Monday, June 21, 2010

တစ်ချိန်တုန်းက ၂

ကျွန်မတို့ကျောင်းက နှယ်နှယ်ရရတော့မဟုတ်ဘူးနော်.. သစ်ပုပ်ပင်လဲရှိသေးတယ်....။ လမ်းမနဲ့ ကျောင်းကြားထဲက သီဟိုဠ်တောထဲမှာ ရှိတဲ့ အပင်ကြီးပါ...။ဘာပင်မှန်းတော့မသိဘူး.. ကျွန်မတို့က သစ်ပုပ်ပင်လို့ ခေါ်တယ်..။ အပင်ကတော်တော်ကြီးတယ်.. မိန်းထဲက သစ်ပုပ်ပင်လောက်တောင် ရှိမလားပဲ..။ ဒါပေမဲ့တောထဲမှာဆိုတော့ ဘယ်သူမှသိပ်မသွားကြဘူး..။ ဆရာတွေကို ရှောင်တဲ့ ဖဲဝိုင်းတွေလောက်ပဲ အဲဒီမှာရှိတတ်တယ်...။ ကျွန်မသူငယ်ချင်းတွေကတော့ ဒေသန္တရလေ့လာရေးဆိုပြီး အဲဒီတောထဲက သစ်ပုပ်ပင်ဆီ သွားဖူးကြသေးတယ်( အားတိုင်း.. ပျင်းတိုင်း ကျွန်မတို့ သူငယ်ချင်းတစ်စု အဲလို လေ့လာရေးလို့ ကိုယ့်ဘာသာနာမည်ပေးပြီး ကျောင်းနားတစ်ဝိုက် အတန်းလစ်ပြီး လျှောက်သွားတတ်သေးတယ်..).. အဲဒီနေ့က ကျွန်မကျောင်းမတက်လို့ မရောက်ဖြစ်လိုက်ဖူး...။

ကျွန်မတို့ကျောင်းက ရန်ကုန်ဘက်ကလာရင် ထမလုံဆိုတဲ့ရွာလေး အကျော်မှာရှိပါတယ်...။ အတိအကျဆိုရင်တော့.. ထမလုံရွာပြင်က သင်္ချိုင်းကျော်ရင် ကျွန်မတို့ကျောင်းဝင်းကို စမြင်ရပြီ...။ သင်္ချိုင်းက ကားလမ်းရဲ့ဘယ်ဖက်.. ကျောင်းက ညာဖက်မှာပါ..။ ရွာသင်္ချိုင်း ဆိုတော့ မှုန်မှုန်မှိုင်းမှိုင်း အုတ်ဂူတွေနဲ့ပေါ့.. တစ်ချို့ဆို အဖြူတောင်အရောင်မထွက်ချင်တော့ဘူး..။ အဲဒီ သင်္ချိုင်းမှာ ထူးထူးခြားခြား အုတ်ဂူတစ်ခုရှိတယ်.. မောင်မောင်ညွှန့် အသက် (၃၅)နှစ်တဲ့..။ ဘယ်ကတည်းကရှိတဲ့ အုတ်ဂူမှန်းမသိပေမဲ့ ကျွန်မတို့ကျောင်းစတက်ကတည်းက သတိထားမိခဲ့တယ်..။ အဲဒီအုတ်ဂူက အမြဲတမ်းသစ်လွင်နေပြီး.. နှစ်တိုင်း အရောင်ပြောင်းသုတ်ခံထားရတတ်တယ်..။ အရောင်တွေကလဲ အုတ်ဂူတွေမှာ တွေ့ရလေ့မရှိတဲ့အရောင်မျိုး...။ အပြာရင့်ရင့်တို့ အစိမ်းတို့...။ ကျန်ရစ်သူမိသားစုအတွက် သေသောသူကြာရင်မေ့ဆိုတဲ့စကားက မှန်ခဲ့ပုံမရဘူးထင်ပါတယ်..။ အဲဒီကျောင်းမှာ ကျွန်မကျောင်းတက်ခဲ့တဲ့ သုံးနှစ်လုံးလုံး အဲဒီအုတ်ဂူလေးက လူတိုင်းသတိထားမိလောက်အောင်ကို အမြဲသစ်လွင်နေခဲ့တယ်..။ နောက်အဲဒီအုတ်ဂူကို မမေ့နိုင်တာ နောက်တစ်မျိုးရှိသေးတယ်...

