက် အိပ်ရာထရေချိုးပြီး.. ညကတည်းက သိမ်းထားပြီးသား အိတ်တွေဆွဲပြီး ဆင်းလာတော့ အောက်ထပ်မှာ ဦးလေးက အဆင်သင့်စောင့်နေပြီ...။ သူက ဒီနေ့ တနင်္လာဆိုတော့ ကျောင်းဖွင့်တာမို့ ကျွန်မတို့နှစ်ယောက်တည်း လွှတ်လိုက်ရတာကို အားနာနေတယ်...။ တကယ်က အစစအရာရာ အားလုံးအဆင်ပြေအောင် စီစဉ်ပေးထားတာကိုပဲ ကျွန်မတို့က ကျေးဇူးတင်လှပြီ...။

ခဏကြာတော့ ဦးလေးရဲ့ မိတ်ဆွေရဲ့ ကားလေး ရောက်လာတယ်...။ ဦးလေးက ကျွန်မတို့ နှစ်ယောက်ကို အဲဒီဦးလေးကြီးနဲ့ မိတ်ဆက်ပေးပြီး အဲဒီဦးလေးကြီးက ကားပိုင်ရှင်လဲဖြစ်တာမို့ စိတ်လဲရှည်ကြောင်း စိတ်လည်းချရကြောင်း တဖွဖွပြောနေတယ်..။ ကျွန်မတို့က အဲဒီဦးလေးကြီးကားနဲ့ ခရီးဆက်ရမှာကိုး။ ပြီးတော့ အဲဒီဦးလေးကြီးကို လဲ ကျွန်မတို့ကို စိတ်ရှည်ပေးဖို့မှာနေသေးတယ်... ။ ဘာတဲ့ ဦးလေး ပြောတာရှိပါတယ်... ကျွန်တော့်တူမတွေက အပင်စိမ်းစိမ်းမြင်တိုင်း ဓာတ်ပုံရိုက်တတ်လို့ သူတို့ကို စိတ်ရှည်ပေးပါ ခင်ဗျာတဲ့...။ ကျွန်မတို့နှစ်ယောက်ကတော့ သွားလေးဖြဲပြပြီး... အဟဲပေါ့... ဟုတ်နေတာကိုး။

မနက်စာကို ရှမ်းခေါက်ဆွဲစားပြီး... ဦးလေးကို လက်ပြရင်းတောင်ကြီးမြို့ထဲက ထွက်လာတော့ ရင်ထဲမှာ လွမ်းသလိုလို...။ ခုမှ တကယ်ပဲ ကျွန်မတို့နှစ်ယောက်တည်းရဲ့ ခရီးစတင်တာပါ...။ ရန်ကုန်က စထွက်ကတည်း.. ဖေဖေ မေမေတို့ရော ညီမလေးရောဆိုတော့ ညီမလေးကို စနောက်ရင်း ဟေးလားဝါးလား...။ သူတို့ မန္တလေးမှာ ကျန်ခဲ့ပြီး ကျွန်မနဲ့ဇာမဏီပဲ တောင်ကြီးကို လာခဲ့တယ်ဆိုပေမဲ့ တောင်ကြီးမှာက သူငယ်ချင်းတွေနဲ့ ဦးလေးနဲ့ဆိုတော့ အပြောင်းအလဲက မသိသာလိုက်..။ ခု တောင်ကြီးမြို့ကထွက်တော့ တကယ် ကျွန်မတို့နှစ်ယောက်တည်း....။ ပြီးတော့ စကားဝဲ၀ဲနဲ့ ကားကို ဂရုတစိုက်မောင်းနေတဲ့ ဦးလေးကြီး...။

