Saturday, April 25, 2009

ကြေးအိုး နဲ့ ကြေးအိုးဆီချက်

ဟဲဟဲ... ခေါင်းစဉ်ကြီးကတော့ ဟည်းနေတာပဲ.. ကြေးအိုးဆိုင်က ဆိုင်းဘုတ်ကို ခဏဖြုတ်လာသလား အောက်မေ့ရတယ်နော်... (ဟဲဟဲ မျက်နှာချိုသွေးနေတာ .... မလုပ်တတ် လုပ်တတ်နဲ့ လုပ်ထားတာဆိုတော့ စားမကောင်းရင် စိတ်ဆိုးနဲ့ နော်.. :D)

ကိုယ်ပိုင် recipe ဆိုလို့ အထင်ကြီးသွားကြမလားပဲ.. တကယ်က ထင်တာလုပ်လိုက်တာပါ ... cbox မှာ မမိုးကောင်းသူကို တွေ့လိုက်တော့ နည်းနည်းပျာသွားတယ်.. (တကယ်).. အဲဒီမမက ဟင်းကောင်းကောင်းချက်တတ်တော့ ငါတလွဲတွေလုပ်မိရင်တော့ ဒုက္ခလို့ တွေးမိသေးတယ်... နောက်တော့ စပြီးမှတော့ မထူးတော့ပါဘူး မလိခရယ် ဆိုပြီး ........

ပထမဆုံးက ကြေးအိုးဆီချက်ပါ..။ ကြေးအိုးဆီချက် ချက်ရင် ကြာဇံကို အိုးထဲမှာ ဆီနဲ့ နဲနဲ လှိမ့်ရတယ်လို့ သူငယ်ချင်းကပြောတယ်...။ ဒါပေမဲ့ ကျွန်မမောင်လေးတွေက ဒီတယောက်က ခုစားမယ်... ပြင်ပြီးလို့မှ မကြာသေး နောက်တစ်ယောက်က သားလည်းစားမယ်... အဲဒီလိုဖြစ်တတ်လို့ ကျွန်မက ကြက်သွန်ဖြူဆီချက်နဲ့ နယ်ပါတယ်... ပဲငံပြာရည်အနောက်ကိုတော့ အရောင်ညိုညိုရချင်လို့ နည်းနည်းထည့်ပါတယ်...။ ကြာဇံပြုတ်ကို ရေစစ်... အရွက်ကြိုက်တတ်တော့ အရွက်များများလေးထည့်ထားတယ်... ပြီးတော့ ခုနက ဆီချက်ရယ် ပဲငံပြာရည်အနောက်ရယ်ထည့်... ဆား (အချိုမှုန့်စားလေ့ရှိရင် အချိုမှုန့်) ထည့်.. ပြီးရင် နယ်လိုက်တယ်...။

အသားလုံးပြုတ်လေး ထည့် .... ၀က်ကလီစာကို အချိုပြုတ် (ကလီစာ များရင်တော့ ၀က်သားတုတ်ထိုးလို လုပ်စားလို့ရတယ်) ထားတာလေး ညှပ်ထည့်လိုက်တယ်... ကျွန်မရဲ့ ကြေးအိုးဆီချက်လေး ရပါပြီ.. သုံးဆောင်ကြပါနော်...


ဒါက ၀က်ခြေထောက်စွပ်ပြုတ်ပါ....


ကြေးအိုးအရည်ဆိုရင်တော့ ကျွန်မက ကြာဇံပြုတ်ကို ၀က်ခြေထောက်စွပ်ပြုတ်အရည် ထည့်လိုက်တယ်.... ပြီးတော့ အရွက်ပြုတ်ရယ် အသားလုံးနဲ့ ကလီစားညှပ်ထားတာထည့်တယ်...။ ဒါလေးက ကြေးအိုးအရည်ပါ...။


ရန်ကုန်က ဆိုင်ကြေးအိုးတွေလောက်တော့ မကောင်းဘူးပေါ့.. ဒါပေမဲ့ ကြေးအိုးကြိုက်တတ်တဲ့ ကျွန်မအတွက် အာသာပြေပါတယ်.... (ရန်ကုန်ကဆိုင်ကြေးအိုးတွေနဲ့ တူချင်ရင်တော့ ဘာအမှုန့်ထည့်ရတယ်ဆိုလား သူငယ်ချင်းကပြောတယ် .... အဲဒါပြောပြီးကတည်းက အဲဒီသူငယ်ချင်းနဲ့ အဆက်အသွယ်ပြတ်သွားတာပဲ... ဘာအမှုန့်မှန်း မသိလိုက်ဘူး..)

ဒါက ရှောက်သီးသုပ်နဲ့ ထမင်းဖြူ.. ၀က်သားမစားတဲ့ သူတွေအတွက်ပါ... ၀က်သားစားတဲ့သူလည်း စားလို့ရပါတယ်... :P... ကြေးအိုးစားပြီး အအီပြေပေါ့...။


ဒါမှ အအီမပြေသေးဘူးဆိုရင် ဒီမှာ သရက်သီးနဲ့ ငံပြာရည်... ဟဲဟဲ



ဟင်းအစပ်အဟပ်က ကောင်းတော့.. သွားတော့ နည်းနည်းကြိမ်းသား...ဟဲဟဲ။

ကြိုက်တာသာရွေးစားသွားကြပါနော်... အကုန်စားလည်းရတယ်... ကျွန်မကတော့ အကုန် အစုံစားထားတယ်...။ နောက် တစ်ပတ်လောက်ထိ ဘလော့ဂ်လေးထဲမှာ ဘာအပြောင်းအလဲမှ မရှိဘူးဆိုရင်တော့ မလိခတို့ ဟိုကမ္ဘာလေးထဲရောက်သွားပြီလို့ မှတ်လိုက်ပါ...။ မလိခ ဘာမှ မဖြစ်ဘူးဆိုရင်တော့ မြန်မာပြည်မှာနေတုန်းက လမ်းဘေးစာအစုံစားတတ်တဲ့ အကျင့်ကြောင့် resistance တွေတက်လို့ လို့မှတ်..... :P

Monday, April 20, 2009

တစ်လမ်းသွား

ကားလမ်းလေးကို ကူးလိုက်ချင်းပဲ မြင်လိုက်ရတဲ့ မြက်ခင်းပြင်ကျယ်ကြီးကြောင့် မို့စိတ်တွေ လွတ်လပ်သွားသည်။ ရင်တစ်ခုလုံးရှင်းသွားသလို ခံစားလိုက်ရသည်..။ ရထားနဲ့ဖြတ်သွားတိုင်း မြင်ရတဲ့ ဒီမြက်ခင်းပြင်ကို လာမယ်လို့ စိတ်ထဲက တေးထားခဲ့တာ တော်တော်ကြာခဲ့ပေမဲ့ အခုမှပဲ မိုရောက်ဖြစ်တော့သည်..။

မြက်ခင်းပြင်ပေါ်ကို မိုနင်းလိုက်သည်။ မြက်ဖျားပေါ်က ရေစက်လေးတွေက ခြေညှပ်ဖိနပ်စီးထားတဲ့ မို့ရဲ့ ခြေဖမိုးကို လာထိတဲ့ အေးမြမြအထိအတွေ့ကြောင့် မို ပျော်သွားသည်။ မြက်ခင်းစိမ်းစိမ်းအောက်က မြေသားက နင်းလို့ကောင်းရုံလေးသာ ပျော့နေသည်မို့ မို ရဲရဲတင်းတင်း နင်းလျှောက်လိုက်သည်..။ မြက်ခင်းပေါ်ဖြတ်လျှောက်လာရင်း လူတွေ ငါ့ကိုမြင်ရင် ဘယ်လိုထင်ကြမလဲ ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးကြီးဝင်လာတာကြောင့် ‘မြမိုမိုရေ.. ဒီနေ့တော့ ကမ္ဘာကြီးကို မြမိုမိုတစ်ယောက်တည်း ပိုင်တယ်ဆိုတဲ့ စိတ်မျိုးနဲ့ နေပစ်လိုက်စမ်းကွာ…’ လို့ မို့ဘာသာမို အသံထွက်အားပေးလိုက်သည်။ ဒီလိုဆိုတော့လည်း စိတ်တွေက ပြန်လွပ်လပ်သွားသားနော်..။

ညာဘက်ခပ်လှမ်းလှမ်းလောက်မှာ ဗျိုင်း သုံးကောင်က အေးအေးချမ်းချမ်း အစာစားနေတာကို မိုမြင်ရသည်..။ ဒီမြက်ခင်းပေါ်မှာ မိုတစ်ယောက်တည်းမှ မဟုတ်တာပဲ…။ မိုးပျံရထားလမ်းဘေးမှာ ဆိုတော့ ရထားဖြတ်သွားရင် အသံနည်းနည်းညံပေမဲ့ ကိုရွှေဗျိုင်းတွေကတော့ သူတို့နဲ့မဆိုင်သလိုလို..။ မိုတို့ဆီမှာဆိုရင် မြို့တော်ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုဗျိုင်းမျိုးတွေ မြင်ရခဲသွားပြီ..။ ဒီမှာတော့ လူနေအိမ် တိုက်တာတွေနဲ့ နီးနီးလေးတွေမှာကို သူတို့တွေကြည့်ရတာ ကိုယ့်အိမ်ကိုယ့်ယာလိုနေနေကြသည်..။ ဒီကိုရောက်လာခါစက ဘူတာရုံပေါ်ကနေ ခုလိုပဲ မြက်ခင်းပေါ်မှာ အေးအေးသက်သာနေနေတဲ့ ဗျိုင်းတွေကိုကြည့်ရင်း ညိုနွဲ့ပြောတာကို သွားသတိရပြီး မို ပြုံးမိသည်..။ ‘ဒီကလူတွေ ဗျိုင်းသားဆိုတာစားရကောင်းမှန်း မသိကြသေးလို့နဲ့တူတယ်နော်… ဗျိုင်းတွေကြည့်ရတာ အေးဆေးပဲ’..တဲ့..။

မို့ရှေ့တည့်တည့်က မြက်ပြင်ကျယ်အဆုံးမှာ ကတ္တရာလမ်းကျဉ်းကျဉ်းလေးရှိနေသည်..။ တခါတခါ စက်ဘီးစီးနေတဲ့ ကောင်လေးငယ်ငယ်လေးတွေ၊ ညနေခင်း အေးအေးဆေးဆေး လမ်းလျှောက်နေတဲ့ မိသားစုတွေကို ရထားပေါ်ကနေ မို တွေ့ရတတ်သည်.။ ဒီနေ့တော့ အဲဒီလမ်းလေးမှာလဲ လူရှင်းနေသည်..။ မို လမ်းကလေးဆီလျှောက်လာသည်..။ မြက်ခင်းနဲ့ လမ်းကလေးကြားမှာ ခြားထားတဲ့ ရေမြောင်းလေးကို ကျော်ပြီးချိန်မှာ လမ်းတစ်ဖက်ခြမ်းလုံး အပင်တွေ အုံ့ဆိုင်းနေတဲ့ လမ်းကလေးပေါ်ကို မိုရောက်နေပြီ..။ လမ်းလေးရဲ့တစ်ဖက်မှာက အစိမ်းရင့်ရောင်အရွက်ကြီ်းကြီးတွေရှိတဲ့ အပင်တွေ…အဲဒီအပင်တွေရဲ့ အောက်မှာက အရွက်ဖားဖားရှည်ရှည်နဲ့ ကွင်းထိုးဂမုန်းလိုလို အပင်တွေ ချုံပင်ဆန်ဆန် အပင်တွေက အပင်တန်းတွေရဲ့ တစ်ဖက်မှာ ဘာရှိနေတယ်ဆိုတာကို မသိရအောင် ကာထားကြသည်.။

ရထားနဲ့ဖြတ်သွားနေကြဆိုတော့ မိုကတော့ အဲဒီ အပင်တံတိုင်းရဲ့ဟိုဘက်မှာ ဘာရှိတယ်ဆိုတာသိနေသည်..။ မြောင်းကျယ်ကြီးတစ်ခု…။ ရေတွေတသွင်သွင်စီးနေတဲ့ အဲဒီမြောင်းကြီးက မိုးရေတွေ မလိုအပ်တဲ့ရေတွေကို ပင်လယ်ထဲကို အရောက်ပို့ပေးတဲ့ ခေတ်မီတိုးတက်တဲ့ နိုင်ငံရဲ့ ပြယုဒ်တစ်ခုပါပဲ…။ အဲဒီမြောင်းကြီးရဲ့တစ်ဖက်မှာတော့ … .... မိုမမြင်ချင်တဲ့ အရောင်စုံ ဒီဇိုင်းစုံကားတွေ အဆက်မပြတ်ဖြတ်နေတဲ့ ကားလမ်း… တိုက်မြင့်ကြီးတွေ စက်ရုံကြီးတွေ.. မို့ကို အသက်ရှုကျပ်စေတဲ့ မြို့ပြရဲ့ သင်္ကေတတွေ…။ မိုအဲဒီအကြောင်းတွေ ဆက်မတွေးချင်တော့..။

လမ်းကလေးတစ်လျှောက် အပင်အုပ်အုပ်တွေ မြင်ရတဲ့ဆီကိုဆက်လျှောက်လာသည်..။ မို ကျောခိုင်းထားတဲ့ လမ်းကလေးရဲ့ တစ်ဖက်ဆုံးမှာက….. မိုမမြင်ချင်တဲ့ အရာတွေ…။ နေအိမ်တိုက်ခန်းတွေ.. ကားတွေ..။ အဲဒါတွေထဲမှာ လူတွေရှိနေကြသည်..။ လောဘတွေ.. ဒေါသတွေ .. မောဟတွေ .. မာန်မာနတွေ.. နဲ့ အဆိပ်သင့်နေကြတဲ့လူတွေ…။ မိုကိုယ်တိုင်ကရော…???? မို မစဉ်းစားချင်တော့…

မို လွတ်လပ်ချင်သည်….။ လွတ်လပ်မှုတွေကိုချစ်တဲ့မို…… လွတ်လပ်ဖို့ကြိုးစားရင်း…. ကိုယ်ဆင်တဲ့ ကြိုးတွေထဲမှာ ပြန်ချည်နှောင်ခံရတော့….. ..မို့ကိုဘယ်သူလာသနားမှာလဲ….။ ဟုတ်တယ်….. မို့ကိုမိုတောင် မသနားဘူး……။

မို… လယ်ကွင်းတွေကိုချစ်တယ်….။ စပါးခင်းစိမ်းစိမ်းလေးတွေကိုချစ်တယ်…..။ ကောက်သိမ်းချိန်…ရိုးပြတ်နံ့တွေကိုလည်း ချစ်တယ်…..။ သစ်တောတွေကိုလည်းချစ်တယ်….။ ရိုးမတောင်တန်းတွေကိုလည်းချစ်တယ်….။ ပင်လယ်ကိုလည်းချစ်တယ်…။ ဧရာဝတီကိုလည်း ချစ်တယ်….။ သနပ်ခါးလိမ်းထားတဲ့ ပါးပြင်လေးတွေကိုလည်းချစ်တယ်…..။ ဆောင်းရာသီကိုလည်းချစ်တယ်….။ ခြံထောင့်က ဆောင်တော်ကူးပန်းတွေကိုလည်း ချစ်တယ်…။ အဖေနဲ့အမေ ကိုလည်းချစ်တယ်….။ ကျောင်းကပြန်လာတိုင်း…. မမကြီးမိုရေ…ဆိုပြီးရောက်လာတတ်တဲ့ မောင်လေး ညီမလေးတွေကိုလည်းချစ်တယ်….။မိုချစ်တဲ့လူတွေ… မိုချစ်တဲ့ အရာတွေ…မို့ကိုချစ်တဲ့လူတွေ…. အဲဒါတွေကမို့ကို မလွတ်လပ်စေဘူးလို့များ မိုတွေးခဲ့မိသလား……..။ မို..မသိတော့...