ကျောင်းကဝေးတော့ ကျောင်းကိုလာရင် ကားပေါ်မှာ သူငယ်ချင်းတစ်ယောက်ယောက်ပါလာလို့ စကားပြောရင်းဆိုရင် ကျောင်းထိကားစီးရတာ ဝေးတယ်လို့မထင်မိပေမဲ့.. တစ်ယောက်တည်းဆိုရင်တော့.. ပျင်းစရာကောင်းတာများ အိပ်ကိုငိုက်တယ်...။ အဲလို အိပ်ငိုက်တတ်တဲ့ ကျွန်မတို့သူငယ်ချင်းတွေ အမှတ်အသားလုပ်ထားတာက... ကျောင်းကားစီးပြီးလာတဲ့နေ့ဆို... တလမ်းလုံးငိုက်.. တရေးနိုးလို့ “မောင်မောင်ညွန့် ၃၅” ဆိုရင်.. ကျောင်းရောက်တော့မယ်ဆိုတာ သိပြီ...။အဲလိုမှတ်ထားလိုက်တယ်.. :D

ကျောင်းကားက ကျောင်းထဲတန်းဝင်တာမို့ ကျောင်းကားစီးရင် ငိုက်တာ ကိစ္စမရှိပေမဲ့ ကျောင်းကားမမီလို့ ဘတ်စ်ကားစီးရတဲ့နေ့မျိုးဆိုရင်တော့ ကိစ္စကရှိပြီ...။ မငိုက်ပဲလဲမနေနိုင်ဘူး...။ အဲဒါဆိုရင်တော့... ငိုက်နေရင်း စပယ်ယာက “ကိုတင်မောင်.. ကိုတင်မောင်”လို့ အော်သံကြားရင်.. ကျွန်မတို့က “ကျောင်းရှေ့ပါတယ်” ဆိုပြီး လှမ်းပြောဖို့ အိပ်မက်ထဲထိစွဲပြီးသား..။ ကျွန်မတို့ကျောင်းမရောက်ခင်မှတ်တိုင်က “ဦးတင်မောင်ခြံ”တဲ့..။ ဒါကြောင့် မောင်မောင်ညွန့်၃၅ နဲ့ ကိုတင်မောင်ဆိုတာ ကျွန်မတို့ကျောင်းတက်ခဲ့တဲ့ တလျှောက်မမေ့နိုင်တဲ့ နာမည်၂ခုပါပဲ...။

မှတ်ချက်။ ဒီပို့စ်ရေးနေတုန်း မောင်မောင်ညွန့်က ၃၅ လား ၃၆ လားမသေချာတော့ အိမ်မှာရှိတဲ့ သူငယ်ချင်း၂ယောက်ကို မေးကြည့်တော့.. တစ်ယောက်က ၃၅ တဲ့.. နောက်တစ်ယောက်က ၃၁တဲ့..။ ကျွန်မကတော့ ၃၆လို့ထင်နေပြန်တယ်..။ ၃၁တော့ မဖြစ်လောက်ဖူး..ဆိုပြီး.. ပယ်လိုက်ကြတယ်။ ၃၅က ပိုရင်းနှီးနေသလိုမို့ ၃၅ လိုက်ရပါတယ်...။ သန်လျင်ဂျီတီစီတက်ခဲ့ဖူးတဲ့သူများ မောင်မောင်ညွန့်ကို မှတ်မိခဲ့တဲ့သူများရှိရင် အမှားပြင်ပေးကြပါလို့... :D

Saturday, June 19, 2010

တစ်ချိန်တုန်းက...

“ရင်နာစွာ.. ပြန်လည်တွေးတိုင်း သတိရမိ..နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့ တက္ကသိုလ်ဆီ...”

ကျွန်မတို့ငယ်ငယ် ရန်ကုန်တက္ကသိုလ်စိန်ရတုတုန်းက ကြားဖူးခဲ့တဲ့ သီချင်းလေးပေါ့..။ တစ်ချိန်တုန်းက တက္ကသိုလ်တဲ့...။ ကျွန်မတို့ဆိုရင်တော့ တစ်ချိန်တုန်းက ကောလိပ်လို့ပဲပြောမလား.. တစ်ချိန်တုန်းက ဂျီတီစီလို့ပဲ ပြောရမလား...။ အင်း တစ်ချိန်တုန်းကလို့ ဆိုတာကတော့ အခုနဲ့မတူလို့ပေါ့...။ အဲဒီတုန်းက ယူနီဖောင်းဆိုတာကြီး မဝတ်ရသေးဘူးလေ..။ ကျောင်းထဲဝင်လိုက်တာနဲ့ အရောင်ကိုစုံနေတာပဲ.. ပျော်စရာကြီး...။ ဟိုအင်္ကျီခရမ်းရောင်နဲ့ အစ်ကိုကြီးက ဘယ်လို.. ITကွင်း ဝတ်လာတဲ့ အကျီလေးကဖြင့် ချစ်စရာလေးနဲ့ အတင်းတွေ သတင်းတွေ ပြောရတာလဲ ပျော်စရာကြီး...။