တောင်ကြီးမြို့ရှိရာ တောင်ပေါ်ကနေ ဆင်းပြီး... တောင်ခြေက အေးသာယာမြို့သစ်ကိုရောက်လာတော့ ကျွန်မတို့ကားဦးတည်ရာတစ်လျှောက်က မြေပြန့်ကြီး...။ ကျွန်မတို့ငယ်ငယ် ပထ၀ီမှာ သင်ခဲ့ရတဲ့ ဟဲဟိုးလွင်ပြင်ကြီးပေါ့...။ အဲဒါကိုကျော်လာတော့ တောင်စောင်းမှာ ထင်းရူးပင်တွေ စီရရီနဲ့ တောင်ပေါ် ပြန်တက်လာသည်...။ တစ်ကွေ့နှစ်ကွေ့လောက် သွားပြီးတော့... မြင်လိုက်ရတဲ့ မီးရထားလမ်း....။ အဲဒါ နာမည်ကြီး ဘ၀သံသရာကွေ့ပေါ့....။ အဲဒီနေရာမှာ ရထားလမ်းက တောင်ကို တပတ်ပတ်ပြီး ပထမဖြတ်သွားတဲ့ နေရာအောက်ကနေ ဖြတ်ပြီး.... ဟဲဟိုးလွင်ပြင်ဆီ ခွေကာ ခေါက်ကာ ဆင်းသွားတယ်....။

ဟဲဟိုးလွင်ပြင်... တမျှော်တခေါ်ကြီးနော်...

ဘ၀သံသရာကွေ့တဲ့..... မနေမနား တသွားထဲသွားရမဲ့...ဘ၀သံသရာပေါ့...ဟဲ

နောက် ကျွန်မတို့ ငိုက်သွားလိုက်တာ အောင်ပန်းရောက်မှပဲ နိုးတယ်... ။ ကျွန်မတို့စီးလာတဲ့ ကားလေး ဆီပိတ်သွားလို့ဆိုလား...။ ဦးလေးကြီးက ဆင်းပြင်နေတုန်း ကျွန်မတို့က `တွန်းစရာလိုရင် ကျွန်မတို့ကို အားမနာနဲ့ ´..... ဆိုတာကိုဦးလေးကြီးက အားနာတာနဲ့.... အချိန်နည်းနည်းလင့်သွားတယ်...။ နောက်ဆုံးတော့ အဲဒီနားက ၀ပ်ရှော့ကို ရောက်သွားတယ်...။ ရှမ်းပြည်မှာ ဘယ်လောက်တောင် ပန်းတွေ ပွင့်နိုင်လဲဆို ဆီအလူးလူးနဲ့ အဲဒီဝပ်ရှော့မှာတောင်... သစ်ခွတွေ နှင်းဆီတွေ ဝေလို့ရှင့်...။ နာရီဝက်လောက် ပြင်ပြီးတော့ ကျွန်မတို့... ခရီးဆက်ထွက်ခဲ့ကြတယ်...။ အောင်ပန်းကနေ ယင်းမာပင် ဘက်ဆင်းတဲ့လမ်းကနေ ညာဖက်ချိုးပြီး... ပင်းတယကို ခရီးဆက်ခဲ့တယ်...။ ကျွန်မတို့ မြေပြန့်မှာ အိမ်တိုင်းနီးပါး သရက်ပင်ရှိသလို ရှမ်းပြည်မှာတော့ ထောပတ်ပင်ရှိတာကို တွေ့ရတယ်...။ ကျွန်မတို့သွားတဲ့ အချိန်က ထောပတ်သီးချိန်ဆိုတော့... သရေယိုစရာပေါ့....။

ရှမ်းပြည်မြောက်ပိုင်းတုန်းက ကျွန်မတို့ တွေ့ရတဲ့ ဂျုံပင်စိမ်းစိမ်းတွေက ဒီတောင်ပိုင်းရှမ်းပြည်မှာတော့ ရင့်ဝါမှည့်နေပြီ...။ ဂျုံရိတ်နေတဲ့ လူတန်းကြီးကိုလဲ ကျွန်မတို့ တွေ့ခဲ့ရသေးတယ်... ။ြ့ပီးတော့ ပင်းတယဘက်လမ်းက တောင်ကြီးလမ်းနဲ့မတူသလို ကက္ကူသွားတဲ့လမ်းနဲ့လဲ မတူဘူး...။ လမ်းဘေးတစ်လျှောက် အပင်ကြီးတွေနည်းပြီး.. ဘယ်ကြည့်ကြည့် ယာမြေတွေကြီးပဲ...။ ပြီးတော့ ကျွန်မသဘောကျတာရှိသေးတယ်...။ အဲဒီယာမြေတွေကလေ... ကျွန်မတို့ငယ်ငယ်က ရောင်စုံစာအုပ်မှာ အရောင်ခြယ်သလို မညီမညာနဲ့ အရောင်တွေစုံလို့....။ နီနီ ညိုညို စိမ်းစိမ်း ၀ါဝါ ...အို စုံလို့....။ ကောင်းကင် ပြာပြာကြီးအောက်မှာ တကယ့်ကို တမျှော်တခေါ်ကြီး.....။
တောင်ပိုင်းရှမ်းပြည်က ဂျုံခင်းဝါ၀ါတွေ....