လွတ်လပ်မှုဆိုတာကို မိုအဓိပယ်ကောက်လွဲခဲ့ပါသလား….။ အဲဒါလည်းမို မသိတော့….

မိုသိတာက တောင်ပေါ်မြို့လေးက အိမ်သေးသေးလေးရှိတဲ့ ခြံဝန်းကျယ်ကြီးထဲမှာ…. မို… ပန်းတွေစိုက်ချင်သည်…။ ခြံနောက်ဖေးမှာ သီးပင်စားပင်လေးတွေ စိုက်မည်….။ ထမင်းစားခါနီး ခြံနောက်ဖေးက မုန်ညင်းတွေဆွတ်ပြီး မုန်ညင်းရွက်ကြော်လေးကြော်လိုက်မည်…။ ညနေပန်းပင်တွေရေလောင်းရင်း နောက်တနေ့မနက် ပန်းလာကောက်တဲ့ဖောက်သည်တွေအတွက် ပန်းတွေခူးပြီး စည်းထားလိုက်မည်…။ အဲဒီထဲက အလှဆုံးပန်းတွေကိုတော့ မို့အိမ်လေးက ဘုရားမှာ ပန်းကပ်လိုက်မည်…..။ ညဖက်အေးလာရင် အိမ်ရှေ့နားကမြေကွက်လပ်လေးမှာ မီးဖိုပြီး မီးလှုံရင်း ကန်စွန်းဥဖြစ်ဖြစ် အာလူးဖြစ်ဖြစ် မီးဖိုထဲ ပစ်ထည့်လိုက်ပြီး မီးဖုတ်စားလိုက်မည်….။ မနက်စောစောထပြီး ပါးစပ်ကအငွေ့ထွက်အောင် ခဏခဏ `ဟား`ကနဲလုပ်လို့လည်းရသေးသည်….။ အဲဒီခြံလေးထဲမှာ…. လောဘ…ဒေါသ…မောဟတွေ …. မာန်မာနတွေ…. အဲဒါတွေဆီကနေမိုပုန်းနေနိုင်သည်….။ ကားရောင်စုံတွေထက်ကို မို့ပန်းရောင်စုံတွေက ပိုလှနေလိမ့်မည်….။ အော်ဂင်းနစ်လို့စာတန်းထိုးထားတဲ့ အသီးအရွက်တွေထက်ကို မို့ခြံကထွက်တဲ့အော်ဂင်းနစ်စစ်စစ်က ပိုချိုနေမှာသေချာသည်…။ အဲင်္ဒီလိုတွေလည်း မို ကျေနပ် ဂုဏ်ယူနေနိုင်သေးသည်…..။ ပြီးတော့…..

မို့ခြေလှမ်းတွေရပ်သွားသည်….။ မို့အိမ်ကလေးရော ပန်းခင်းလေးရော စိုက်ခင်းလေးရော မို့မြင်ကွင်းထဲက အားလုံးပျောက်သွားသည်….။ မို့ရှေ့တည့်တည့်မှာမြင်ရတာက သံပန်းတွေကာထားတဲ့ ကတ္တရာလမ်းဆုံး…..။

မို သက်ပြင်းချလိုက်မိသည်…..။ အိမ်ပြန်နောက်ကျရင် စိတ်ပူပေးမယ့်သူရှိတာကို ချုပ်ခြယ်တယ် ထင်ခဲ့တဲ့မို….. လူနေမှုအဆင့်အတန်းမြင့်တာကို စိတ်ဓာတ်အဆင့်အတန်းမြင့်တာနဲ့ တိုက်ရိုက်အချိုးကျလိမ့်မယ်လို့ထင်ခဲ့တဲ့မို……။

ချုပ်ခြယ်မှုလို့ထင်တဲ့နေရာကနေ လူနေမှုအဆင့်အတန်းမြင့်တဲ့နေရာကိုရောက်ဖို့ အသည်းအသန်ကြိုးစားခဲ့တဲ့မို……….။ ခုတော့ အမေ့ရင်ခွင်ကိုပြန်ချင်ပြီ…..။ ဒါပေမဲ့…… နောင်တရပါပြီဆိုပြီး ဒီနေရာကိုကျောခိုင်းဖို့သတ္တိတွေရော မို့မှာရှိပါရဲ့လား…..။

နေသားကျနေတဲ့ တာဝန်ယူမှုတွေ တာဝန်သိမှုတွေ…. နောက်ပြီး ငွေကြေး…. အဲဒါတွေကိုရော မိုစွန့်လွှတ်ရဲလို့လား…..။

တကယ်တော့ မိုက မို့ကိုတင်းသထက်တင်းအောင်ချည်မယ့်ကြိုးတွေကို ကြိုးကြိုးစားစားရှာဖွေခဲ့မိတာ……။ မိုသတိထားမိတဲ့ အချိန်မှာတော့ မို့အင်အားနဲ့မမျှအောင် ကြိုးတွေက တင်းကျပ်နေခဲ့ပြီ………။

မို နောက်ပြန်လှည့်ပြီး လာရာလမ်းကိုပြန်ဦးတည်လိုက်သည်…..။

ဘ၀ဆိုတာ ဒီလိုလှည့်ချင်တိုင်းနောက်ပြန်လှည့်လို့ရတဲ့ ကတ္တရာလမ်းလေးပေါ်မှာ လမ်းလျှောက်နေတာမျိုးဆို ဘယ်လောက်ကောင်းလိုက်မလဲ



P.S။ ။ ကျွန်မ စာကောင်းကောင်းမရေးတတ်ပါဘူး...။ ဒါပေမဲ့ ရူးတယ်ပဲပြောပြော လက်တည့်တော့ စမ်းချင်မိပါတယ်...။ ဝေဖန် အကြံပေးပေးကြပါနော်...။ ကျေးဇူးတင်ပါတယ်..။

Saturday, April 18, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (တောင်ကြီး) (၉)

မန္တလေးကနေ ညကားနဲ့ ကျွန်မနဲ့ ဇာမဏီ နှစ်ယောက်တည်းထွက်လာခဲ့ကြတယ်..။ သတိထားမိတာက ကားမှာ အဲယားကွန်းမဖွင့်ဘူး မှန်ဖွင့်စီးရတယ်...။ မြန်မာနိုင်ငံ အလယ်ပိုင်းဆိုတော့ ညဖက်ရာသီဥတုက အေးပေမဲ့ ဖုန်ကထူထူရယ်...။ တချို့ ခရီးသည်တွေက တစ်ခါသုံး ဆေးခန်းသုံးမျက်နှာဖုံးတွေ ဆောင်လာတာတွေ့တော့ ကျွန်မတွေးမိတာက ဒီဖုန်တွေနဲ့ ငါတော့ သွားပါပြီပေါ့....။ ဇာမဏီကို လူလည်ကျပြီး ပြတင်းပေါက်ဖက်ကို နေရာဦးထားတဲ့ ကျွန်မ.... ဘယ်မြို့ဝင်ဝင် ညဥ့်နက်ထိဖွင့်တတ်တဲ့ လက်ဖက်ရည်ဆိုင် တချို့က မီးမှိန်မှိန်ကလွဲရင် အကုန်လုံးပိန်းပိတ်အောင် မှောင်နေတာကြောင့် ဘယ်ရောက်လို့ ရောက်မှန်းမသိ...။

မှေးကနဲ အိပ်ပျော်သွားပြီး နိုးလာတော့... ကားရှေ့မီးရောင်ကနေ မြင်လိုက်ရတဲ့ ဖုန်လုံးတွေ... ကျွန်မအလန့်တကြားနဲ့ နှာခေါင်းကိုပိတ်လိုက်မိတယ်...။ ဒါပေမဲ့ တော်တော်ကြာတဲ့ အထိ ဖုန်နံ့က ကျွန်မနှာခေါင်းထဲ တစိုးတစိတောင်ဝင်မလာလေဘူး..။ ဘေးက မှန်ပြတင်းကိုဖွင့် .... သေသေချာချာစူးစမ်းကြည့်တော့မှ... နှင်းမြူမှုန်တွေမှန်း သိလိုက်ရတယ်....။ အဲဒီတော့မှပဲ လေကို အားပါးတရရှုနိုင်တော့တယ်...။ လမ်းကလဲ ဒီတစ်ကွေ့ကွေ့လို့မှ ပြီးမယ်မကြံသေးဘူး နောက်တစ်ကွေ့ကရှေ့မှာ အဆင်သင့်...။ ကားမောင်းသမားကြီးက ကက်ဆက်ကြီးဖွင့်ပြီး သူ့ အသံကြီးနဲ့ ဟဲနေတာကို နားညည်းသလိုရှိပေမဲ့ ခွင့်လွှတ်လိုက်တယ်...။ ဟဲဟဲ ... ဒီလိုလမ်းမျိုးမှာ သူအိပ်မငိုက်မှ ဖြစ်မှာကိုး...။ ဇာမဏီကိုကြည့်လိုက်တော့ အိပ်နေတာများသိုးလို့...။ ခရီးကရှည်တော့ သူလဲပင်ပန်းရောပေါ့...။ သာမန်အချိန်မှာ ကျွန်မက သူ့လောက် အပင်ပန်းမခံနိုင်ပေမဲ့ ခရီးသွားနေရင်တော့ ကျွန်မက အဲဗားလန်းဆန်းနေတတ်သည်...။

တောင်ကြီးမြို့ ထဲက လမ်းမကြီးကိုရောက်တော့ လမ်းမီးတွေလင်းထိန်လို့ တစ်မြို့လုံးအိပ်နေကြတုန်း..။ ကျွန်မတို့နှစ်ယောက်ကို ဦးလေးက ထွက်ကြိုသည်။ သူပေးတဲ့ အခန်းလေးမှာ နှစ်ယောက်သားအိပ်ချင်မူးတူးနဲ့ ထိုးအိပ်ပစ်လိုက်ကြတာ အကျီလေးတောင်မလဲဘူး..(ညစ်ပတ်တာလေ.. ဟဲဟဲ)။ မနက်နိုးတော့.. တောင်ကြီးကို တစ်ခေါက်ရောက်ဖူးတဲ့ ကျွန်မက တစ်ခေါက်မှ မရောက်ဖူးတဲ့ ဇာမဏီ့ကို ဆရာလုပ်ပြီး... ပထမ ရေချိုးဆိုင်ကို ခေါ်သွားပြီး... ရေနွေးနဲ့ ရေချိုးကြတယ်... ပြီးတော့ အလှပြင်ဆိုင်ကိုခေါ်သွားတယ် ဟဲဟဲ... ကျွန်မတို့ဆံပင်တွေက ဖုန်အလိမ်းလိမ်းနဲ့ဆိုတော့ နှစ်ယောက်လုံးခေါင်းလျှော်ချင်နေကြပြီလေ....။ ခေါင်းလျှော်အပြီးမှာ ဇာတ်လမ်းစတာက ကျွန်မ။ သူများတွေ ဆံပင်ညှပ်တာကြည့်ပြီး ဆတ်ဆတ်ဆော့ဆော့ ဆံပင်ညှပ်မယ်ဆိုပြီးဖြစ်ရော.... ကျွန်မကိုကြည့်ပြီး ဇာမဏီ့ကိုဓာတ်ကူးသွားတယ်....။ ဟဲဟဲ အဲဒီနောက်ပိုင်းကစပြီး ရိုက်သမျှဓာတ်ပုံတိုင်းမှာ ကျွန်မတို့ ရုပ်တွေက တမင်တကာ ပြောင်ပြစရာမလိုပဲ ပြောင်စပ်စပ်ရုပ်ထွက်နေတော့တယ်.... :P