ကျွန်မတို့ကျောင်းမှာ တောလမ်းလို့ခေါ်တဲ့ မြေလမ်းလေးလဲရှိသေးတယ်..။ လမ်းမကြီးနဲ့ ကျောင်းနဲ့ ကြားမှာ သီဟိုဠ်တောလေးရှိတယ်..။ ကျောင်းထဲဝင်တဲ့ ကွန်ကရစ်လမ်းမကြီးက နေပူလွန်းလို့ ... ကျွန်မတို့တတွေ.. သီဟိုဠ်တောစပ်က မြေလမ်းလေးအတိုင်းလျှောက်ကြတယ်.. မိုးမရွာတဲ့နေ့တွေဆိုရင်ပေါ့..။ အပင်ကြိုအပင်ကြားက ကွေ့ဝိုက်သွားရတဲ့ အဲဒီလမ်းလေးက ထီးဆောင်းစရာမလိုအောင်ကို သစ်ပင်ရိပ်တွေနဲ့ အေးမြနေလေ့ရှိတယ်..။ မိုးရွာရင်တော့ ကျွန်မတို့ရဲ့ မြေလမ်းလေးက ရေမြောင်းတိမ်တိမ်လေး ဖြစ်နေတတ်တယ်..။ မြွေပါးကင်းပါးကလဲ ကြောက်တတ်သေးတော့.. အဲဒီလမ်းကိုသွားရင် T-Square ကြီး တရမ်းရမ်းနဲ့ အသံပေးပြီးလဲ သွားရတယ်..။ သူရှောင် ကိုယ်ရှောင်ပေါ့..။

တောလမ်းကနေ ထွက်လိုက်ပြီဆိုရင်ပဲ လမ်းဆုံလေးတစ်ခုကို ဘွားကနဲတွေ့ရပြီ...။ ညာဖက်ချိုးရင် လမ်းရဲ့ ဘယ်ဖက်တစ်ခြမ်းလုံး ခရေပင်တွေပြည့်နေတဲ့ ခရေပင်လမ်း..(ကျွန်မတို့ သူငယ်ချင်း ၇ ယောက်ပေးထားတဲ့ နာမည်ပါ..။ ရှေ့လျှောက် ပါသမျှနာမည်တွေက ကျွန်မတို့ပေးထားတဲ့ နာမည်တွေချည်းပါပဲ.. နာမည်တွေမှာ ရာဇဝင်တွေလဲရှိသေးတယ်ရှင့်..)။ ဒီလမ်းလေးကို နာမည်မှည့်ဖို့လုပ်တုန်းက ကျွန်မတို့သူငယ်ချင်းတစ်စု ကိုယ့်စိတ်တိုင်းကျ နာမည်ပေးချင်စိတ်နဲ့ လုရသေးတယ်..။ နောက်ဆုံး အဝေမတည့်တာနဲ့ပဲ အားလုံးသဘောတူညီမှုနဲ့ ခရေပင်လမ်းဖြစ်သွားခဲ့တယ်..။ ရှေ့တည့်တည့်မှာက မိန်းလမ်း ။ အကျယ်ဆုံးနဲ့ လမ်းအကောင်းဆုံးမို့ ပါ..။ လမ်းရဲ့ ညာဖက်မှာက ကျောင်းအုပ်ကြီးရုံးခန်း၊ ကျောင်းသားရေးရာနဲ့ workshops တွေရှိတဲ့ အဆောက်အဦး.. ပြီးတော့ EC နဲ့ FC Department ရှိတဲ့ အဝါရောင်တိုက်ပုလေး.. ။ လမ်းရဲ့ ဘယ်ဖက်မှာကတော့ နှစ်ထပ် Drawingဆောင်.. နောက်တော့ စာသင်ခန်းတွေမလောက်တာနဲ့ ကျွန်မတို့ ဒုတိယနှစ်မှာ စာသင်ဆောင်ဖြစ်သွားတယ်..။ ကျွန်မကျောင်းကထွက်လာပြီးမှ သူငယ်ချင်းတွေ ဘွဲ့ယူတဲ့ နှစ်မှာတော့ အဲဒီအဆောင်က Convocation Hall ဖြစ်သွားပြန်ပါတယ်တဲ့... တော်တော်စွယ်စုံရတဲ့ အဆောင်ကြီးပါ.။ လမ်းရဲ့အဆုံးနားမှာက ဂျီတီစီကျောင်းသားတို့စုံရာ Canteen..(ကျွန်မပြောတာ စုံရာ နော်... ဆုံရာမဟုတ်ဘူး.. :P။ သူငယ်ချင်းတွေ လူစုံအောင်တွေ့ရတာ အဲဒီတစ်နေရာပဲရှိလို့...:D)။