ဂျုံရိတ်နေကြသူတွေ....

တမျှော်တခေါ်.....ရောင်စုံ ယာမြေတွေ....

တော်တော်လေး မောင်းလာမိတော့ ကားလမ်းရဲ့ ဘယ်ဖက်ခြမ်းမှာ တောင်ကြောကြီးကိုမြင်နေရပြီ.....။ တစ်နေရာအရောက် ကျောက်စရစ်လမ်းရှိရာ ဘယ်ဘက်ကိုချိုးလိုက်တော့... ကျွန်မတို့ ဦးတည်ရာလမ်းရဲ့ ဟိုးရှေ့တည့်တည့်မှာ ပင်းတယလိုဏ်ဂူ...။
ဟိုးအရှေ့က အဖြူရောင်ကြောကြီးက ပင်းတယလိုဏ်ဂူပေါ့.....

တဖြည်းဖြည်းနီးလာတော့... ပင်းတယရဲ့ Landmark ညောင်ပင်အကြီးကြီးတွေ....။ အဲဒါတွေကိုဖြတ်လာပြီး စောင်းတန်းအခြေမှာကားကို ထားခဲ့တယ်...။ ခပ်ပျင်းပျင်း ကျွန်မတို့က အချိန်မရမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လှိုဏ်ဂူဝကို ဓာတ်လှေကားနဲ့ပဲတက်ခဲ့တယ်..။ သြော်.. မေ့တော့မလို့... ကျွန်မတို့ဘုရားပန်းကပ်ကြသေးတယ်...ဘာပန်းထင်လို့လဲ... ချယ်ရီပဲပေါ့....။ ရွှေတိဂုံတို့ ဆူးလေတို့မှာလို ပန်းချည်းပဲ ၀ယ်သွားရတာမဟုတ်ဘူးရှင့်...။ ချယ်ရီပန်းတွေ သေချာထိုးထားတဲ့ မြေအိုးလိုက်ကလေး ကျွန်မတို့ကို ပေးလိုက်တာ...။ ကျွန်မတို့ကလဲ အထူးအဆန်းဆိုတော့... ပျော်လို့...။ လိုဏ်ဂူအ၀နားက စေတီမှာ ပန်းကပ် ဘုရားရှိခိုးပြီးတော့... အထဲကို ၀င်ခဲ့ကြတယ်...။ဘုရားဖူးတွေရှင်းတဲ့ အချိန်မို့လဲထင်ပါရဲ့ .... ဂေါပကလူကြီးက ကျွန်မတို့ကို အသေးစိတ်လိုက်ရှင်းပြတယ်...။
အိုးလိုက်လှူခဲ့ရတဲ့ ချယ်ရီတွေ...