တောင်ကြီးမြို့ .... ဟိုး..ကန်က ကျီးဖြူကန်တဲ့

နောက် တောင်ကြီးဈေးထဲက သူငယ်ချင်းကို သွားရှာ နှုတ်ဆက်... ပြီးတော့ သူငယ်ချင်းက ကျွန်မတို့ကို ကြိုးတံတားရှိတဲ့ ပန်းခြံရယ် အရင်မီးပုံပျံပွဲလုပ်တဲ့ကွင်းဟောင်းနားက စှူဠာမုနိဘုရား (ဘုရားဘွဲ့တော်က မှန်မယ်ထင်တာပဲ... )ရယ်ကို လိုက်ပို့ပေးရှာတယ်..။ အရင်နှစ်လာတုန်းက ပင်းတယတို့ အင်းလေးတို့ထိလိုက်ပို့ပေးနိုင်ပေမဲ့ ခုတခါက သူတို့နှစ်ကူးနဲ့လဲတိုက်နေတာမို့ လိုက်မပို့နိုင်တာကို သူက အားနာနေတယ်...(သယ်ရင်းကြီး အားကြီးကျေးဇူးတင်တယ်နော်... :) .. )။ နောက်သတိထားမိတာက တောင်ကြီးမှာ ပြင်ဦးလွင်လောက်ချယ်ရီပင် အများကြီးမရှိတာ....။ သူငယ်ချင်းကပြောတယ်... ခုဆို ချယ်ရီပင်တွေရှားကုန်လို့ ချယ်ရီကြည့်ချင်ရင် တောင်ပေါ်မှာသွားရှာရတယ်တဲ့...။ သူကလဲ ရွှတ်နောက်နောက်ဆိုတော့ တကယ်လား နောက်တာလားတော့ မသေချာ... တောင်ကြီးမှာ ကျွန်မတို့သွားတဲ့ အချိန် ချယ်ရီတွေနည်းနေတာတော့အမှန်...။

တောင်ပေါ်က စေတီတစ်ဆူ (ဘွဲ့တော်တော့ မမှတ်မိတော့ဘူး... :D)

ညနေပိုင်းကျတော့ ကျွန်မဦးလေးက တောင်ပေါ်ကိုလိုက်ပို့ပေးတယ်....။ တောင်ရဲ့ တောင်ဘက်ကနေ မြောက်ဘက်ထိ..။ တောင်ပေါ်ကနေကြည့်ရတဲ့ တောင်ကြီးမြို့က ပန်းကန်ပြားပေါ်မှာ ဆောက်ထားတဲ့ မြို့ကလေးလိုပဲ....(အဲဒီလိုပြောတာကို တောင်ကြီးသား ကျွန်မသူငယ်ချင်းကရယ်တယ်..)။ တခြားမြို့တွေဆိုရင် မျက်စိတဆုံး လူနေအိမ်ခြေတွေက ထူရာကနေ ပါးပါးသွားတတ်ပေမဲ့ တောင်ကြီးမြို့ကတော့ ပန်းကန်ပြားရဲ့ အနားသတ်ကလေးလို တိတိရိရိ သေသေသပ်သပ်.....။ အဲဒီတောင်ပေါ်မှာ ဘုရားတွေတစ်ဆူပြီးတစ်ဆူဖူး ဆုတွေလည်းတောင်းပေါ့...။ မလုပ်မဖြစ်လုပ်တာကတော့ ဓာတ်ပုံရိုက်တာ..။ ကိုယ့်ပုံက မလန်းတော့ပေမဲ့ ရှုခင်းတွေကလန်းတုန်းကိုး..။ တောင်ပေါ်ကနေ တအိအိနိမ့်ဆင်းသွားတဲ့ နေလုံးကြီးကိုလည်း ဓာတ်ပုံရိုက်ခဲ့သေးတယ်...။ (sunrise ကို ကြုံဖို့ မလွယ်မှန်း ကိုယ့်အကြောင်းကိုသိလေတော့ sunset ကိုပဲအားကိုးရတော့တယ်.... ဟဲဟဲဟဲ)
ကဲ ပန်းကန်ပြားအစွန်းနဲ့ မတူဘူးလား.... တူပါတယ်နော်.... တူတယ်လို့ပြော.... ဟဲဟဲဟဲ



နေ မ၀င့်တ၀င်


နေ၀င်သွားတာတောင် လှတုန်း.... နော်


ပြန်ရောက်တော့ သူငယ်ချင်းက မနက်ဖြန်ညနေ သူ့အိမ်မှာ နှစ်ကူးအတွက်ကျွေးမှာမို့ ကျွန်မတို့နှစ်ယောက်ကိုလာခေါ်မယ်တဲ့...။ ဟဲဟဲ စားရချည်သေးရဲ့.. ရှလွှတ်

Friday, April 17, 2009

အမေ... သို့

အမေ

အမေ.. နေကောင်းရဲ့လားလို့ မေးချင်ပေမဲ့ နေမကောင်းဖြစ်နေတဲ့ အမေ့ကို စိတ်မကောင်းမဖြစ်စေချင်ဘူး။ သမီး အမေ့ဆီကို ပြန်လာချင်တယ် အမေ။ သူများအိမ်ရောက်ဖူးမှပဲ ဘယ်နေရာမှ အမေ့အိမ်လောက် ပျော်ဖို့မကောင်းမှန်း သမီးသိလာရတယ်။ ဒါပေမဲ့ အမေရယ်... ပျော်ရာမှာ မနေရဆိုတော့လည်း...။ တခါတခါတော့လည်း စိတ်နာနာနဲ့ တွေးမိတယ်အမေရယ်.... ဒီလောက်သာယာတဲ့ ဒီလောက် ပျော်စရာကောင်းတဲ့ အမေ့အိမ်က ဘာလို့ သမီးတို့ အတွက် သင့်တော်တဲ့ နေရာမဖြစ်ရတာလဲလို့...။

အမေ့အိမ်က ပြန်လာကြတဲ့ အစ်ကိုလတ်နဲ့ အစ်မငယ်ဆီက အမေ့ အခြေအနေကို (ကောင်းမလာမှန်း သိပေမဲ့) မေးမေးကြည့်မိတယ် အမေ...။ အမေ့ကျန်းမာရေး ပိုဆိုးလာတယ်ဆို....။ အားဆေးလေး ဘာလေးသောက်ပါ အမေရယ်လို့ ပြောချင်ပေမဲ့ စိတ်ကြောင့် ဖြစ်တဲ့ ရောဂါဆိုတော့လည်း.... အမေရယ်...။ နောက်ဆုံးတော့ အမေ့သားဆိုး သမီးဆိုးတွေကို ပဲ အပြစ်တင်ရတော့မှာပဲ...။ သမီးက အဲဒီလိုပြောရင် အမေ မျက်နှာပျက်ဦးမယ်....။ အမေက အမေဆိုတော့ ဘယ်သား ဘယ်သမီး ဘာလုပ်လုပ် အမေ အပြစ်မဆိုရက်ပဲ မျက်နှာညိုညိုနဲ့ နေနိုင်မှာပေါ့...။ သမီးကတော့ ပြောရမယ်အမေ...။ ကိုယ့်ညီအစ်ကို မောင်နှမ အချင်းချင်း ဒီလိုလုပ်တာတော့ ဘယ်ကောင်းမလဲ အမေ..။ အစ်ကိုတွေ အစ်မတွေ သူများအိမ်မှာ အပြောခံ အဆိုခံပြီး ပိုက်ဆံရှာတယ်ဆိုတာ အမေ့အိမ်မှာ နေတဲ့ အမေ့သားကြီး သုံးချင်တာသုံးဖို့မှ မဟုတ်ပဲ အမေရယ်...။ မိုးယိုနေတဲ့ အမေ့အိမ်လေး ခေါင်မိုး အသစ်လဲဖို့...။ အိမ်ခြေရင်းက ခြစားနေတဲ့ အိမ်တိုင်လေး အသစ်လဲဖို့ပါ အမေ...။ ခုတော့...

သမီး ပြောရင် အငယ်ဖြစ်ပြီး ပြောတယ် ဆိုပြီး သမီးအလွန်ဖြစ်မယ်....။ အကြီးကို ဒီလို မပြောရဘူးလေ လို့ အမေ ပြောချင်နေလား...။ သမီး ပြောတာ ဘာများအမှားရှိလို့လဲ အမေ...။ ပြောလက်စနဲ့ ဆက်ပြောရဦးမယ်...အမေ...။ ဟိုးတလောက အမေ့သားကြီးက အိမ်ကရေတွင်းကို ပြန်ပြင်ချင်တယ်ဆိုလို့ အစ်ကိုလေးနဲ့ အစ်မလတ်က ပိုက်ဆံပို့ပေးပြီးပြီ... အဲဒါ ရေတွင်းကို ဖြစ်ကတတ်ဆန်း ပြီးပြီးရောလုပ်သွားပြီး ပိုက်ဆံတွေ အကုန်လုံး သူချည်းသုံးပစ်လိုက်တာများ ... အဲဒီပိုက်ဆံ အမေတောင်မြင်လိုက်ရလို့လား..။

သမီးစာကို ဖတ်ရင်း အမေ သမီးကို စိတ်ဆိုးတော့မယ်ဆိုတာ သမီးသိတယ် အမေ..။ ဒါပေမဲ့ အမေရယ်... သူတို့လုပ်တာ ဟုတ်ကိုမဟုတ်ပါဘူး...။ အရင်ကဆို အမေ့ခြံလေးက အပင်အုံ့အုံ့ဆိုင်းဆိုင်း သာသာယာယာရယ်.... ခုဘာရှိတော့လို့တုန်း...ပြောပါဦးသမီးကို။ အသီးလဲ အသီးမို့လို့ အပွင့်လဲ အပွင့်မို့လို့...ဘာမှကို မကျန်ဘူး ။ အမေ့သားလုပ်တာနဲ့ အမေ့ လက်ဝတ်လက်စားတွေလဲကုန်သလောက်ပဲ မဟုတ်လားအမေ..။ သမီးအဲဒါတွေကို မက်လို့ပြောနေတာမဟုတ်ဘူး...။ သမီးတို့က ကိုယ့်ဘာသာရှာဖွေစားသောက်နိုင်ပြီ.. ။ ဒါပေမဲ့ အငယ်တွေရှိသေးတယ်လေ အမေ..။ ပြီးတော့ မိဘမဲ့တဲ့ အမေ့မြေးလေးတွေရှိသေးတယ်လေ အမေရယ်...။ တကယ်တော့ အမေ့အမွေဆိုတာကို သမီးတို့က အမေ့ အမှတ်တရဆိုပြီး တစိမ့်စိမ့်ထိုင်ကြည့်ချင်တာရယ်..။ သူတို့သိတတ်ဖို့ကောင်းတယ်...အမေ။

ဟိုတလောက အမေ့သား.. သမီးရဲ့ အစ်ကိုငယ်ကို သူအလုပ်လုပ်တဲ့ အိမ်က မိသားစုက သဘောကျလို့ အမွေစားအမွေခံ အပြီး မွေးစားလိုက်တယ်နော်...။ သမီးကြားကြားချင်းစိတ်ထဲမှာ မကောင်းဘူးအမေရယ်..။ သမီးတောင် ဒီလိုဆို ရင်နဲ့လွယ်မွေးခဲ့ရတဲ့ အမေ ဘယ်လောက်ခံစားရလိမ့်မလဲဆိုတာ သမီးသိပါတယ် အမေ..။ အစ်ကို့ကိုလည်း အပြစ်မတင်ပါနဲ့အမေ...။ သူ့ခမျာ မတတ်သာလို့ပါ...။ သူအမေ့ကို မချစ်လို့မှ မဟုတ်ပဲ အမေ။ ဟိုးတစ်ခေါက် မိသားစုအားလုံးဆုံတုန်းက အစ်ကိုကြီး အမေ့အပေါ်ဆိုးတာတွေကို သူပြောလို့ အစ်ကိုကြီးမူးမူးနဲ့ ဓားကြိမ်းကြိမ်းတာကို သူစိတ်နာနေပုံပဲ...။

သမီး အခု အလုပ်လုပ်တဲ့ အိမ်ကလဲ သမီးကို မွေးစားချင်တယ်တဲ့ အမေ..။ သားသမီးတွေ တစ်ယောက်ပြီးတစ်ယောက် ပါသွားပါပြီလို့ တွေးပြီး အမေ စိတ်မကောင်းဖြစ်နေမလား....။ စိတ်မကောင်းမဖြစ်ပါနဲ့အမေ...။ သမီး တတ်နိုင်သလောက် တင်းခံနေမှာပါ...။ သမီး အမေ့အိမ်ပြန်လာချင်သေးတယ်...။ ရွာကို လည်းလွမ်းတယ်အမေ...။ သမီး အမေ့ကိုပြောဖူးတယ်လေ...။ ဒီမှာ အလုပ်လုပ်ရင်း သင်လာတဲ့ ပညာတွေကို သမီး မောင်လေး ညီမလေးတွေကို ပြန်သင်ပေးချင်သေးတယ်လို့...။ သမီးကြိုးစားနေပါတယ် အမေ။

အမေ နေကောင်းအောင်နေပါ အမေ...။ ဘယ်သူတွေ ဘယ်လောက်ပဲ ဆိုးနေပါစေ... အမေစိတ်ချမ်းသာအောင်နေပါ ...။

အမေ့ကို ချစ်တဲ့
သမီး

Friday, April 10, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (ပြင်ဦးလွင်) (၈)

ညနေ မန္တလေးပြန်တော့မှာဆိုတော့.. တမနက်လုံး ရုက္ခဗေဒဥယျာဉ်မှာပဲလည်ဖို့ ဆုံးဖြတ်လိုက်တယ်... ဓာတ်ပုံတွေလည်းရိုက်ရဦးမယ်လေ... :)

ဥယျာဉ်ထဲဝင် ၀င်ချင်းသတိထားမိတာက လိပ်ပြာပုံစံ ပန်းပွင့်ကြီးတွေပုံစံ ပုံဖော်ထားတဲ့ ပန်းတွေ... ပန်းပြပွဲတုန်းကတော့ ပန်းအစစ်တွေသုံးခဲ့ပေမဲ့ ခုတော့ ပန်းအတုတွေနဲ့ ပုံဖော်ထားတာလို့ ဆိုတယ်... အရောင်တွေက စပ်ဖြီးဖြီးနဲ့ အစစ်ကိုတော့ဘယ်လိုမှ မမီ..။ နောက် ပန်းအစစ်တွေ မြင်ရတော့လဲ ပန်းပြာပြာ၊ စိမ်းစိမ်း၊ ၀ါဝါ.... အို အရောင်ကို စုံလို့ ... လှလိုက်တာ...