Canteen ရှိရာ အဝန်းအဝိုင်းလေး အစွန်း ဘယ်ဖက်မှာက စေတီလေး..။ ရင်ပြင်လေးနဲ့ သပ်သပ်ရပ်ရပ် အေးအေးချမ်းချမ်းရှိတဲ့ တစ်ဝဂူစေတီလေး...။ ကျွန်မတို့ကတော့ ဘုရားလေးလို့ခေါ်ကြတယ်။ ဘုရားလေးအနောက်ဖက်မှာက လယ်ကွင်းတွေ..။ ဆောင်းတွင်းဆို အဲဒီလယ်ကွင်းမှာ ပုလဲပန်းလို့ခေါ်တဲ့ ရိုးတံရှည်ရှည်နဲ့ ပန်းဖြူဖြူလေးတွေ အလေ့ကျပေါက်တယ်..။ အဲဒီချိန်ဆို လယ်ကွင်းထဲက ပန်းတွေခူးပြီး.. ဘုရားလေးရင်ပြင်မှာ.. ပန်းတွေကျစ်ကြတယ်..။ ပန်းကျစ်တယ်လို့ သုံးရတာက ဒီလိုပါ...။ ပုလဲပန်းရဲ့အရိုးက မြက်ပင်တွေလိုဆိုတော့ ပျော့တယ်..။ ခူးပြီးရင် ကြာကြာမခံဘူး.. အရိုးကနေ ကျိုးတော့တာပဲ..။ အဲဒီပန်းလေးတွေကို အရိုးလေးတွေ တစ်ခုနဲ့ တစ်ခုလိမ်ပြီး... ကျစ်လိုက်တော့ လွယ်လွယ်နဲ့မကျိုးတော့ဘူးပေါ့..။ ပြီးတော့ ပန်းပွင့်လုံးလုံးလေးတွေကလဲ ကြောင်လိမ်လှေကားလေးလို ဖြစ်နေရော..။ အဲလိုကျစ်တာကို ကျွန်မတို့က “အချစ်”လို့ခေါ်တဲ့ ITကသူငယ်ချင်းက သင်ပေးတယ်လို့ထင်တာပဲ..။ သိပ်တော့မမှတ်မိတော့ဘူး...။ ပြီးရင်တော့ အဲဒီပန်းလေးတွေကို ဘုရားမှာကပ်ကြတယ်..။ တစ်ချို့ကြတော့လဲ အိမ်သယ်သွားကြတယ်..။ ကျွန်မတို့ကျောင်းက ဆောင်းတွင်းဆို ချစ်စရာအကောင်းဆုံးပဲ..။ သိပ်လဲသာယာတယ်..။ ကျောင်းပိတ်ခါနီး နွေဆိုရင်တော့ ပူပြင်းခြောက်သွေ့နေပြီး မိုးရာသီမှာတော့ စာသင်ခန်းကိုသွားဖို့ သိုင်းကွက်နင်းရပါတယ်..။ ဗွက်တွေ နွားချေးတွေကို ရှောင်ရှားရင်းပေါ့..။

အဲဒီ Canteen မရောက်ခင်လေးမှာ ညာဖက်ချိုးသွားတဲ့လမ်းကိုတော့.. ကျွန်မတို့က “နတ်ချောင်း”လမ်းလို့ခေါ်တယ်..။ အဲဒီလမ်းလေးရဲ့ ဘယ်ဖက်မှာ IT Department နဲ့ စာသင်ခန်းတွေ ရှိတဲ့ အစိမ်းနုရောင် တစ်ထပ်အဆောက်အဦးလေးရှိတယ်..။ အဲဒီမေဂျာက ကောင်မလေးကို ကျွန်မသူငယ်ချင်းက သဘောကျတယ်..။ ပြီးတော့ လူကြားထဲ နာမည်ရင်း မခေါ်ပဲ အတင်းပြောလို့ကောင်းအောင် ကျွန်မတို့တွေက ကောင်မလေးကို နတ်ကလျာလို့ခေါ်တယ်..။ တရုတ်သိုင်းကား သိုင်းလောကစိန်ခေါ်သံ ထဲက မင်းသမီးနာမည်လေ...။ ဟဲဟဲ.. ဒီလောက်ဆိုသဘောပေါက်လောက်ပြီပေါ့.. ဘာကြောင့် နတ်ချောင်းလမ်း ဖြစ်သွားရသလဲဆိုတာ...။