ကျွန်မကလည်း ဓာတ်ပုံရိုက်တာ တစ်ဖက်နဲ့ဆိုတော့ ကြားတာလဲရှိ မကြားလိုက်တာလဲရှိပေါ့... ဟဲဟဲ....။ မှတ်မိတာတော့ရှိတယ်... ဒီလိုဏ်ဂူကို စတွေ့တုန်းက အထဲမှာ ရှေးဟောင်းဆင်းတုတွေ အများကြီးပဲတဲ့....။ နောက်မှ လှူကြတဲ့ ဆင်းတုတွေနဲ့လက်ရာကွာတဲ့ ရှေးဟောင်းဆင်းတုတွေကိုဖူးတွေ့ခဲ့ရတယ်...။ ကိုယ်ဘာသာကိုယ်ဆို သာမာန်ကာလျှံကာနဲ့ သိလိုက်မှာမဟုတ်ဘူး သေချာတယ်...အဟဲ...။ နောက် ဂူလမ်း အဆုံးလောက်မှာက ဘုရားဖူးတွေ ဘယ်လောက်များများ ဘယ်လောက်ယူသောက်သောက် ဘယ်တော့မှ မလောက်ဖူးဆိုတာမရှိတဲ့ ကျောက်စက်ရေ ကန်... နတ်ရေတွင်းလို့ခေါ်ကြတယ်တဲ့...။
လိုဏ်ဂူဖော်တုန်းက တွေ့ရတဲ့ ရှေးဟောင်းဆင်းတုတွေ...

နတ်ရေတွင်းတဲ့...အဲဒီကရေကို သောက်ရင် ကျန်းမာတယ်တဲ့လေ...

ဒီဆင်းတုနှစ်ဆူက ခန္ဒာကိုယ်တော်မှာ အမြဲရေစိုနေလို့ ရွှေချလို့မရဘူးတဲ့...

ကျောက်မောင်းလို့ပြောတယ်... အရင်က ၀ါးလုံးနဲ့တီးရင် မောင်းသံထွက်တယ်တဲ့... ခုတော့ လိုဏ်ဂူထိန်းသိမ်းရေးအတွက် ၀ါးလုံးနဲ့တီးခွင့်မပေးတော့ဘူး...

ဂူထဲမှာ စိမ့်ပြီးအေးနေပေမဲ့... ကျောက်စက်ရေတွေကြောင့်တော့ လမ်းတွေက စိုစိနေတယ်... ။ လူတွေ သွားရလွယ်ကူအောင် ကြွေပြားခင်းတဲ့ လမ်းတွေ နဲ့ဆိုတော့ အဆင်တော့ပြေပါတယ်...။ မဟုတ်ပဲ သဘာဝအတိုင်း ထုံးကျောက်စိုစိုချောချောတွေပေါ်သာ လမ်းလျှောက်ရရင်တော့ ကျွန်မသာဆို တဘိုင်းဘိုင်းနဲ့ကို လဲမှာ ..။
လိုဏ်ဂူထဲက ကျောက်စက်ပန်းဆွဲတွေ....

အဲဒီက အပြန် ပဲပုပ်တွေ လက်ဖက်ခြောက်တွေဝင်ဝယ်ကြသေးတယ်...။ နောက်... ညောင်ပင်ကြီးတွေနဲ့ ဓာတ်ပုံရိုက်... ပင်းတယမြို့ထဲဝင်လာတော့ ဗိုက်ကဆာပြီ...။ ဒါတောင်... ပင်းတယမြို့ရဲ့ ကျက်သရေဆောင် ဘုတ်တလုတ် (ပုန်းတလုတ်လို့ ရေးတယ်ထင်ပါတယ်)..ကန်မှာ ဓာတ်ပုံဝင်ရိုက်သေးတယ်...။ ဇာမဏီကတော့ ဘုတ်တလုတ်ဆိုတဲ့ နာမည်ကိုချစ်လို့တဲ့...။ မြို့ထဲမှာ နေ့လည်စာကို သွက်သွက်စားပြီး ကုံလုံကို ခရီးဆက်ခဲ့တယ်...။
ဘုတ်တလုတ် (ပုန်းတလုတ်)ကန်... သာယာတယ်နော်....

ရှမ်းပြည်က လက်ပံတွေ....