ခဲတံချွန်စက်က ထွက်လာတဲ့ သစ်သားစလေးတွေနဲ့တူတယ်...


ဘာရယ်မဟုတ်ဘူး.... လှလို့ ရိုက်လာတာ...


ဥယျာဉ်ရဲ့ အနောက်ဘက်ကတောထဲမှာနေကြတဲ့ သမင်မိသားစုတဲ့...။ လူတွေက ရန်မမူလို့ သူတို့လဲ အေးအေးဆေးဆေးလျှောက်သွားနေကြတယ်....။ ဒင်းတို့လေးတွေက တော်တော်အတင့်ရဲလို့ ပျိုးပင်တွေ စိုက်ထားတဲ့ဆီအထိတောင် ဆင်းလာကြတယ်.....။ ကျွန်မတို့တောင် သူတို့နဲ့ ခပ်လှမ်းလှမ်းလောက်ကနေ ဓာတ်ပုံတွဲရိုက်ခဲ့သေးတယ်....။


ပန်းလေးတွေက သေးသေးလေးတွေနဲ့ ချစ်စရာကောင်းလို့....။




သူ့ကိုလည်း ဥယျာဉ်ထဲမှာ မယောင်မလည်နဲ့ လျှောက်သွားနေတာ တွေ့လို့... ....။


ဥယျာဉ်ထဲက ချယ်ရီ....။


သူတို့နှစ်ကောင်ကလဲ အဲလို ကဲနေကြသေးတယ်....။


သူတို့လဲ ချစ်စရာကောင်းတာပဲ....။

ဘယ်နှစ်ခေါက်သွားသွား သွားတဲ့အခေါက်တိုင်း မတူအောင် အပြင်အဆင် အမျိုးမျိုး ပန်းအမျိုးမျိုးမြင်ရလေ့ရှိတဲ့ ရုက္ခဗေဒဥယျာဉ်ရဲ့ ဒီတစ်ခေါက်လက်ရာက ဒီ... ဂေါ်ဖီပန်းလိုလို ပန်းပွင့်တွေပါ...။ အဖြူနဲ့ ခရမ်းရောင် နှစ်မျိုးတွေ့ခဲ့ရတယ်...။ အဲဒီတုန်းကတော့ ကျွန်မတို့လဲ ဘာပင်မှန်းသေချာမသိခဲ့ပေမဲ့ လှလို့ ဓာတ်ပုံတွေတော့ရိုက်ခဲ့တယ်...။ သိတဲ့လူတွေတော့သိကြပါလိမ့်မယ်.. ကျွန်မအတွက်တော့ ပထမဆုံးအကြိမ်မြင်ဖူးတာပါ...။ သူ့ကို kale (ကေးလ် လို့ အသံထွက်မယ်ထင်တယ်) အမျိုးအစားထဲကလို့ပြောပါတယ်...အလှစိုက်တဲ့ ornamental kale လို့ခေါ်ပါတယ်တဲ့ (wiki မှာkale အကြောင်းတွေ ရှာဖတ်ကြည့်လို့ရပါတယ်....)။ အဲဒီကေးလ်ထဲမှာ ဂေါ်ဖီထုပ်ထက်ကို ဗိုက်တာမင်တွေ အာဟာရတန်ဖိုးတွေ ပိုများများပါတယ်လို့ ဆိုတယ်...။ အလှစိုက်တဲ့ ကေးလ်မှာလည်းတခြား ကေးလ်တွေနည်းတူ အာဟာရဓာတ်တွေပါပါတယ်တဲ့...။ ဒီအချက်အလက်တွေက ကျွန်မ ဒီကိုပြန်ရောက်မှ အင်တာနက်ကနေရှာတွေ့တာပါ...။ စောစောကတည်းကသိရင်တော့... ပြင်ဦးလွင် အပြန်လက်ဆောင်ဆိုပြီး အဲဒီ ပန်းကြီးတွေ ခူးချင်ခူးခဲ့မိမှာ..... :)။ ခူးလဲခူးချင်စရာကြီးလေ.... အဲဒီ ပန်းတပွင့်တပွင့်ကို အချင်းတစ်ပေကျော်လောက်ရှိတာကိုး...။


ဥယျာဉ်ထဲကို ၃နာရီကျော်ကျော်လောက် ပတ်ပြီးသွားတော့ ကျွန်မတို့ တော်တော်ညောင်းနေကြပြီ....။ မနက် ဒီကိုပို့ပြီးကတည်းက ထွက်သွားတဲ့မေမေတို့က ကျွန်မ၃ယောက်ကိုလာစောင့်ခေါ်.... ပြီးတော့ နေ့လည်စာကို ပြင်ဦးလွင်မှာ ကျောင်းဆရာမလုပ်နေတဲ့ မေမေ့သူငယ်ချင်းကကျွေးတာနဲ့ ကျွန်မတို့လဲ ဆာဆာနဲ့ စားပစ်လိုက်ကြတယ်...။

မန္တလေးကို ရောက်တဲ့ အထိ ကားပေါ်မှာ ထမင်းလုံးစီလာခဲ့တယ်.....။ မန္တလေးရောက်တော့ မေမေတို့ က ကျွန်မနဲ့ ဇာမဏီ့ကို မန္တလေးအဝေးပြေးကားဂိတ်ကို လိုက်ပို့ပေးတယ်....။ မပြီးသေးတဲ့ ကျွန်မတို့ ခရီးကို ဆက်ရဦးမယ်လေ...။ ဒီတခါတော့ ကျွန်မတို့နှစ်ယောက်တည်း.....။ ညီမလေးက လိုက်ချင်ပေမဲ့ စာမေးပွဲတွေရှိသေးတာကြောင့် မေမေတို့နဲ့ အတူတူ မန္တလေးကနေ ရန်ကုန်ကိုနောက်တစ်နေ့မနက်မှာ ပြန်သွားကြတယ်....။ ကျွန်မတို့ကတော့..... express ကားကိုစီးရင်း နောက်တစ်နေရာကို ခရီးဆက်ခဲ့ကြတယ်....။

Monday, April 6, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (ပြင်ဦးလွင်) (၇)

ခရီးထွက်ရတာလဲကြိုက်... ခရီးထွက်တဲ့ အကြောင်းပြန်ပြောပြရတာလဲ ကြိုက်တော့... ဘယ်သူကြိုက်လဲ မကြိုက်လဲ မသိပဲ.. စွတ်ရေးသလိုဖြစ်နေမှာစိုးပြီး အားတော့ အနာသား... ဒါပေမဲ့ ၀ါသနာကလဲတားမရဆိုတော့... အဟီး... ဒီခရီး အကြောင်းဆက်ရေးပါဦးမယ်... သည်းညည်းခံပေးကြပါဦးနော်... :D


ပြင်ဦးလွင်ကိုရောက်တဲ့ ဒုတိယနေ့မှာလဲ.. ဘယ်သွားမယ်လို့ တိတိကျကျအစီအစဉ်မရှိတော့ မနက်စာတို့ဟူးနွေး စားရင်းတိုင်ပင်ကြတယ်.. မေမေက ဘီအီးဖောလ်သွားမလားတဲ့.... ဘီအီးဖောလ်ကိုတော့ မသွားချင်... ဟိုးလွန်ခဲ့တဲ့ ၅နှစ်ကျော်လောက်က ကျွန်မပြင်ဦးလွင်ကိုရောက်တော့ ဘီအီးဖောလ်ကိုဝင်ဖြစ်ခဲ့တယ်.... ရေတံခွန်နားတ၀ိုက်မှာ အရက်ကို အဓိကထားရောင်းတဲ့ စားသောက်ဆိုင်တွေ... ပြီးတော့ အဲဒီစမ်းချောင်းလေးထဲမျောနေတဲ့ ပလပ်စတစ်အိတ်တွေ.... လူစွန့်ပစ်တဲ့ အမှိုက်တွေ... အဲဒါတွေမြင်ပြီး.. ကျွန်မစိတ်ထဲ မကောင်းဖြစ်ခဲ့ရတယ်... ကျွန်မကိုယ်တိုင်လည်း ဘာမှမလုပ်ပေးနိုင်ဘူးလေ.. အခုလည်းဘာမှပိုကောင်းလာဦးမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိတယ်... ပိုဆိုးရင်သာဆိုးလာမှာ....


ဒီလိုနဲ့ ပိတ်ချင်းမြောင်လေးတော့ သွားလိုက်ပါတဲ့ မေမေက.... ဘုရားဖူးရတာပေါ့တဲ့..... ဟုတ်လို့ပြောပြီး... ကားနောက်ခန်းကနေ ကျွန်မတို့သုံးယောက် သီချင်းတွေအော်ဆိုရင်း စကားတွေများရင်းပါလာတယ်.... ဘယ်တွေရောက်လို့ရောက်မှန်းမသိ.... ထုံးစံအတိုင်းကားရပ်တော့မှ.. ကြည့်လိုက်တော့.. view point တဲ့ ဂုတ်ထိပ်တံတားကို မြင်ရတဲ့နေရာပါ... ဇာမဏီ မမြင်ဘူးမှန်းသိလို့လိုက်ပို့တာလို့ မေမေကပြောတော့... ကျွန်မတို့လည်း ၀မ်းသာအားရ ဓာတ်ပုံတွေရိုက်ပေါ့... နောက် မေမေက ဒီနားသိပ်မလှဘူး ရှေ့နားကပိုလှတယ် ဆိုလို့ ကားကိုဆက်စီးကြပြန်ရော.... ပြီးလဲပြီးရော... မထူးပါဘူးကွာ.. ဂုတ်ထိပ်မြင်နေရမှတော့ ဂုတ်တွင်းချောင်းထိဆင်းပြီး ဓာတ်ပုံရိုက်ကြတာပေါ့တဲ့... အဲဒီလိုနဲ့နောက်ဆုံး... ကျောက်မဲ ရုပ်ရှင်ရုံရှေ့က ကြက်ဥကစော်သွားစားရအောင်ဆိုတဲ့ အထိဖြစ်သွားတော့တာပါပဲ... (မေမေတို့များ အဲဒီလိုပါဆို)

လမ်းမှာ ချယ်ရီပင်တွေတန်းစီပေါက်နေတာတွေ့လို့ ဆင်းပြီးခူးကြသေးတယ်..... ချယ်ရီတွေပန်ပြီး ဓာတ်ပုံတွေရိုက်ရင်း တစ်ကျော့နှစ်ကျော့ တေးကိုသီ (သိပ်တော့ မသေချာဘူး.. ) ရုပ်ရှင်ကားထဲက ချိုပြုံးရဲ့ `ပျိုပျိုခင် အလည်အပတ်ထွက်တယ် မော်တော်ကားနဲ့ရယ်...... ဟိုယခင်ကျောင်းပိတ်တဲ့ရက်ကကွယ်.... ရှမ်းပြည်ကို တောက်ပိုင်းရော မြောက်ပိုင်းရောကွယ် နှံ့ခဲ့တယ်..´ ဆိုတဲ့သီချင်းကိုလဲ အော်ကြီးဟစ်ကျယ်ဆိုကြသေးတယ်...

ဂုတ်တွင်းချောင်း (ဂုတ်ထိပ်တံတား ဖြတ်သွားတဲ့ ချောင်းလေး) က ကျွန်မငယ်ငယ်တုန်းက ရောက်ဖူးတုန်းကလောက် ရေမများတော့ဘူး ပြီးတော့ မလှတော့ဘူး... လူတွေ စည်းကမ်းမရှိ တန်ဖိုးမထားကြတော့လို့ သူလည်းညှိုးငယ်နေတဲ့ပုံ... နောက် ဂုတ်တွင်း ကနေ ဟိုဘက်ခြမ်းကိုမြွေလိမ်မြွေကောက်လမ်းကနေ ပြန်တက်ပြီး ကျောက်မဲကို ဆက်ထွက်ခဲ့ကြတယ်... လမ်းမှာတော့ ကျွန်းပင်ပျိုတွေက စိမ်းလို့... သူတို့တွေလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်တော့နိုင်ငံခြားသွားရမလဲမသိ လို့ တွေးမိသေး...။(ဂုတ်တွင်းကနေ ကျောက်မဲဘက်ကိုတက်တဲ့ လမ်း)

(ပြင်ဦးလွင်ဘက်ကနေ ဂုတ်တွင်းကို ဆင်းတဲ့လမ်း)

ကျောက်မဲကို အ၀င်လမ်းမှာ ခြံကျယ်ကြီးတွေနဲ့ နဂါးမောက်သီး (နဂါးခေါင်းသီးလို့လဲ ခေါ်ကြတယ်) လို့ခေါ်တဲ့ Dragon Fruit အပင်တွေ စိုက်ထားတာတွေ့ရတယ်... (ဓာတ်ပုံတော့မရိုက်ဖြစ်ခဲ့ဘူး)။ ကျောက်မဲမြို့ထဲရောက်တော့ နေ့လည် ၁၂နာရီလောက်ပဲရှိသေးတယ်... မေမေစားချင်တဲ့ ရုပ်ရှင်ရုံရှေ့က ကြက်ဥကစော်ဆိုင်က မဖွင့်သေး.. ညနေမှဖွင့်တာဆိုတော့ ကျွန်မတို့ကြက်ဥကစော်နဲ့ ဝေးခဲ့ရတယ်...။ နေ့လည်စာဘယ်မှာ စားရင် ကောင်းမလဲဆိုတော့ ဖေဖေက ဟိုင်းဝေးလမ်းမကြီးဘေးက ကုန်ကားကြီးတွေ ခဏနားတဲ့ ဆိုင်လေးတွေမှာ စားမယ်လို့ဆိုတာနဲ့ ကျွန်မတို့ ကျောက်မဲကနေ ပြင်ဦးလွင်ဘက်ကိုပြန်ခဲ့ကြတယ်...။