နောက်ပြီးရှိသေးတယ်..ခရေပင်လမ်းရယ် နတ်ချောင်းလမ်းရယ်နဲ့ မျဉ်းပြိုင်ရှိတဲ့ EC, FC Department ဆောင်နဲ့ ကျောင်းသားရေးရာတို့ workshops တို့ရှိတဲ့ အဆောင်ကြားထဲက လမ်းကိုခေါ်တာက “မြင်းစောင်းလမ်း” တဲ့..။ အဲဒီလမ်းနဲ့ ကပ်ရပ်ရှိတဲ့ workshop က EP workshop..။ ဒီတစ်ခါက ကျွန်မဇာတ်လမ်း..။ ကျွန်မတို့ထက် တစ်တန်းကြီးတဲ့ အသားဖြူဖြူအရပ်ရှည်ရှည်နဲ့ EPက အစ်ကိုကြီးကို ကျွန်မက သဘောကျတယ်..။ သူငယ်ချင်းတွေကတော့ အဲဒီလူကို အားရပါးရ နာမည်ပေးထားတာက “မြင်းဖြူကြီး”တဲ့...။ ဟဲဟဲ... အဲဒီလမ်းကို ကျွန်မလျှောက်ရင် ကိုယ့်ဌာနရှိတဲ့ဖက် ယောင်လို့တောင်မကြည့်ပဲ EP Workshop ရှိတဲ့ဖက်ပဲ စောင်းကန်းစောင်းကန်းလျှောက်တတ်လို့.. အဲဒီနာမည်တွင်သွားရခြင်းပါ...။ ကျွန်မကလဲ ကျွန်မပဲလေ...။

နောက် မိန်းလမ်းနဲ့ အပြိုင်... လမ်းကိုတော့.. ဘောလုံးကွင်းလမ်းလို့ပဲ ရိုးရိုးလေးပေးလိုက်တယ်..။ အဲဒီကတည့်တည့်သွားရင် ကျွန်မတို့ကျောင်းရဲ့ ဘောလုံးကွင်းကိုရောက်တယ်..။ ဘောလုံးကွင်းရဲ့ ဟိုဘက်မှာက ဆရာ ဆရာမတွေရဲ့အိမ်တွေ...။ ကားလမ်းမနဲ့ဆို ဝေးလွန်းလို့...။ စဉ်းစားကြည့်လေ.. ကြားထဲမှာ သီဟိုဠ်တောရယ်.. တမျှော်တခေါ် ကျောင်းဝင်းကြီးရယ်.. ဘောလုံးကွင်းရယ်..။ အဲဒါတွေလွန်မှ သူတို့အိမ်ကိုရောက်ရတာ...။

Friday, June 18, 2010

Title: = ခေါင်းစဉ်

~~စာမီနာ မီနာ... အေ့... အေ့... ဝါကာ ဝါကာ အေး..အေ့...~~

မင်္ဂလာပါ...။ ခုနေရာတိုင်း ဝါကာဝါကာနေကြတော့.. ကျွန်မလဲ ဝါကာဝါကာကြည့်တာပါ.. :D..။ အဲဒီ ဝါကာဝါကာ ကလဲ ကူးစက်ရောဂါလိုပဲ..။ တကယ်ပါ..။ ကမ္ဘာ့ဖလားမစခင် ဝါကာဝါကာ ကို ဒီနှစ်ကမ္ဘာ့ဖလားသီချင်း ဆိုပြီး... သေချာသွားတဲ့အချိန်တုန်းက KL က သူငယ်ချင်းက ဂျီတော့ခ်ကနေ လင့်ခ်လာပေးတယ်..။ နားထောင်ကြည့်.. ကောင်းတယ်တဲ့..။ ကျွန်မလဲ နားထောင်ကြည့်တော့ .. အမယ် မဆိုးဘူး သီချင်းလေးက မြူးသားပဲပေါ့..။ မာန်လေးလဲပါသလို.. ရိုးရာသံလေးလဲပါတယ်ပေါ့.. (ကိုယ့်ဘာသာ ဆရာကြီးလုပ်ပြီး တွေးကြည့်မိတာပြောပါတယ်.. တကယ်က ကျွန်မက ဘာမှလဲသိတာမဟုတ်ဘူး...)..။ အဲ နောက်သုံးရက်လောက်နေတော့.. ကျွန်မကို လာပြောပြန်တယ်.. ငါ ဝါကာဝါကာကို အလွတ်ရသွားပြီတဲ့..။ အမ်.. နင့်ဟာကလဲ ကြိုးစားလှချည်လား... ပေါ့။ ဒါနဲ့ အိမ်ကို ကျွန်မချစ်သူလာလည်တဲ့နေ့ကျတော့.. ဘာရယ်မဟုတ်ဘူး ဝါကာဝါကာလေး ဖွင့်ပြမိလိုက်တယ်..။ အဲ... နောက်တော့ ဒင်းက ကျွန်မကွန်ပျူတာကို အပိုင်စီးပြီး ဝါကာဝါကာကို youtube မှာ စာသားရှာပြီး အလွတ်ထိုင်ကျက်နေပါလေရောလေ...။