လမ်းတလျှောက် လက်ပံတွေရဲရဲခတ်နေတာတွေ့တော့ ကျွန်မကလက်ပံမှ ဟုတ်ရဲ့လားဆိုပြီး သံသယဖြစ်သေးတယ်... ကျွန်မက လက်ပံကို အညာမှာပဲ ပေါက်တယ်လို့ထင်တာကိုး...။ ကုံလုံ ဆရာတော် ဘုရားကြီး ရုပ်ကလပ်ထားရှိတဲ့ စဥ့်စေတီထဲဝင်ဖူးရင်း... စေတီ အပြင်ဖက်မှာ ငါးစာကျွေးကြသေးတယ်...။ အဲဒီလွမ်းစေတီ (ကျွန်မထင်တဲ့ နာမည်ပါ... ဘွဲ့တော် သီးသန့်ရှိမရှိ ကျွန်မ မသိပါဘူး) ရှိတဲ့ ကုန်းလေးက ဘာကြောင့်မှန်းမသိပဲ လွမ်းစရာကောင်းလှတယ်...။
ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလပ်ပူဇော်ထားရှိတဲ့ စေတီ....

အဲဒီကအပြန်... ကုံလုံဆရာတော်ဘုရားကြီး တရားအားထုတ်ခဲ့တဲ့ ကံ့ကော်ပင်ကိုသွားကြည့်ကြတယ်...။ ကျွန်မတသက် မြင်ဖူးသမျှ ကံ့ကော်ပင်တွေထဲမှာ အကြီးဆုံးပဲ...။ အမှန်အတိုင်းပြောရရင် ကံ့ကော်ပင်ဆိုတာ အဲဒီလောက်ထိကြီးနိုင်တဲ့ အပင်လို့ကို မထင်ခဲ့မိတာပါ...။
ဆရာတော်ဘုရားကြီး တရားအားထုတ်ခဲ့တဲ့ ကံ့ကော်ပင်ကြီး....

အပြန်လမ်းမှာတော့ ဇာမဏီတစ်ကောင် လုံးဝဒေါင်းသွားတယ်... ။ကျွန်မကတော့ အစိုးရိမ်ကြီးတာမို့... ကားမောင်းတဲ့သူ ငိုက်မှာစိုးလို့ ဦးလေးကြီးနဲ့ စကားပြောရင်း ဓာတ်ပုံတွေ ရိုက်ရင်း....။ ဦးလေးကြီးပြောပြတဲ့ အထဲမှာ ကျွန်မ စိတ်မကောင်းဖြစ်ရတာက... တောင်ယာစိုက်ပျိုးရေးတွေကြောင့် ရာသီတွေပူလာတဲ့ အကြောင်း ပြီးတော့ အအေးကြိုက်တဲ့ သစ်သော့(သစ်တော်) လို အပင်မျိုးဆို အရင်က ဒီဒေသမှာ ဖြစ်ထွန်းခဲ့ပေမဲ့ ခုတော့ ဟိုးအရှေ့ဖျား ပိုအေးတဲ့ ဒေသတွေမှာမှ အသီးကောင်းကောင်းသီးတော့တယ်တဲ့...။ ဦးလေးကြီးပြောတာရှိတယ်... နောက်ဆို ငါတို့ငယ်ငယ်က စားနေကျ အသီးတွေ စိုက်မရလို့ မျိုးတုန်းကုန်မလားမသိပါဘူးတဲ့....။ကျွန်မလဲ စိတ်ပူပါတယ်... ရှမ်းပြည်နယ်ကြီး အရင်လို မအေးတော့မှာကို...။

အောင်ပန်းနားက လိမ္မော်သီးခြံရောက်တော့ နေ၀င်နေပြီ...။ အပင်ပုပုလေးနဲ့ အသီးတွေပြွတ်ခဲနေတဲ့ လိမ္မော်ပင်တွေ... ပြီးတော့ အသီးရာသီမဟုတ်လို့ အသီးမရှိတဲ့ နဂါးခေါင်းသီးပင် (နဂါးမောက်သီးလို့လဲခေါ်ကြတယ်ထင်တယ် dragon fruit လို့ အိန်းဂလိပ်လိုခေါ်တယ်လို့ ဘုတ်အုပ်တွေထဲမှာ ဖတ်ဖူးတယ်... ဟဲ) တွေ... ခြောက်လက်မနှင်းဆီလို့ခေါ်ကြတဲ့ နှင်းဆီတွေ...။ ပျော်စရာကြီးပါပဲ...။ အလှစိုက်တဲ့ ဘိန်းပန်းတချို့တောင်တွေ့ခဲ့ပါတယ်...။ ဦးလေးကြီးပြောတာကတော့ အဲဒီလိမ္မော်တွေက အဲဒီလို အပင်သေးသေးလေးနဲ့ မတရားသီးအောင် ဆေးကျွေးစိုက်ထားတာတဲ့...။

ဒါက အလှစိုက်တဲ့ ဘိန်းပန်းတွေ....