1နာရီလောက်မောင်းပြီးတော့ လမ်းဘေးဝဲယာမှာ စားသောက်ဆိုင်လေးတွေ တန်းစီနေတဲ့ နေရာလေးကို ကျွန်မတို့ရောက်လာတယ်....။ (ဘာရွာလို့ခေါ်လဲဆိုတာကို ကျွန်မမမှတ်မိတော့ဘူး...).. ဆိုင်တစ်ဆိုင်ကိုရွေးပြီး ၀င်လိုက်ကြတယ်...။ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ချင်တော့ အဲဒီဆိုင်က မေမေ့သူငယ်ချင်းဆိုင်ဖြစ်နေတယ်...။ မေမေ မန္တလေးတက္ကသိုလ်မှာတုန်းက တစ်ဆောင်တည်းနေခဲ့တဲ့ သူငယ်ချင်းတဲ့...။ ကွဲသွားကြတာ ကျောင်းပြီးကတည်းက တဲ့...။ မေမေတို့က ရှေးဟောင်းနှောင်းဖြစ်တွေပြောလို့ ... ဘယ်သူကတော့ ဘယ်သူနဲ့ အိမ်ထောင်ကျလို့ ဘယ်မှာ နေနေတယ်.. ဘယ်သူကတော့ ခုထိ အပျိုကြီး... နောက် ဘယ်သူကတောဖြင့် ဆုံးရှာပြီ စသည် စသည်..။ ကျွန်မလဲတွေးမိတယ်... ကျွန်မတို့ အသက်တွေကြီးလို့ အခုလိုမျိုး မတော်တဆပြန်တွေ့ကြရင်... ခုချိန်မှာ ကျွန်မတို့ဆီမှာ ရှိတဲ့ အချစ်တွေ အမုန်းတွေက ကျွန်မတို့ရဲ့တွေ့ဆုံမှုမှာ ပါဝင်ပတ်သက်နေကြဦးမှာလား... လို့....။ ဒါပေမဲ့... အမုန်းတွေကိုတော့ ကျွန်မတို့ မေ့သွားကြရင်ကောင်းမယ်...။

ဟင်းတွေမှာပြီး စောင့်နေတဲ့ အချိန်ကျမှ ဖေဖေဘာလို့ ဒီဆိုင်မျိုးမှစားချင်လဲ ကျွန်မတို့သဘောပေါက်တယ်...။ ဒီဆိုင်တွေမှာက ဟင်းတွေကိုကြိုချက်ထားတာမရှိကြဘူး...။ ကျွန်မတို့က မှာလိုက်မှ ချက်ချင်းချက်ပေးတာ...။ တချို့ သူတို့ဆီမှာစိုက်ထားတာဆို အပင်ပေါ်ကနေ ချက်ချင်းခူးပြီး ချက်ပေးတာ...။ ပြီးတော့ သဘာဝမြေသြဇာနဲ့ စိုက်ထားတာဆိုတော့ စားစရာတွေက ချိုပြီး လတ်ဆတ်နေတယ်..။ စင်္ကာပူမှာ မရနိုင်တဲ့ အရသာမျိုးပေါ့...။ ဖေဖေကပြောတယ်... ချက်တာကို စောင့်ရပေမဲ့ စောင့်ရတာတန်တယ်တဲ့။ ကျွန်မတို့သုံးယောက်ကတော့ ဗိုက်ကားအောင်စားပစ်လိုက်ကြတယ်... ။ ပြီးတော့ ကားနောက်ခန်းမှာ သုံးယောက်သား ခွေခေါက်ပြီး ထမင်းလုံးစီရင်း အိပ်ပျော်သွားလိုက်ကြတာ...နောင်ချိုရောက်တဲ့အထိပဲ..။

နောင်ချိုမှာ မေမေ့အဒေါ်အိမ် ခဏ၀င်ပြီးမှ ဆက်ထွက်တော့ အုမ္မသီးတို့ အုမ္မခါးတို့ (ပြင်ဦးလွင်အလွန်နားကရွာတွေ) ရောက်တဲ့ အချိန်နေက ၀င်ခါနီးနေပြီ... ရှာရှာကြံကြံ ဂျုံခင်းစိမ်းစိမ်းတွေနား ကျွန်မတို့ ဓာတ်ပုံဆင်းရိုက်ကြသေးတယ်...။ ပြီးမှ အဲဒီနား ကားလမ်းနဘေးက စတော်ဘယ်ရီခြံထဲ ၀င်ကြတယ်... သူတို့ အလုပ်သမားတွေနဲ့အတူ ကိုယ်တိုင်ခူးလို့ရတယ်ဆိုလို့ ကျွန်မတို့ ၀င်လက်စွမ်းပြခဲ့ကြသေးတယ်...။ ခုခေတ်တော့ စတော်ဘယ်ရီပင်အောက်မှာ ချိန်းတွေ့မယ့်ချစ်သူတွေ မရှိလောက်တော့ဘူးထင်တယ်... :P ။ အဲဒီမှာ အိုမာခရမ်ဝိုင်လို့ နာမည်ပေးထားတဲ့ မက်မန်းဝိုင်ကို ကြော်ငြာထားတာလေးသဘောကျလို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်..။ ပြီးတော့ အဲဒီခြံထဲမှာ ပန်းဖြူဖြူလေးတွေ တပင်လုံးပွင်နေတဲ့ အပင်ကြီးလဲရှိတယ်... မက်မုံပန်းလို့ပြောတယ်....မွှေးမွှေးလေး ။ မြ၀တီက ပြဖူးတဲ့ သိုင်းကားထဲက ကောကျင့်တို့ ယုံအော်တို့ရဲ့ မက်မုံကျွန်းကိုရောက်သွားသလိုပဲ... :P

(အဲဒီ အပင်အခြေနားရှာကြည့်သေးတယ်.. ချစ်သူတွေများတွေ့မလားလို့...မတွေ့ဘူး... စတော်ဘယ်ရီသီးပဲတွေ့လို့ ခူးခဲ့တယ် :P)

(တချို့ က မက်မုံတဲ့ တချို့က မက်မန်းတဲ့... တူလား မတူလားတော့မသိဘူး... ပန်းလေးကတော့မွှေးတယ်)




ပြင်ဦးလွင်မြို့ထဲဝင်တော့ တော်တော်မှောင်နေပြီ...။ ကျွန်မတို့လဲ ပိတ်ချင်းမြောင်တင်ပဲလို့ ထင်ပြီး အနွေးထည် တစ်ထည်စီပဲပါတယ်... ရာသီဥတုအေးအေးမှာ လေကလဲအေးအေးနဲ့ ကျွန်မတို့သုံးယောက် ပူးထိုင်ပြီးထောင့်မှာ ကပ်ပါလာကြတာ ဟိုတယ်အထိ....။

Sunday, April 5, 2009

မနိုင်းနိုင်းစနေရဲ့ recipe နဲ့ ကျွန်မလက်ရာ ပိန္နဲသီးဟင်းရည်

မနိုင်းနိုင်းစနေရဲ့ ဘလော့ဂ်ထဲက ရှမ်းအစားအစာ ချက်နည်းတွေကိုသွားဖတ်တိုင်း မလိခရော ဇာမဏီပါ သွားရည်ယိုခဲ့တာ ကြာပါပြီ... ရှမ်းအစားအစာတွေကိုလဲ ကြိုက်တတ်တော့ ပိုဆိုးပေါ့......။ မနေ့ ညနေက ဇာမဏီ မလိခအိမ်ကိုလာလည်ရင်း ဇာမဏီ့ကောင်းမှုနဲ့ ပိန္နဲသီးစိမ်းတစ်လုံးရလိုက်တယ်...။ မလိခတို့ နှစ်ယောက် မနိုင်းနိုင်းရဲ့ ပိန္နဲသီးဟင်းရည်လိုမျိုး ချက်စားမယ်ဆိုပြီး စိတ်ကူးယဉ်လို့ပေါ့..။ မလိခကလဲ ငယ်ငယ်တုန်းက အဘွားချက်ကျွေးဖူးတဲ့ ပိန္နဲသီးဆန်လှော်ဟင်းကိုသတိရရင်း (အဘွားတို့ကချင်ပြည်နယ်ဖက်က တခုခုဆို ဆန်လှော်ချက်စားလေ့ရှိတယ်.. မုန်ညင်းဆန်လှော်.. ပိန္နဲသီးဆန်လှော်..စသည်ဖြင့်ပေါ့..။ ကျွန်မကတော့ စားပဲစားတတ်တယ်... အဟဲ).. အသီးနုနုထဲက အစေ့တွေက ပြုတ်လိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းတဲ့အကြောင်း တတ်သလောက်ဝင်ကြွားတာပေါ့..။ အစေ့ပြုတ် ဆိမ့်ဆိမ့်လေးကို အပီစားမယ်လို့ စိတ်ထဲက တေးထားမိတယ်....

ဒီနေ့ ချက်မယ်ဆိုပြီး အသီးကိုခွဲလိုက်တော့ သတိထားမိတာက... မလိခတို့ အသီးက အစေ့တောင် ကောင်းကောင်းမဖြစ်သေးအောင် နုနေသေးတယ်ဆိုတာပဲ... (ပိန္နဲသီးနဲ့မတူပဲ ပုံမှာ မာလကာသီးနဲ့တူနေတယ်..)
နောက် ၀က်ရိုးပြုတ်ထားရင်း ... ပဲပုတ်ကို မီးကင်လိုက်တယ်. (ဂက်စ် မီးဖိုနဲ့ပါ..) ကိုယ်တိုင်မလုပ်ဖူးပေမဲ့ သူများတွေ ပဲပုတ်မီးကင်ရင် မာမာကြွတ်ကြွတ်လေး ဖြစ်သွားတာသိနေတော့... မလိခရဲ့ပဲပုတ်က မီးကင်နေရင်းကိုင်ကြည့်လိုက်တော့ ပျော့နေတုန်း... ကင်ရင်းကင်ရင်းနဲ့ အောက်ကပုံအတိုင်း ဖြစ်သွားတယ်.. နောက်မှ သတိထားမိတာက ပဲပုတ်က မီးကင်ပြီး လေသလပ်ခံသလို ဒီအတိုင်းထားလိုက်တော့ သူဘာသာသူ မာကြွတ်ကြွတ်ဖြစ်သွားတယ်..
နောက် ကြက်သွန်ဖြူနဲ့ နီရယ် ခရမ်းချဉ်သီးရယ်ကို ထောင်းပါလို့ မနိုင်းနိုင်းကဆိုထားလေတော့... မလိခတို့ အကျပ်ရိုက်ရော... ငရုတ်ဆုံမရှိလို့လေ... အရင် သူငယ်ချင်းတွေနဲ့နေတုန်းကဆို ဘလန်ဒါနဲ့ မွှေလိုက်လို့ရသေး... ခုတော့ ဘလန်ဒါလဲမရှိ... နောက်တော့.. လူကြံရင် ဆန်တောင် ထမင်းဖြစ်သေးတာပဲဆိုတဲ့ထုံး နှလုံးမူပြီး.. မလိခတို့ ကြံလိုက်တာက...
ပန်းကန်လုံးထဲ အဲဒါတွေထဲ့ပြီး ဓားဖင်နဲ့ ကြိတ်ကြိတ်ပြီးထောင်းပစ်လိုက်တယ်... တအားမကြေပေမဲ့ တော်တော်တော့ကြေပါတယ်... နောက်ပဲပုတ်ထဲ့ပြီးထောင်းတယ်...
နောက်တော့ မနိုင်းနိုင်းရဲ့ recipe အတိုင်း ချက်လိုက်တာ final product က ဒီလို (မနိုင်းနိုင်းရဲ့ recipe လို ဆူးပုပ်ရော စွယ်တော်ရောမရှိလို့ အရွက်တော့မထဲ့လိုက်ရဘူး...)

(မဲမဲ အဖတ်ကလေးတွေကတော့ သိပ်မကြေတဲ့ မီးတူးပဲပုတ်ကလေးတွေပါ...ဟဲဟဲ)
နောက်ဆုံးတော့ မနိုင်းနိုင်းစနေရဲ့ recipe နဲ့ လက်တည့်စမ်းထားတဲ့ မလိခရဲ့လက်ရာ ပိန္နဲသီးဟင်းရည်လေး ရပါပြီ... မနိုင်းနိုင်းရဲ့ ဓာတ်ပုံတွေထဲကလို ၀င်းဝါပြီး အရောင်အဆင်းမလှပေမဲ့ အရသာလေးကတော့မဆိုးပါဘူး ပဲပုတ်နံ့ မွှေးမွှေးလေးနဲ့.. (ဟဲဟဲ.. ကိုယ်ချက်တာဆိုတော့လည်း ကိုယ့်ဘာသာကိုယ်ပဲမြှောက်လိုက်တယ်...) ... သုံးဆောင်ကြပါဦးရှင်...