ခုဆို ကမ္ဘာ့ဖလားလဲ အရှိန်ကောင်းနေပါပြီ...။ ရုံးရောက်လို့ ဂျီတော့ခ်တက်တိုင်း အမြဲရှိနေတတ်တဲ့ KLက သူငယ်ချင်းလဲ ပျောက်နေရှာပြီ..။ ညတိုင်း ဝါကာဝါကာနေရလို့ ရုံးတောင်မှန်ရဲ့လားမသိပါဘူး..။ ဟိုတစ်နေ့က ဂျာနယ်တစ်ခုမှာ မြန်မာနိုင်ငံက မင်းသမီးလေးတစ်ယောက် ကမ္ဘာ့ဖလားအတွက် ဆုတောင်း ပေးထားတာလေးကို သဘောကျမိလို့ပါ...။ အားလုံး နိုင်စေချင်တဲ့ အသင်းတွေနိုင်ကြပါစေ.. တဲ့။ ဟုတ်ကဲ့ ကျွန်မလဲ အဲလိုပဲ ဆုတောင်းပေးချင်ပါတယ်..။ အားလုံး နိုင်စေချင်တဲ့ အသင်းတွေ နိုင်ကြပါစေ.. လို့.. :P။

ခု ကျွန်မအလုပ်အသစ်မှာ ဘော့စ်အသစ်နဲ့ ဘဝကြီးသာယာနေပါပြီ..။ အရင်အလုပ်တုန်းက ရုံးကပြန်ရောက်ရင် အိပ်ရာထဲခွေ.. စနေ တနင်္ဂနွေဆို အိမ်မှာပဲအောင်းပြီး ဘယ်မှမသွား ဘယ်သူနဲ့မှ မတွေ့ပဲ စိတ်ဓာတ်တွေ အောက်ဆုံးရောက်နေခဲ့တဲ့ကျွန်မ.... ခုဆို.. လန်းလန်း လန်းလန်းနဲ့ ရုံးပိတ်ရက်ဆို အိမ်ကို မကပ်တော့ဘူး..။ ပြီးတော့ ဇာမဏီ့အိမ်သွားသွားပြီး.. ဝိုင်းကလေးတောင်ထောင်လိုက်သေး...။ ဟဲဟဲ ဘာဝိုင်းလို့ထင်လဲ.. ဖဲဝိုင်းပေါ့.. (ဒီပို့စ်ကို PG 15လို့ ကိုယ့်ဘာသာသတ်မှတ်ထားပါတယ်.. :P)။ သိပ်တော့အထင်မကြီးပါနဲ့.. (မကြီးမှန်းတော့သိပါတယ်.. ပြောကြည့်တာပါ.. :D).. ကျွန်မတို့ကြေးက ဆယ်ပြား.. ပြားသုံးဆယ်ပါ.. ပိုကာမှာဆိုရင်ပေါ့..။ တခါတခါလက်ကြီးတဲ့သူတွေပါရင်တော့ ပြားသုံးဆယ် .. ပြားငါးဆယ် ဖြစ်သွားတတ်ပါတယ်..ဟဲဟဲ..။ အဲ.. ပိုကာဆော့လို့ပျင်းလာရင်တော့.. Big 2 ဆော့ပါတယ်..။ ဒါကလဲ တစ်ချပ် ဆယ်ပြားကြေးပါ..။ နောက် အဲဒါမှပျင်းလာရင်.. facebook ထဲက Texas Poker လိုဟာမျိုးဆော့ပါတယ်..။ စည်းကမ်းတွေကတော့ တခါတခါ အများညီလို့ “ဤ” က “ကျွဲ” ဖြစ်သွားရတာမျိုးပေါ့..။