ဒါက နဂါးမောက်/နဂါးခေါင်းသီး....အပင်

လိမ္မော်ပင်... အသီးတွေ အများကြီးပဲနော်....

ဒါက ကျွန်မအကြိုက် နှင်းဆီနီနီ...

အသီး မခူးရပါဘူးဆိုမှ ဇာမဏီ့အိတ်ကပ်ထဲမှာက လိမ္မော်သီးလေးလုံးလောက် ပါလာသည်...။ အပင်အောက်က ကြွေနေတာတွေကောက်ထားတာလို့ တော့ ပြောတာပဲ... အပင်အောက်မှာကလဲ အကြွေတွေက အများကြီးဆိုတော့... ဟုတ်မဟုတ်ကိုတော့ ဇာမဏီပဲသိမှာပဲ...။ အပင်တွေ အသီးတွေ မြင်ရင် မနေနိုင်တဲ့ ဇာမဏီ့အကြောင်းကိုကလဲ ကျွန်မက အသိဆုံး...။ ဘာပဲဖြစ်ဖြစ် သူကျွေးတဲ့ လိမ္မော်သီးကိုစားပစ်လိုက်တယ်... ချိုနေတာပဲ...ဟဲဟဲ..။

ညောင်ရွှေမှာ ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ကိုရောက်တော့ ညရှစ်နာရီထိုးလုလု...။ ဦးလေးရော.. ကားမောင်းတဲ့ဦးလေးကြီးအိမ်ကပါ ဟိုတယ်ကို ဖုန်းဆက်မေးထားကြပြီ...။ရောက်သင့်တာထက် နောက်ကျလို့ တစ်ခုခုဖြစ်မှာ စိတ်ပူလို့တဲ့။

အဲဒီဒေသအတွက် တော်တော်မိုးချုပ်နေပြီ်မို့... နီးနီးနားနားက ဆိုင်မှာပဲ ထမင်းပေါင်းဝယ်စားလိုက်တယ်....။ ဆိုးလိုက်တဲ့ ဆက်ဆံရေး....။ ခေါင်းကိုက်သွားတယ်...။ ဟိုတယ်ကိုပြန်လာတော့.. ဆိုင်းသံဗုံသံတွေကြားတဲ့ဆီ နားစွင့်လာကြရင်း... ဟိုတယ်အနောက်ဖက်မှာ မင်္ဂလာဆောင်...။ မင်္ဂလာဆောင်က ပြီးသွားတာလား မနက်ဖြန်မှ စမှာလား သေချာမသိပေမဲ့... ကျွန်မ ၇နှစ်သမီးလောက်က ရှမ်းပြည်မှာနေတုန်း နောက်ဆုံးမြင်ခဲ့ရတဲ့ တိုးနယားအကလို့ ခေါ်မလားမသိတဲ့ အကကို တွေ့လိုက်တယ်...။ ကင်မရာက အခန်းထဲမှာ ကျန်နေခဲ့လို့ ဖုန်းကင်မရာနဲ့ပဲ မှတ်တမ်းတင်ခဲ့ရတယ်...။

ကင်မရာဖုန်းနဲ့ဆိုတော့ နည်းနည်းဝါးနေတယ်... ဒါပေမဲ့ အမှတ်တရပေါ့...