ဇာမဏီကတော့ ဖုန်းဆက်လာတယ် သူ့အိမ်မှာက ဒီနေ့ နေ့လည်စာချက်စားတာ.. စားကောင်းကောင်းနဲ့ စားပြီးတော့ ပဲပုတ်ပါလို့နဲ့တူတယ်... အိပ်လိုက်ကြတာ သိုးနေတာပဲတဲ့.... (သူဘာသာသူ ပဲပုတ်ကို တရားခံရှာတာလဲ ဖြစ်နိုင်ပါတယ်.. ဟဲဟဲ).. ကိုကို မမ မောင်လေး ညီမလေးတို့လည်း... မလိခ ရဲ့ လက်ရာ ပိန္နဲသီးဟင်းရည်လေး သုံးဆောင်ပြီး အိပ်မက်လှလှမက်နိုင်ကြပါစေလို့.... ဟဲဟဲ... (ရှမ်းပြည်တုန်းက ကြားဖူးတဲ့ စကားတစ်ခွန်းရှိတယ်... ပဲပုတ်စားပြီး ခေါင်းပြားအောင်အိပ်...တဲ့... တခြားဘာတွေကိုဆိုလိုချင်မှန်းတော့ မသိပါဘူး... ခုတော့ စားပြီးသောက်ပြီး အိပ်ချင်လာပြီ.... ဟဲဟဲ)

မှတ်ချက်။ ဒီပို့စ်လေးနဲ့ အတူ recipe လေးကိုမျှဝေပေးခဲ့တဲ့ မနိုင်းနိုင်းစနေကိုလဲ တအားကြီးကိုကျေးဇူးတင်ပါတယ်... လို့....။

Saturday, April 4, 2009

ဟိုဟို ဒီဒီ....

ခုတလော ဘာမှလုပ်စရာမရှိတာနဲ့ အားအားရှိငယ်ငယ်က အကြောင်းတွေ ထိုင်သတိရမိနေတယ်... သူငယ်တန်းတုန်းကနေခဲ့ဖူးတဲ့ လားရှိုးမြို့ကိုသတိရတယ်... (ကျွန်မကို ကျွန်မ ငါဆိုတာ လူပါလားဆိုပြီး စသိတဲ့ မြို့ပေါ့..)။ နောက်မင်္ဂလာဒုံ မှာနေတုန်းက ဘေးအိမ်က ကလေးဆရာဝန်ဘဘကြီး ရဲ့ ခြံဝနားက ဆောင်တော်ကူးပန်းနွယ်တွေကိုလဲ သတိရတယ် (ဆောင်းတွင်းဆို ဖွေးနေအောင်ကိုပွင့်တတ်လို့)။ အိမ်ရှေ့ ပိန္နဲပင်မှာ အသီးကမှည့်တော့မယ်ဆိုရင် အမေ မမြင်လိုက်ရခင် ကျွန်မတို့မောင်နှမလက်စာမိသွားတတ်တာကိုလဲ သတိရတယ်... ။ ရုပ်ရှင်တွေ မင်းသားမင်းသမီးနာမည်တွေကို မှတ်မိတတ်ပြီး ၁၆အလီကို ဘယ်တော့မေးမေး မရတတ်လို့ အဖေက ခြေမနဲ့ ခြေညှိုးညှက်ပြီး ဗိုက်ကြောလိမ်ဆွဲခံရတာကိုလည်း သတိရတယ်..(သတိရတယ်ဆိုရုံလေးပါပဲ... ပြန်တော့ လိမ်ဆွဲမခံချင်ပါဘူး... ၁၆အလီကလဲ ခုထိကိုမရသေးတာ ဘုရားစူး.)။

နောက် အိမ်နောက်မှာ မြောင်းတိမ်တိမ်လေးရှိတဲ့ အိမ်လေးမှာနေရတုန်းက မိုးတွင်းဆို ရေတွေတက်လာပြီး အိမ်အောက်ထပ်မှာ ရေတွေ ခြေမျက်စိလောက်ရှိတာကိုလဲ သတိရတယ်.. ( အဲဒီတုန်းက အိမ်အောက်ထပ်က ပရိဘောဂတွေကို အုတ်နီခဲ သုံးဆင့်လောက်ခုထားခဲ့ရတာ)။ ခြံထဲမှာ သရက်ပင်တွေ အများကြီးရှိတဲ့ အိမ်မှာနေတုန်းက ဖေဖေက နိုင်လွန်းကြိုးရယ် သစ်သားပြားလေးရယ်နဲ့ ဒန်းလေးဆင်ပေးတာကိုလဲ သတိရတယ်... (ကျောင်းကပြန်လာတိုင်း မောင်နှမတွေ အပြေးအလွှားဒန်းလုခဲ့ရသေးတာ...)။ လေးမိသားစုလောက်နေတဲ့ ခြံထဲက သရက်သီးကို သူများတွေခူးတာမကြိုက်လို့ အမြဲအော်တတ်တဲ့ အိမ်အပေါ်ထပ်က စစ္စတာကြီးကို ကြည့်မရလို့ သူမသိအောင် သရက်သီးတွေကို ခဲနဲ့ပစ်ချခဲ့တာလဲ သတိရတယ်.(အဲဒီလို စိတ်သဘောထားလေးနူးညံ့ခဲ့တယ် ဆိုပါတော့... ဗိုင်းကောင်းကျောက်ဖိလေးလေ.. :P)။

ပီတာလူးမှာ အင်္ဂလိပ်စာ သင်ခိုင်းတုန်းက မနက်အစောကြီး ကျူရှင်လာပို့တဲ့ အမေပြန်သွားတာနဲ့ ကျူရှင်ကနေလစ်ပြီး လမ်းမတော်တခွင် ပြဲပြဲစင်အောင်လျှောက်သွားခဲ့ကြတာလဲ သတိရတယ်... (အဲဒီမှာ ကျွန်မနဲ့ ဇာမဏီ စတွဲဖြစ်ပြီး အကဲဇာတ်လမ်းစခဲ့တာပေါ့...)။ ပြီးတော့ ကျူရှင်လခကိုလဲ ဗုန်းပြီး မုန့်ဝယ်စားကြသေးတာ... (အဲဒါကြောင့်လဲ ခုထိအင်္ဂလိပ်စာဆိုရင် ခွေးအကြီး မာစီဒီးစ်တက်ကြိတ်ခံရသလိုဖြစ်တုန်း..)။ လှည်းတန်းမှာ ကျူရှင်တက်တုန်းက ခွေးလိုက်ဆွဲခံရလို့ စပန့်သားဘောင်းဘီရှည်လေး ခြေသလုံးလောက်ကနေ ပြဲသွားတာလဲ သတိရတယ်.. (ခွေးမျက်စိနောက်အောင်.. ဘောင်းဘီပွပွအင်္ကျီပွပွနဲ့ တလွှားလွှားပြေးတာကိုတော့ ထဲ့သတိမရချင်တော့ပါဘူး..)။ လမ်းမတော်က ကျူရှင်မှာ ကျွန်မတို့ကိုသိပ်ချစ်တဲ့ဆရာမကို ကျူရှင်မသင်ချင်လို့ ကျွန်မရယ် ဇာမဏီရယ် နောက်သူငယ်ချင်းတစ်ယောက်ရယ်ပေါင်းပြီး ဆရာမရဲ့ရေနွေးကြမ်းထဲ ဘာမီတွန်တွေ အမှုန့်ကြိတ်ထဲ့ခဲ့ကြတာကိုလဲ သတိရတယ်.. (ဆရာမကို ကန်တော့တိုင်းစိတ်ထဲက တောင်းပန်မိပေမဲ့ ခုထိ ဖွင့်ပြောပြီး မတောင်းပန်ဖြစ်သေးတာကိုတော့ အကြွေးကျန်သလို ခံစားရတုန်းပါပဲ..)။ ငယ်တုန်းဆိုတော့ လုပ်ချင်တာကိုပဲကြည့်ပြီး အန္တရာယ်ကို ထဲ့မတွက်ခဲ့ကြဘူး... ဆရာမဘာမှမဖြစ်ခဲ့တာ တော်သေးလို့ပေါ့... ကျွန်မတို့ထဲ့ခဲ့တဲ့ ပမာဏက နည်းမှမနည်းပဲကိုး.. ခုပြန်စဉ်းစားကြည့်တော့.. သြော်ငါ့နှယ်... ငရဲကြီးမှာများမကြောက်တတ်လိုက်တာလို့... ။

ပြောရရင်တော့ အများကြီး... သတိရမိတာတွေအကုန်ရေးရရင် ဖတ်တဲ့သူလည်းစိတ်ညစ်လောက်တယ်....

Friday, April 3, 2009

ဟိုတွေး ဒီတွေး...

ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခရီးထွက်တာက ၁၂ရက် တရားစခန်းဝင်တာက ၁၅ရက်နဲ့ ကျွန်မရန်ကုန်မှာ တစ်ပတ်ပြည့်အောင်တောင် မနေခဲ့ရ ..။ ဖေဖေ မေမေတို့တောင် ကျွန်မနဲ့ ခရီးအတူတူသွားတာမို့ တွေ့ဖြစ်တာလို့တောင် ပြောရမလို ဖြစ်နေတယ် ။ ဒါပေမဲ့ အပျင်းကြီးတဲ့ ကျွန်မက ဒီမှာဆိုရင် ဘုရားတောင် မှန်မှန်မရှိခိုးဖြစ်တာဆိုတော့ ... ဖေဖေ မေမေတို့လည်း စိတ်တိုင်းကျ ... ကျွန်မအတွက်လည်း ကုသိုလ်ရ ဆိုပြီး ပျော်ရပါးရမယ့် အချိန်တွေထဲက ဖဲ့ပြီး တရားစခန်းဝင်ခဲ့ရတာကို တွေးမိတိုင်းကျေနပ်မိတယ်....။ ပြီးတော့... အဲ့ဒီ ၁၅ရက်အတွင်းမှာ မွေးနေ့ရော မွေးရက်ရောတိုက်တာကြောင့် ယောဂီတွေနဲ့ သံဃာတော်တွေကို ဆွမ်းကပ်ရလို့ ပိုလို့ကြည်နူးခဲ့ရသေးတယ်...။ ခဏခဏ Depression ရတတ်တဲ့ ကျွန်မအတွက် ဒီတစ်ခါတရားထိုင်ခဲ့ရတာ .. နေတတ်အောင် နေနည်းလေးတစ်ခုရလိုက်သလိုပါပဲ...။

ဖေဖေနဲ့ မေမေရဲ့ ကျေးဇူးက ကျွန်မအပေါ်တကယ်ကြီးမားလှတယ်...။ မွေးကျေးဇူး ကျွေးကျေးဇူးတွေတင်မကပဲ သံသရာအတွက်ပါ တရားမျိုးစေ့ချပေးခဲ့တဲ့ ကျေးဇူးတွေရော.... တကယ့်ကိုကြီးမားပါတယ်။ ကျွန်မ ၂တန်း ၃တန်းလောက်ကတည်းက ဖေဖေက အာနာပါန ၀င်လေထွက်လေမှတ်တာလေးကို အကျင့်လုပ်ပေးခဲ့တယ်...။ မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ပတ်သက်လို့ ပါဠိတွေ အနက်တွေနဲ့ မသိခဲ့ရပေမဲ့ ၀ိပသနာရဲ့ အခြေခံ အာနာပါနကိုတော့ ကျွန်မငယ်ငယ်ကတည်းက ယဉ်ပါးခဲ့ရတယ်...။

နောက် ကျွန်မကျေးဇူးတင်ရမယ့်သူကတော့ ကျွန်မရဲ့ ၈တန်းနှစ်က အတန်းပိုင်ဆရာမ.. တီချယ်ဒေါ်အေးမြင့်စိန်ပါ... ဆရာမက ကျွန်မတို့ကို မနက် ကျောင်းခေါင်းလောင်းတီးပြီးလို့ ကမ္ဘာမကြေဆိုပြီးတာနဲ့ ၅မိနစ်လောက် မျက်စိလေးမှိတ်ပြီး ၀င်လေထွက်လေကို မှတ်ခိုင်းခဲ့တယ်..။ ဘာသာခြားတွေကိုတော့ ဆရာမက အတင်းမတိုက်တွန်းပါဘူး... စမ်းကြည့်ချင်ရင် စမ်းကြည့်နိုင်သလို .... မလုပ်ချင်ရင်လဲ အဲဒီ၅မိနစ်ကို ခဏငြိမ်သက်နေပေးဖို့ပဲ တောင်းဆိုတယ်....။ ကျွန်မတို့စိတ်ကလေးတွေ ငြိမ်းချမ်းအောင်နေတတ်ဖို့ အလေ့အကျင့်လုပ်ပေးတဲ့ ဆရာမကိုယ်တိုင်ကလည်း ငြိမ်းချမ်းပါတယ်... ဆရာမကိုကြည့်လိုက်ရင် အမြဲပြုံးနေပြီး.. ဆရာမမျက်နှာမှာ လောဘ ဒေါသတွေကင်းတဲ့ ငြိမ်းချမ်းမှုတွေကို မြင်နေရပါတယ်..။ ဒါပေမဲ့ ကျွန်မရဲ့ အပျင်းကြီးမှုကြောင့် ဆရာမလုပ်ပေးခဲ့တဲ့ အကျင့်လေးကို နောက်နှစ်တွေအထိ သယ်မသွားနိုင်ခဲ့ပါဘူး...။

တရားစခန်းဆိုတာကို လူကြီးတွေ နဲ့ပဲဆိုင်တယ်လို့ တရားသေမြင်ထားတဲ့ ကျွန်မ.... ဆရာမကျေးဇူးကြောင့် ၈တန်းနှစ် သီတင်းကျွတ်ကျောင်းပိတ်ရက်မှာ ပထမဆုံးတရားစခန်းကိုဝင်ဖူးခဲ့တယ်..။ ဆရာကြီး ဦးဂိုအင်ကာရဲ့ ဓမ္မဇောတိရိပ်သာမှာပါ...။ တခြားစာသင်ခန်းက ကျွန်မနဲ့ရွယ်တူသူငယ်ချင်းတွေနဲ့အတူတူ ၃ရက်စခန်းဝင်ခဲ့တယ်...။ ကလေးရိပ်သာဆိုပါတော့..။ လူကြီးတွေဆိုရင်တော့ ၀စီပိတ်နဲ့နေရပေမဲ့ ကျွန်မတို့က ကလေးဆိုတော့ တရားထိုင်ချိန်ကလွဲလို့ စကားပြောချင်တိုင်းပြော အဆောင်ထဲမှာဆို မိန်းကလေးတွေချည်းပဲဝိုင်းဖွဲ့ပြီး သူခိုးဖမ်းတမ်းတို့ ပါဆယ်ဂိမ်းတို့ အမျိုးမျိုးကစားခဲ့ကြတယ်...။ ကျွန်မရဲ့ ပထမဆုံး ပျော်ပျော်ရွှင်ရွှင်ရိပ်သာဝင် အတွေ့အကြုံပေါ့...။ နောက်ပိုင်း အသက်ကြီးလာတော့ ကြုံရင်ကြုံသလို တရားစခန်းတွေဝင်ခဲ့ပေမဲ့ ၁၀ရက်စခန်းလောက်ပဲဝင်ဖြစ်ခဲ့တယ်....။ ကိုယ်က တရားမှတ်တာလေး အလျင်မီမလိုလေးဖြစ်လိုက် ၁၀ရက်ပြည့်ခါနီးပြန်ချင်တဲ့ စိတ်ကလေးကကြီးစိုးသွားလိုက်နဲ့ ၁၀ရက်လဲပြည့်ရော ငါ ၁၀ရက်ပြည့်အောင်ဝင်နိုင်တယ်... ငါတယ်ဟုတ်ပါလားဆိုပြီး... မာန်ကလေးတက်ပြီး အိမ်ပြန်ရောက်လာတယ်..။ ပြီးတော့ တရားလဲဆက်မထိုင်ဖြစ် ဒုံရင်းပဲ... သြော် ကုသိုလ်ရမှာ ကြောက်ပုံများပြောပါတယ်....