တချို့ယောင်္ကျားလေးတွေ ဆေးလိပ်သောက်တာ အရက်သောက်တာကို ကြိုက်သလိုမျိုး ကျွန်မလဲ ဖဲရိုက်ရတာကို ကြိုက်ပါတယ်..။ ဖဲရိုက်ရင်း တစ်ယောက်နဲ့ တစ်ယောက် စနောက်.. ရယ်စရာတွေပြော.. ကိုယ့်အလုပ်သူ့အလုပ်က အကြောင်းတွေ၊ စိတ်ညစ်စရာတွေ ဒေါသထွက်စရာတွေ ဟာသတွေ... အပြန်အလှန်ပြောကြ...။ ပြီးတော့ ပါးစပ်ကသာ အဲလိုပြောနေတာ လက်ကလဲ ကိုယ့်အလှည့်ရောက်ရင် သူ့အလိုလိုက လှုပ်ရှားနေသေး...။ တခါတခါများဆို ကိုယ်က ဖဲကလေးကြည့်ရင်း ကိုယ့်အလုပ်က အကြောင်းလေး ပြောနေမိပါတယ်... ကိုယ့်ရှေ့က ငါးပြား ဆယ်ပြားပိုက်ဆံပုံထဲက လစ်ရင်လစ်သလို လာခိုးတဲ့လူကလဲ ရှိသေး...။ ပြီးတော့ ပိုကာကစားရင် အပေါ်အိမ်ကနေပြီး ကိုယ်ပြောတာ စိတ်ဝင်တစားနားထောင်သလိုလိုနဲ့ ဖဲလာခိုးကြည့်တာမျိုးကလဲ ခံရတတ်သေးတယ်..။ အဲဒီတော့ မျက်စိကလဲ လျင်ရသေးတယ်ရှင့်..။

ငါးပြားဆယ်ပြားဝိုင်းဆိုတော့ နိုင်ရင်လဲ နှစ်ကျပ် သုံးကျပ်ပေါ့..။ တခါတခါ သိပ်ကံကောင်းတဲ့သူကျတော့ တစ်ဆယ်လောက်နိုင်တတ်တယ်..။ တဝိုင်းလုံးရှုံးတဲ့အခါမျိုးပေါ့..။ အဲဒီခါမျိုးကျရင် နိုင်တဲ့လူရဲ့ ပိုက်ဆံပုံကို အားလုံးမျက်စောင်းတွေထိုးကြရင်း ... ဝိုင်းလုရအောင်တို့.. ရိုက်လုရအောင်တို့ တစ်ယောက်ကမီးပိတ်လိုက် ကျန်တဲ့လူက ပိုက်ဆံပုံကို အစဖျောက်ပေးမယ်တို့ ကျိန်းတာမျိုးကလဲ ရှိတတ်တယ်.. အဲဒီ ငါးကျပ် တစ်ဆယ်ကို..။ ကစားနေရင်း သိပ်ကံဆိုးလို့ ပါသမျှ အကြွေတွေ ပြောင်ပြီဆိုရင်တော့ အဲဒီလူ မကစားတော့မှာစိုးလို့ ကျန်တဲ့လူတွေက တစ်ကျပ် နှစ်ကျပ်ပေးပြီး အရင်းပြန် မ,တည်ပေးကြသေးတယ်..။ ပျော်စရာလဲ ကောင်းသလို ချစ်စရာလဲကောင်းကြတယ်...။