ခရီးပန်းလာလို့ နှစ်ယောက်သားခေါင်းလျှော်ပြီး... အိပ်ပစ်လိုက်တယ်...။ မနက်ဖြန်ကျရင် အင်းထဲကို လျှောက်လည်မှာလေ... လှေတောင် ငှားထားပြီးပြီ... :P






P.S. ထုံးစံအတိုင်း ဒီပို့စ်လဲ ရှည်သွားပြန်ပါပြီ... ထပ်မံ သည်းခံ စိတ်ရှည်ပေးကြပါဦးနော်... :D

မိဘပြည်သူ အပေါင်းအား အနူးအညွှတ် တောင်းပန်ပါကြောင်း

သို့
ချစ်ရခင်ရပါသော အစ်ကိုကြီး အစ်မကြီး မောင်လေး ညီမလေးများနှင့် သူငယ်ချင်းများ

အကြောင်းအရာ။ ။ ၀တ္တရားပျက်ကွက်မှုကို ကြေအေးပေးပါရန် အနူးအညွှတ်တောင်းပန်ခြင်း.


ကျွန်မ မလိခသည် (ဟီး...)... မည်သူ တစ်စုံတစ်ဦးကိုမျှ အသိပေးကြေညာမောင်းခတ်.. တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြား ပြောကြားခြင်းမရှိပဲ.. မိမိ ( ဟိုလေ... မိမိဆိုတာ မိမိကို ပြောတာ မဟုတ်ဘူးနော်... မလိခကို ပြောတာ.. ဟဲ).. အဲ... မိမိ၏နေအိမ်မှ ရုတ်တရက်ပျောက်ဆုံးသွားမိပါသည်...။ ထို့အပြင် (ထို့ ရဲ့ အပြင်ဘက် လို့ ပြောတာ မဟုတ်ဘူးနော်... အဲဒါတွေ အပြင်....အဲ... ရှင်းတတ်တော့ဘူး...ဟိ).... လာရောက်လည်ပတ်သော ညီအစ်ကို မောင်နှမ သူငယ်ချင်းများကိုလည်း.. စီဘောက်စ်ထဲလောက်တောင် လာရောက် ဧည့်ခံခြင်းမရှိပဲ မျက်နှာလွှဲခဲပစ်လုပ်ထားမိပါသည်...။
ထိုထို အပြစ်ကြီးငယ် အသွယ်သွယ်တို့မှ ခွင့်လွှတ်ကြေအေးပါရန် ကျွန်မ မလိခမှ အနူးအညွှတ်တောင်းပန်အပ်ပါသည်....။

ပုံ
မလိခ (နိပ်ဟ... အဟီး) (တကယ်က မျက်နှာငယ်လေးနဲ့ပါ...မကျည်းရွက်လောက်ကလေးရယ်...)



ဟဲ.... အပေါ်က formally တောင်းပန်စာ....
ကိုကြီး မကြီး နဲ့ မောင်ရေး ညရေးတို့ရေ.... ခွင့်လွှတ်နော်... နော်.. နော်...
အဟဲ... တောင်းသာ တောင်းပန်ရတယ် အားကသိပ်မရှိဘူး... လုပ်ချင်တာလုပ်ပြီးမှ ဒီလိုတောင်းပန်ရုံနဲ့ ကျေအေးရမှာလားဆိုပြီး ပိုစိတ်ဆိုးကုန်မှာလဲကြောက်ပါတယ်..ဟဲ

တကယ်ကဒီလို.... ဟီးး
ကျွန်မ ဒီနှစ်စမှ ကျောင်းပြီးတာကို ပြောပြဖူးမယ်ထင်ပါတယ်... ။ မြန်မာနိုင်ငံက ဒီမှာ ပိုလီလာတက်သမျှက engineering ဒါမှ မဟုတ်ရင် IT ယူကြလေ့ရှိတာ အားလုံးသိမှာပါ...။ ကျွန်မလည်း သိပါတယ်..။ ဒါပေမဲ့ ကျွန်မက အားလုံးသိတဲ့အတိုင်း.. နည်းနည်း အရစ်ရှည်ပါတယ်..။ သူများနဲ့ မတူအောင်နည်းနည်းတော့ ကွန့်လိုက်ရမှ ကျေနပ်တယ်...။ အဲဒါနဲ့ပဲ... ကျွန်မကျောင်းမှာတောင် ကျွန်မရှေ့ စီနီယာရော ကျွန်မနောက် ဂျုနီယာရော... ကျွန်မနဲ့ တစ်နှစ်ထဲမှာပါ ဘယ်မြန်မာမှ မယူတဲ့ ဘိုင်အိုတက်ကနိုလောဂျီ ဆိုတာကြီးကို ဂုဏ်ယူစွာနဲ့ သုံးနှစ်တိတိ သင်ကြားခဲ့ပါတယ်( ဘာမှ တော့ မတတ်ခဲ့ပါဘူး...ဟဲ)...။