တရားစခန်းဝင်တာနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်စရာတစ်ခုက ကျွန်မပထမဆုံး လူကြီးတရားစခန်းစ၀င်တဲ့ အခေါက်ကပေါ့..။ ကိုးတန်းဖြေပြီးကာစ အဖော်ကောင်းလို့ တရားစခန်းဝင်ဖြစ်ကြတယ်...။ ကျွန်မသူငယ်ချင်း ညို (ခုတော့အိမ်ထောင်ကျသွားပြီ)၊ မိရှပ် (သူက ပိုရာထူးကြီးတယ် သားရဲ့မေမေဖြစ်နေပြီ)၊ မိတေး ၊ မိတေး ရဲ့ ညီမလေးနဲ့ ကျွန်မ..စုစုပေါင်း ၅ယောက်...။ နေရတာက တခန်းထဲ..။ ဧပရယ်ဆိုတော့ လူကလည်းများတာကိုး... ကျန်တာလူကြီးတွေကြီးပဲ.. ကျွန်မတို့ငါးယောက်ကအငယ်ဆုံး..... အားလုံးထဲမှာ မိတေးရယ် ကျွန်မရယ်က အအိပ်တအားမက်တယ်... မနက် ၃နာရီ လောက်ထရတော့ ညစောစောအိပ်လေ့မရှိတဲ့ ကျွန်မတို့ တော်တော်ဒုက္ခရောက်ခဲ့တာ.. ကျွန်မက နှိုးလိုက်ရင်ထပေမဲ့ တေးက သူ့ကိုနှိုးရင် ငေါက်ကနဲထထိုင်တယ်... ကျွန်မတို့က သြော်သူနိုးပြီပေါ့ဆိုပြီး ကိုယ်လုပ်စရာရှိတာလုပ်ကြ.... အားလုံးပြီးလို့ကြည့်လိုက်တော့ တေးက ခုနကထိုင်ရက်ကြီးအတိုင်း အိပ်ပျော်နေတာ ခြေထောက်ကြီးဆန့်လို့... မနိုးနိုးအောင် မျက်နှာကိုရေနဲ့တောက် ဘာညာလုပ်ရတာပေါ့...။ သူနိုးသွားရင်တော့ အေးဆေးကြည်လင်လို့ပဲ..။

၃း၃၀လောက် ကျွန်မတို့ ပထမဆုံးတရားစထိုင်ကြတယ်... ၄း၃၀လောက်ကြတော့ တရားဖြုတ်ပြီး ဘုန်းဘုန်းသီလပေးတာကိုယူ ပြီးတော့ အမျှဝေ.... အဲဒီအထိအေးဆေး ... အမျှဝေပြီးလို့ သုံးကြိမ်မြောက် ဦးချလိုက်တဲ့ အချိန် ကျွန်မပြန်ထမလာတော့ဘူး.... သူငယ်ချင်းတွေကပထမတော့ စောင့်နေတာပေါ့.. ကျွန်မအာရုံတွေ ၀င်စားနေတယ်ပေါ့.. သူတို့လည်းဗိုက်ကဆာပေမဲ့ ကုသိုလ်ရေးပဲလေဆိုပြီး သည်းခံနေတာနေမှာပေါ့.. နည်းနည်းကြာလာတော့ ဓမ္မာရုံထဲမှာလဲ လူကကုန်သလောက်ရှိနေပြီ မသင်္ကာလဲဖြစ်လာတော့မှ သေချာ ကြည့်လိုက်တော့..သူတို့ လေသွားတယ်.... ကျွန်မက ကောင်းကောင်း အိပ်ပျော်နေတာလေ.... ထိခြင်းငါးပါးဦးချတဲ့ပုံစံနဲ့ ကုန်းကုန်းကြီး...

အဲဒီသူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်ခဲ့တာ တော်တော်ကြာပြီ... တခါတခါတော့လဲ သူတို့နဲ့ ပျော်ပျော်ပါးပါး ကစားခဲ့တာတွေ... ကျူရှင်မှာ စာမသင်ချင်လို့ ဆရာမကို စွယ်တော်ဘုရားကိုလိုက်ပို့ခိုင်းပြီး အချိန်ဖြုန်းခဲ့တာတွေ... အကုန်လုံးတနေရာမှာပုန်းနေကြပြီး ကျွန်မနဲ့တေး နှစ်ယောက်ထဲ ဆရာမကို အကုန်ပြန်သွားပြီ လို့ညာပြောခဲ့တွေ (စာမသင်ချင်လို့လေ)... ညနေကျတော့ ဆရာမက အိမ်တွေအကုန်လုံးကို ဖုန်းဆက်ပြီးတိုင်ထားတော့ လူကြီးတွေရဲ့ အဖျင်ခံခဲ့ရတာတွေ... အများကြီးပဲ အမှတ်တရတွေက.. အဲဒါတွေတွေးမိရင် သူတို့ကိုသတိရမိတယ်.... တကယ်

Thursday, April 2, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (မန္တလေး၊ပြင်ဦးလွင်) (၆)

ဆောင်းတွင်းမို့ မန္တလေးမနက်က နည်းနည်းချမ်းစိမ့်စိမ့်လေးနဲ့ပါ....ကျွန်မတို့ ကားလေးက အုတ်တံတိုင်းနီနီနဲ့ ရတနာပုံတက္ကသိုလ်ကို ကျော်လာပြီးတော့ လမ်းကလေးက တဖြည်းဖြည်းကျဉ်းလာတယ်... အရိပ်ကောင်းကောင်းအပင် အကြီးကြီးတွေအောက်က ချစ်စရာကောင်းတဲ့ လက်ဖက်ရည်ဆိုင် မုန့်ဆိုင်တွေကိုလဲ လမ်းတလျှောက်မြင်ရသေးတယ်... ဆိုင်ကယ်တွေကိုယ်စီနဲ့ ကျောင်းသားကျောင်းသူလေးတွေ... သူတို့တွေကိုကြည့်ပြီး ကျွန်မတို့ကျောင်းတက်တုန်းက အချိန်ကို ပြန်သတိရမိတယ်... စာသင်ခန်းထက် ကန်တင်းန်မှာ အချိန်ပိုကုန်ခဲ့တဲ့ အချိန်တွေပေါ့.... ကားရပ်သွားတဲ့ အချိန်မှ ရှေ့ကိုကြည့်လိုက်တော့ ဦးပိန်တံတား.....ကျွန်မဖေဖေနဲ့ မေမေက ကျွန်မတို့သုံးယောက်ကို တောင်သမန်ရွာဖက်မှာ.. ချပေးခဲ့ပြီး အမရပူရဖက်မှာ စောင့်နေမယ်လို့ပြောပြီး.. ထွက်သွားကြသည်.... ဘယ်လိုပဲဖြစ်နေနေ ဦးပိန်တံတားကို အစအဆုံး လျှောက်ဆိုတဲ့ သဘော...

သုံးယောက်သား တံတားပေါ်လျှောက်ရင်း ဓာတ်ပုံရိုက်ရင်းနဲ့ လျှောက်လာကြသည်.... ဦးပိန်တံတားကို ဟိုးအရင်က အမရပူရဖက်ကနေ ခဏတဖြုတ်ရောက်ဖူးပေမဲ့ နည်းနည်းလောက်လျှောက်ပြီးတာနဲ့ လှည့်ပြန်ဖြစ်တာများတော့ တောင်သမန်အင်းကြီး ဒီလောက်လှလိမ့်မယ်လို့ မထင်ခဲ့မိတာအမှန်..... အင်းထဲက စိုက်ခင်းစိမ်းနုနုတွေ.... ယာတဲလေးတွေ.... ဘဲအုပ်တွေ... ပြီးတော့ ဘဲကျောင်းနေတဲ့ လှေပေါ်က ကောင်လေး.... တကယ့် ပန်းချီကားလိုပါပဲ.... အင်းထဲက အပင်ကြီးအောက်က ကုန်းကလေးပေါ်မှာဆောက်ထားတဲ့ တဲကြီးထဲမှာတော့.. လွယ်အိတ်ကလေးတွေကိုယ်စီနဲ့ ကျောင်းသားအများစုကိုမြင်ရသည်.... ပြီးတော့ သတိထားမိတာတစ်ခုက တံတားပေါ်ဖြတ်သွားတဲ့ လူအများစုက လွယ်အိတ်ကိုယ်စီနဲ့ ကျောင်းသားကျောင်းသူတွေ.... တချို့ကနှစ်ယောက်တည်း... တချို့ အဖွဲ့လိုက်... အော်ဟစ်စနောက်ပြီး ဟေးလားဝါးလားနဲ့... သူတို့လေးတွေကိုကြည့်ပြီး... ကျောင်းတုန်းကသူငယ်ချင်းတွေကို သတိရမိသလို.. အဲဒီလိုအချိန်မျိုး ပြန်မရနိုင်တော့တာ တွေးလိုက်မိတော့... ရင်ဘတ်ထဲက အောင့်သလိုလို....

နောက် .... တံတားပေါ်မှာကြုံရတာတစ်ခုက.... ကျွန်မတို့တံတားပေါ်စလျှေက်ကတည်းက ကောင်လေးတဖွဲ့ အနောက်ကနေပါလာတာ သတိထားမိတယ်.... နောက်ကနေ မကြားတကြားစရင်းသူတို့ပါလာတယ်.... ငယ်ငယ်တုန်းကဆိုရင်တော့ ဒေါသထွက်မိမှာသေချာတယ်.... ခုတော့ သူတို့က ကိုယ့်ထက် ၆နှစ် ၇နှစ်လောက် အနည်းဆုံးငယ်မှာဆိုတော့ ကလေးတွေပဲဆိုပြီး ကျွန်မတို့ မသိချင်ယောင်ဆောင်ပြီး ကိုယ့်ဘာသာကိုယ် ဓာတ်ပုံတွေရိုက်စရာရှိ ရိုက်နေလိုက်တယ်.... ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ ကျွန်မတို့က ခပ်နှေးနှေးပေါ့.... ကြာတော့ ဘာ response မှလဲမရှိ... ဖြေးဖြေးလေးလဲသွားနေတာဆိုတော့ သူတို့စိတ်မရှည်တော့ဘူးနဲ့တူပါတယ်.... နောက်ဆုံးကျွန်မတို့ကိုကျော်တက်သွားတယ်.... ပြီးတော့လှည့်ကြည့်ပြီး.. ပြောသွားသေးတယ်.... အဲဒီစကားကိုကြားပြီး ကျွန်မရော ဇာမဏီရော.. ရယ်ရမလို စိတ်ဆိုးရမလို အောင့်သက်သက်နဲ့ကျန်ခဲ့ရတယ်... ပြောသွားတာက ... `ဟာ... ဟိုင်းတီးကြီးတွေပါကွာ´ တဲ့...


နောက် မဟာမြတ်မုနိဘုရားကြီးကို ၀င်ဖူးကြတယ်.... အဲဒီကအပြန်.. နေ့လည်စာစားကြတော့ မေမေက သူ့အကြိုက် ခရုဟင်းမှာတယ်.... မိုးရာသီမှာ အိမ်ခြံစည်းရိုးတွေမှာ တွေ့ရတတ်တဲ့ ခရုလိုပုံစံတွေ.. သူကနည်းနည်းသေးတယ်.. မစားဘူးတဲ့ အထူးအဆန်းဆို စားကြည့်လိုက်ချင်တဲ့ ကျွန်မနဲ့ ဇာမဏီ.. ထမင်းမစားခင် အရင်ရောက်လာတဲ့ ခရုဟင်းကို ၀မ်းသာအားရနဲ့ ကျွန်မတို့စားဖို့ကြိုးစားကြတာ... မေမေ့ဘေးမှာ ခရုခွံတွေပုံလာတဲ့အထိ.. ကျွန်မတို့မှာ တစ်ကောင်စားလို့မရသေးဘူး... ဖေဖေနဲ့ ကားမောင်းသမားကြီးကတော့ သူတို့အကြောင်းသူတို့ သိကြလို့နဲ့တူတယ်... ခရုဟင်းကို ထိကိုမထိကြဘူး... ခရုဟင်းစားရင် အဆုတ်အားကောင်းတယ်လို့ပြောကြပေမဲ့.. ကျွန်မကတော့ တခြားနည်းတွေနဲ့ပဲ အဆုတ်အားကောင်းအောင် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်...