ကျွန်မတို့ဝိုင်းမှာ ကျွန်မတို့ထက် ငယ်တဲ့ ကျောင်းကို ကျွန်မတို့နောက်နှစ်မှ ပြီးတဲ့ ကောင်လေးတွေလဲပါတယ်..။ သူတို့က ဇာမဏီတို့ ဇနီးမောင်နှံနဲ့ တစ်အိမ်ထဲနေတဲ့ ကလေးတွေပေါ့..။ သူတို့တွေကလဲ ကျွန်မတို့ တခြားအကြောင်းကြောင်းကြောင့် သူတို့အိမ်မသွားဖြစ်တဲ့ အပတ်တွေဆို.. ဖုန်းဆက်ပြီး အစ်မကြီးတို့မလာဘူးလား နဲ့ သတိတရမေးတတ်ကြတယ်..။ တချို့တချို့ weekends တွေ ဖဲရိုက်ရမှာ mood မရှိကြရင်တော့ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်..။ အဲဒီခါမျိုးဆိုရင်တော့ ကျွန်မတို့ သူငယ်ချင်းဖြစ်တဲ့ ဇာမဏီ့ယောင်္ကျားရယ်.. နောက်သူငယ်ချင်းတစ်ယောက်ရယ်က မျက်ခုံးလှုပ်နေကြပြီ..။ အဲဒီမှာက သူတို့နှစ်ယောက်ပဲ ဂစ်တာတီးတတ်တာကိုး..။ ဆိုချင်တဲ့သူတွေက ကျွန်မတို့မိန်းကလေး လေးယောက်ပေါ့...။ အသံသေးအသံကြောင်နဲ့.. နောက်တနေ့ အိပ်ရာထလို့ အသံထွက်နိုင်သေးတဲ့သူကပဲ သစ္စာဖောက်လိုလိုနဲ့ အနိုင်မခံအရှုံးမပေးကို အပီဟစ်ကြတာ...။ တီးတဲ့သူ မတီးတတ်တော့တဲ့ သီချင်းဆို ကွန်ပျုတာရှေ့ချ youtube ဖွင့်ပြီးလဲ ဆိုကြသေးတယ်...။ သီချင်းတွေကလဲ အစုံပဲ.. ကျွန်မနဲ့ ဇာမဏီက Oldies ဆိုတော့... ကျွန်မတို့တီးခိုင်းတဲ့သီချင်းတွေက မောင်တို့ချယ်ရီမြေလို.. LOBOရဲ့ Stoney လိုဟာမျိုး ပြီးတော့ Ronan Keating လဲအကြိုက်တူတယ်။ နောက်နှစ်ယောက်က အသက်ကြီးပေမဲ့ နှလုံးသားတွေ နုသစ်နေတုန်းဆိုတဲ့ အပျိုကြီးမမတွေ..။ သူတို့ကြိုက်တာက ဂျင်းနီတို့.. ရသတို့.. ပြီးရင် Justin Bieber နဲ့ Taylor Swift.။ Rehana နဲ့ Lady Gaga လဲ သူတို့ကြိုက်တယ်..။

သြော်.. ကြုံတုန်း ဖွရဦးမယ်...။ Lady Gaga ရဲ့ နာမည်ကြီး Bad Romance ကို ပြန်ဆိုထားတာရှိသေးတယ်..။ ဂစ်တာတီးတဲ့ သူငယ်ချင်းက စလိုက်တာ..။ သီချင်းမှာ “ရာ-ရာ-အာ-အာ-အား, ရော်မာ-ရော်မာ-မား, ဂါဂါ-ဝူ-လာ-လား” ဆိုပြီးပါတယ်လေ..။ အဲဒါကို သူက ဂစ်တာလေးတီးပြီး ဘယ်လိုဆိုလဲဆိုတော့.. “ရာ-ရာ-အာ-အာ-အား, ရော်မာ-ရော်မာ-မား, ဇာဇာ-အူကြောင်ကြား” တဲ့..။ ဇာမဏီ့အတွက် သီချင်းတဲ့...:D..။ အဲဒီနောက်ပိုင်း တပတ်လောက်က ရုံးမှာ တစ်ယောက်တည်းပျင်းလို့ သီချင်းညည်းမယ်ကြံတိုင်း ပါးစပ်က အဲဒီ “ရာ-ရာ-အာ-အာ-အား, ရော်မာ-ရော်မာ-မား, ဇာဇာ-အူကြောင်ကြား”ချည်းပဲ ဆိုဆိုမိနေတော့တယ်..။ သီချင်းပေါက်သွားတယ် ဆိုရမှာပေါ့...။ :D

ပြီးခဲ့တဲ့နှစ် အောက်တိုဘာကတည်းက ပျောက်သွားတာဆိုတော့... ခုမှပဲ နှုတ်ဆက်ရတော့မယ်...:D
နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင် ချမ်းမြေ့ကြပါစေ... လို့..။
ခု စင်္ကာပူရာသီဥတုက ပူလိုက်အေးလိုက်နဲ့မို့... စင်္ကာပူက သူငယ်ချင်းတွေလည်း.. ကျန်းမာရေးကို ဂရုစိုက်ကြပါဦးနော်....

(ဘာခေါင်းစဉ်ပေးရမှန်း စဉ်းစားမရလို့ ခေါင်းစဉ်ရေးရမဲ့ box ဘေးနားကစာလေး ပြန်ကူးရေးလိုက်တာ.. )
:D
မလိခ