အဲ... ဇာတ်လမ်းက အဲဒီမှာ စပါတယ်...။ အလုပ်တွေရှားနေပါတယ် ဆိုတဲ့ အချိန်မှာ ကျောင်းပြီးပေမဲ့... အင်ဂျင်နီယားရင်းတို့ ဘာတို့ကို မြန်မာ အချင်းချင်းလက်တို့ ပြီးခေါ်လို့ အလုပ်အသီးသီး ရသွားကြတဲ့ အချိန်ထိ... မလိခတို့က ဖတ်သီဖတ်သီ နဲ့ စနေနေ့ သတင်းစာကို အားကိုးနေရတုန်း..။ တွေ့တဲ့ ကြော်ငြာကလဲ အင်ဂျင်နီယားရင်းနဲ့ အိုင်တီ...။ ကိုယ်နဲ့ပတ်သက်တဲ့ အလုပ်ကျတော့လဲ ရီကွိုင်းယားမန့်က ပီအိတ်ဂ်ျဒီကကို မဆင်းဘူး...။ အဲဒီတော့လဲ ပျော်ပျော်ကြီးစောင့်ပေါ့...ဟဲဟဲ...။ကိုယ်ကလဲ ဒီအလုပ်ပဲလုပ်ချင်တာကိုး... ဆေးလ်တို့ဘာတို့ကြတော့လဲ... အပြောချိုချို မျက်နှာချိုချို မလိခလို ရုပ်နဲ့ဆို ဘယ်လိုမှကို မဖြစ်...။ အလုပ်သာမရှိတယ်.. သူများဘလော့ဂ်လေးလည်လိုက် ကိုယ့်ဘလော့ဂ်မှာ ပေါက်တတ်ကရတွေရေးလိုက်နဲ့... ကျေနပ်နေတုန်း...။

တစ်နေ့ မနက်မိုးလင်း အိပ်ရာထတော့... အလိုလိုနေရင်း စိတ်က ဒေါင်းနေတယ်...။ ဘာမှ လဲ လုပ်ချင်စိတ်မရှိဘူး...။ အဲဒီကနေ စတာပါပဲ ပြောရရင်တော့....။ ပြီးတော့ မဆီမဆိုင်... ငါ ဘလော့ဂ်နဲ့ပဲ အချိန်ကုန်နေလို့ အလုပ်ကောင်းကောင်း မရှာဖြစ်တာလားမသိဘူး... အလုပ်ရမှ ဘလော့ဂ်ပြန်ကိုင်မယ်ကွာ...ဆိုပြီး... အစိမ်းဖြတ် ဖြတ်ပစ်လိုက်တာပါ....။

ဟဲဟဲ.. ခု ပြန်ရောက်လာပြီဆိုတော့... မလိခလေးများ သူရချင်တဲ့ အလုပ်ရသွားရှာပြီလားဆိုပြီး ၀မ်းသာပေးမဲ့ ညီအစ်ကို မောင်နှမတွေရှိရင် ကျေးဇူးပါ...။ မလိခကတော့ အလုပ်မရသေးပါဘူး....။ ဒါပေမဲ့ ... အပြောချိုချို မျက်နှာချိုချိုနဲ့ မလိခလေး ဘယ်တော့မှ မလုပ်ချင်ခဲ့တဲ့ အားကြီးမုန်းတဲ့ ဆေးလ်ဂဲလ်ဆိုတဲ့ အရောင်းသမ အလုပ်ကိုပဲ လုပ်ပြီး... ဘလော့ဂ်ဆက်ရေးပါဦးမယ်လို့..... ဟီးးး

်ခင်တဲ့
မလိခ