နေ့လည် ၂နာရီကျော်လောက်မှာ.. ကျွန်မတို့ မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်ကို တက်ခဲ့ကြတယ်... မန္တလေးနဲ့နီးတဲ့ ဖက်အခြမ်းက အပင်တွေက အရွက်တွေကြွေပြီး အရိုးတွေပြိုင်းနေပေမဲ့ ၂၁မိုင်ရဲ့ဟိုဘက်မှာတော့... လေလေးကလဲ စိမ့်ပြီးအေးလာသလို.. အပင်တွေလဲပိုပြီးစိမ်းစိုလာတယ်... အောင်ချမ်းသာအလွန် လောက်ကစလို့... နီရဲရဲ ခရစ္စမတ်ပန်းတွေက လမ်းတလျှောက်လုံးပွင့်လို့.. .... ပင်လုံးကျွတ် အရွက်မရှိအောင်ပွင့်နေတဲ့ ပန်းရောင်ဖျော့ဖျော့ပန်းလေးတွေကိုမြင်တော့ အဲဒါချယ်ရီပေါ့လို့ ပြောလိုက်တော့... တလမ်းလုံးစကားများခဲ့တဲ့ ဇာမဏီ အသံတိတ်သွားတယ်.... ပြီးတော့ လှလိုက်တာဆိုပြီး သူကြည့်မ၀ဖြစ်နေတယ်.. ဒါသူ့ဘ၀မှာချယ်ရီကို ပထမဆုံးမြင်ဖူးတာကိုး.... သူ့ခံစားချက်ကိုကျွန်မသိတာပေါ့... ကျွန်မကိုယ်တိုင်လည်း ချယ်ရီကို ပထမဆုံးမြင်ဖူးတုန်းက အဲဒီလိုပဲ... ရန်ကုန်မှာကြီးပြင်းခဲ့တဲ့ ကျွန်မတို့အတွက် ချယ်ရီဆိုတာ ကဗျာတွေ စာတွေ ရုပ်ရှင်တွေထဲမှာပဲရှိခဲ့တာလေ... ကျောင်းပိတ်ရက် ရှမ်းပြည်ဖက်ခရီးထွက်ရင်တောင် နွေရာသီမို့ချယ်ရီကိုမတွေ့ခဲ့ရ.... စိန်ပန်းပြာနဲ့ပဲ စိတ်ဖြေခဲ့ရတာ.... ခုတော့ ချယ်ရီတွေများ... ဘယ်နေရာကြည့်ကြည့် သူချည်းပဲ...

တည်းမယ့်ဟိုတယ်ရောက်တော့ ဟိုတယ်ဝင်းထဲက အပင်ကြီးတစ်ပင် အသီးတွေဝေနေတာတွေ့လို့ ကြည့်လိုက်တော့ ထောပတ်ပင်တဲ့..... ထောပတ်သီးကြိုက်တဲ့ ထောပတ်သီးပင်တခါမှ မမြင်ဖူးတဲ့ ကျွန်မတို့နှစ်ယောက် ၀မ်းသာအားရနဲ့ ဓာတ်ပုံရိုက်ရင်း ၀န်ထမ်းတွေအလစ်မှာ အသီးတွေကို ခဲနဲ့ခူးချရအောင်လို့လဲ တိုင်ပင်ကြသေးတယ်... (တကယ်တော့ဘယ်လုပ်ပမလဲနော်... အာချောင်ကြည့်တာပေါ့... အဲဒါကြောင့်သူများတွေကလဲပြောပါတယ်.... နင်တို့နှစ်ယောက်က ဖားလိုပဲတဲ့ ကိုယ့်အသံကြောင့်သေမှာတဲ့... :P )...။ ပြီးတော့ အရွက်တရွက်မှမရှိပဲ တပင်လုံးပန်းဖြူဖြူတွေပွင့်နေတဲ့... အပင်ကို ညီမလေးက ချယ်ရီအဖြူလားမသိဘူးဆိုတော့.. ကျွန်မတို့ ဥာဏ်ကြီးရှင်နှစ်ယောက်ကလဲ ဟုတ်လားမသိဘူးဆိုပြီး ဇဝေဇ၀ါနဲ့.. အဲဒီ ပန်းတွေက မွှေးလည်းမွှေးသေးတယ်... သင်းသင်းလေးရယ်....

အဲဒီနေ့ညနေ ကျွန်မတို့ မဟာအံ့ထူးကံသာဘုရားကို သွားဖူးကြတယ်...။ အရင်ဆို ဘုရားစောင်းတန်းမှာ စပယ်တို့ ရွှေပန်းငွေပန်းတို့ကို မြင်ရပေမဲ့.. ဒီတစ်ခေါက် ချယ်ရီကုံးလေးတွေကို ရောင်းနေတာတွေ့ရတယ်.. ချစ်စရာလေးတွေ..... ... ရာသီဥတုကလည်း အေးသထက်အေးလာတယ်... စင်္ကာပူမှာမရှိတဲ့ ဆောင်းရာသီကို ခံစားချင်လွန်းလို့ဆိုတဲ့ ကျွန်မတို့နှစ်ယောက်လဲ အေးလိုက်တာ အေးလိုက်တာနဲ့အော်ရင်း ပျော်နေကြတယ်...။ နေ၀င်သွားပေမဲ့ ကျန်ခဲ့တဲ့ အလင်းရောင်အောက်မှာ ဘုရားရှိရာကုန်းမြင့်ကနေမြင်ရတဲ့ တောင်ယာတွေကို ကြည့်ရတာ အိမ်မက်လိုမှုန်ဝါးဝါးနဲ့.....

ညဖက်လူကြီးတွေအိပ်မှ ကျွန်မတို့သုံးယောက် အခန်းအပြင်ထွက်ပြီး ပါးစပ်ထဲက အငွေ့တွေထုတ်ရင်း ပျော်ကြသေးတယ်.... ဒါမျိုးက စင်္ကာပူလိုကျွန်းပိစိလေးမှာမရနိုင်ဘူးလေ......


ဆက်ရန်

Wednesday, April 1, 2009

ကျွန်မ ခဏခဏမေ့နေတဲ့ April Fool

မနေ့ညက မနက်ဖြန်ဧပရယ်ဖူးလ်ပဲဆိုတာ သတိရမိပေမဲ့.... ဒီနေ့ကျတော့ ထုံးစံအတိုင်း အိပ်ရာထနောက်ကျတာနဲ့ သွားစရာရှိတာ ကသုတ်ကရက်သွားရတာနဲ့... ဧပရယ်ဖူးလ်ကိုမေ့သွားတယ်.......

ပြန်ရောက်တော့ ဘလော့လေးထဲ ဘာများထူးသေးလဲဆိုပြီး ၀င်ကြည့်နေတုန်း.... ရယ်စရာတွေရေးတတ်တဲ့ ကိုရင်ညိန်းရဲ့ ဘကုန်း(blog) ကျေးရွာမှ အပြီးတိုင်ထွက်ခွာခြင်း ဆိုတဲ့ ပို့စ်ခေါင်းစဉ်ကိုမြင်လိုက်တော့..... ဟယ် ဘာဖြစ်လို့ပါလိမ့် ဆိုပြီး (စာရေးကောင်းတဲ့ ဘလော့ဂါတယောက်....ပြီးတော့ အညာရွာအကြောင်းလေးတွေ ရေးလို့လဲသဘောကျတာကြောင့်...) စိတ်မကောင်းဖြစ်တာရော... အဘယ်သို့သောအကြောင်းကြောင့်နည်းဟု စပ်စုချင်တာကြောင့်ရော.... ကိုရင်ညိန်းရဲ့ဘလော့ကို ၀င်ကြည့်လိုက်ပြီး..... ပထမဆုံး ကွန်မန့်ကိုဖတ်ပြီးချိန်မှာ... ငါတော့ခံလိုက်ရပြီဆိုတာ..... သဘောပေါက်သွားရတယ်.... ဒီနေ့ ဧပရယ်ဖူးလ်ပဲ ဆိုတာကို သတိရသွားတယ်.....

ဒါတောင် အမှတ်ကမရှိဘူး.... ဖြစ်ပုံက... မခင်ဦးမေ ဘလော့ကနေတဆင့်....zt ဆိုတာတွေ့တယ် သူများဘလော့ရဲ့ ကွန်မန့်တွေမှာမြင်ဖူးနေကျနာမည်ဆိုတော့ ၀င်လည်ကြည့်လိုက်တယ်..... ၀မ်းသာစရာ သတင်းကောင်းများတဲ့.... ခေါင်းစဉ်က...။.မလိခတို့က နှစ်ခါမဆွယ်ရဘူး ဒါမျိုးဆို.... ၀မ်းသာအားရနဲ့ကို ဖတ်ပစ်လိုက်တာ..... ဖတ်ရင်းဖတ်ရင်း ၀မ်းသာလွန်းလို့ ရင်ထဲမှာတောင် တလှပ်လှပ်နဲ့ .... နောက်ဆုံးအပိုဒ်ရဲ့ ပထမဆုံး စာကြောင်း `အခု ပြောသွားတဲ့ သတင်းတွေက တကယ့်ကို မယုံနိုင်စရာပါပဲ´ ဆိုတဲ့အထိ... မလိခတို့ကယုံတုန်း...... ဧပရယ်ဖူးလ်ဆိုတာလဲ ထပ်မေ့သွားသေးရဲ့..... နောက်ထပ်စာကြောင်းတစ်ကြောင်းထပ်ဖတ်ပြီးတော့မှ..... သဘောပေါက်လိုက်မိတော့တယ်.... ၁၅မိနစ်လောက်အတွင်းမှာ ၂ခါလောက်အရူးလုပ်ခံသွားရတော့ ကိုယ့်ဘာသာအားပေးနေပေမဲ့ ရင်ထဲကတော့ အောင့်တာပေါ့.... နော့်...

နောက်....ညနေက အဖြစ်ကိုသတိရသွားမိတယ်.... ကျွန်မ အိမ်ကနေ mrt station ကိုသွားရင် မီးပွိုင့်တခုကို ဖြတ်သွားရတယ်... လမ်းကူးပြီးတဲ့ အချိန်မှာ..`ဟေး´ ဆိုတဲ့ အသံအကျယ်ကြီးကြားလိုက်ရတယ်.. အမှတ်တမဲ့လှည့်ကြည့်လိုက်တော့ ကျွန်မ ဖြတ်ခဲ့တဲ့ လမ်းတလျှောက်လျှောက်လာတဲ့ အသက် ၄၀ကျော်အရွယ်လူတစ်ယောက်.. အဲဒီနားမှာက ကျွန်မရယ် Indianလူမျိုးတစ်ယောက်ရယ်ပဲရှိတာ... အဲဒီလူကလည်း.. ခဏလှည့်ကြည့်ပြီး သူနဲ့မဆိုင်သလို အေးအေးဆေးဆေးသွားနေသည်... ဒါဆိုကျွန်မ ကိုခေါ်တာလား.... ကျွန်မ လဲအဲဒီလူကိုမသိ... နောက်တစ်ခေါက်လှည့်ကြည့်တော့ `ဟေး´လို့ထပ်အော်ပြီး... လက်လှမ်းပြသည်... ပြီးတော့ အဲဒီလူပုံစံက အသားညိုညို .. မုတ်ဆိတ်မွေးတွေနဲ့ ရုပ်ကညှင်းသိုးသိုး... ညစ်တီးညစ်ပတ်လဲနည်းနည်းနိုင်သည်... ၀တ်ထားတဲ့ အကျီင်္က ကျွန်မ၀တ်ထားတာနဲ့ဆင်တူ (ကျွန်မက ယောင်္ကျားလေးဝတ်တီရှပ်တွေ ၀တ်လေ့ရှိပါတယ်...).။ ဗြုန်းဆို ၀င်လာတဲ့ အတွေးက ကျွန်မနဲ့လဲ မသိပဲ ကျွန်မကိုခေါ်နေတော့... ဒီလူအရူးများလား... ကျွန်မ ကိုလိုက်ဆွဲရင်တော့ ဒုက္ခ.... ။ မတိုင်ပင်ရပါပဲ ကျွန်မရဲ့ခြေထောက်နှစ်ဖက်က အလိုက်တသိအရင်ထက် နှစ်ဆမြန်အောင်သွားနေသည်... ။ ပြေးလဲမပြေးရဲဘူးလေ... တော်ကြာ ကျွန်မပြေးတာမြင်ပြီး နောက်က ပြေးလိုက်လာရင်.... တွေးရင်းကြက်သီးထမိသည်....။ အဲဒီလိုနဲ့.. လမ်းမကြီးကနေ mrt station ဘက်ချိုးတဲ့နေရာကို ချိုးလိုက်တော့ ဟေးဆိုတဲ့ အသံနှစ်ခါလောက်ဆင့်ကြားရပြီး... ခြေသံမြန်မြန်တစ်ခုကိုပါကြားလိုက်ရတော့... မလိခပဲလေ ဘယ်ရမလဲ.. သတ္တိကခပ်ကောင်းကောင်းဆိုတော့... တချိုးတည်း လုံးနေအောင်ကိုပြေးပစ်လိုက်တာ... mrt station အပေါ်ရောက်တဲ့ အထိပဲ... အဲဒါတောင် နောက်ကလိုက်လာလေမလားဆိုပြီး.... လှေကားအတက်ကိုစိုးရိမ်တကြီး mrt မလာမချင်းကြည့်နေမိသေးတာ.. အဲဒီလို သတ္တိရှိတာပါဆို....

ဒါကြောင့်တွေးမိတယ်... သြော်ငါ့နှယ်....ဒီ April Fool ကထူးခြားလှချည့်ရဲ့လို့... အရူးလဲလုပ်ခံရသေး.. အရူးလဲလိုက်ခံရသေးတယ်လို့....




ခင်မင်လျက်
မလိခ