Friday, May 20, 2011

ဒီတစ်ခေါက်...

မနှစ်က နှစ်ကုန်ပိုင်းလောက်မှာပဲ... ဒီနိုင်ငံမှာ မလိခမင်္ဂလာဆောင်လိုက်ပါတယ်..။ မိဘဆွေမျိုးတွေရဲ့ တောင်းဆိုမှုကြောင့် ဒီနှစ် နှစ်ဆန်းပိုင်းလောက်မှာ ရန်ကုန်မှာပြန်ပြီး မင်္ဂလာဧည့်ခံပွဲလေး လုပ်ဖြစ်တယ်..။ တော်တော်တော့ ပင်ပန်းသွားတယ်..။ ရန်ကုန်က လူကြီးတွေစိတ်တိုင်းကျ မင်္ဂလာပွဲ မလုပ်မဖြစ်လုပ်ရမယ် ဆိုတော့ သူနဲ့ ကျွန်မ နဂိုတည်းက စဉ်းစားထားတဲ့ အလှူလေးတွေအတွက်ပါ ဘတ်ဂျတ်ကတွက်ရတော့တာပေါ့...။ မြန်မာနိုင်ငံပြန်ရင် ခရီးကလဲ မထွက်ပဲမနေနိုင်တာနဲ့... ကြိုတင်စီစဉ်ထားပါရက်နဲ့ ကတိုက်ကရိုက်ဖြစ်ခဲ့ရတယ်...။ လုပ်ချင်တာတွေက များများ ရတဲ့အချိန်က နည်းနည်းဖြစ်နေတာကြောင့်ပေါ့..။

မင်္ဂလာပွဲကတော့ ထားပါတော့...။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးပြီး မိဘဆွေမျိုးတွေ တွေ့ဆုံ စားသောက်ကြတာလေးပါပဲ..။ ဟိုမင်းသားမင်းသမီးလိုတော့ကြီး မဟုတ်ပါဘူး...။ ပြောရဦးမယ် ဖြစ်ချင်တော့ ကျွန်မ မင်္ဂလာပွဲလုပ်တဲ့ရက်က သူတို့ရဲ့ ခြောက်ပွဲလား ခုနစ်ပွဲလားမသိတဲ့ ပွဲတွေထဲက တစ်ရက်နဲ့ သွားတိုက်နေပါသေးတယ်..။ တိုက်တော့ ဘာဖြစ်တုန်းဆိုတော့.... ဘာမှမဖြစ်ပါဘူး...။ ကိုယ့် အန်တီပါစီနေ့ မေ့သွားရင် သူတို့ကိုသွားမေးလို့ရတာပေါ့.. အဲလိုတော့ကြံထားတယ်...။ :D

နောက် မင်္ဂလာပွဲဆိုတော့ သိတဲ့အတိုင်း ဟိုစစ ဒီစစလက်ဖွဲ့ကြတာတွေရှိတာပေါ့..။ အဲဒါတွေကျ ဒီလဲ မသယ်လာနိုင်... ။ နောက် ကျွန်မကြားဖူးတာရှိတယ်.. တချို့တွေက လက်ဖွဲ့တွေကို ဆိုင်ကိုပြန်သွင်းကြတယ်တဲ့..။ ကျွန်မလဲ ကိုယ်တိုင်ဆောင်မှပဲ အသစ်အဆန်းတွေကြားရတော့တယ်..။ အဲလိုကြီး သွားပြန်ရောင်းဖို့ကြတော့လဲ.. လက်ဖွဲ့တဲ့လူတွေကို ကျွန်မက မှန်းအားနာမိတယ်..။ အဲလိုနဲ့ နောက်ဆုံးကျတော့ ကျွန်မနဲ့သူ နဂိုစီစဉ်ထားတဲ့ နေရာလေးတွေမှာ လှူမဲ့ ငွေသားပမာဏအပြင် ရလာတဲ့ လက်ဖွဲ့လေးတွေပါ ရောလှူပစ်လိုက်တယ်..။ ကျန်တာ သူတို့ဘာသာ အဆင်သင့်သလို စီမံပါလေ့စေ.. ကျွန်မစိတ်က လှူလိုက်တဲ့နေရာတင် အဲ့ပစ္စည်းတွေနဲ့ ပြတ်ပြီ...။ ကဲ ဒီတော့ ကျွန်မလဲ အားနာစရာမလိုတော့ဘူးပေါ့ ဟုတ်ဘူးလား...။ ပြီးတော့ လက်ဖွဲ့တဲ့လူလဲ ကုသိုလ်ရတာပေါ့..။

ကျွန်မတို့လှူဖြစ်တာက.. ပထမ ကျွန်မသူငယ်ချင်းတစ်ယောက် ဦးဆောင်ပြီး ဖွဲ့ထားတဲ့ အဖွဲ့လေးက လုပ်တဲ့ အလှူလေးမှာ..။ သူငယ်ချင်းတို့အဖွဲ့က သန်လျင်ဘက်က သီလရှင်တွေဦးစီးတဲ့ စာသင်ကျောင်းတခုမှာ သီလရှင်ဆရာလေးတွေနဲ့ ကလေးတွေကို တစ်နပ်စာ ဆွမ်း ထမင်းကျွေးပြီး ကလေးတွေလိုတဲ့ စာရေးကိရိယာလေးတွေ လှူတယ်..။ နောက် အဲဒီကျောင်းလေးမှာ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အလှူငွေလဲ ထည့်ခဲ့တယ်..။ ကျွန်မကအဲဒီနေ့က သူတို့အဖွဲ့နဲ့ မလိုက်သွားဖြစ်လိုက်ဘူး..။ မင်္ဂလာပွဲမတိုင်ခင်ဆိုတော့ အလုပ်တွေက ဘာမှန်းမသိပဲရှုပ်နေတာနဲ့..။ နောက်သူတို့ဓာတ်ပုံတွေပြမှ မလိုက်မိတာ နောင်တရမိတယ်..။

မင်္ဂလာပွဲပြီးနောက်တစ်နေ့ကျတော့.. ပစ္စည်းတွေနဲ့ ကျွန်မတို့.. ရွာသာကြီးက စိတ်ရောဂါကုဆေးရုံကို ရောက်ခဲ့ကြတယ်...။ စီးပွားရေးတက္ကသိုလ်အလွန်မှာကတည်းက လမ်းက ဆိုးသွားလိုက်တာ.. ချိုင့်တခုတခုက ကားဘီးတစ်ဝက်သာသာလောက်တောင်နက်မလားပဲ... ပြီးတော့ ခဲလုံးကြီးတွေကလဲ နည်းတာမှမဟုတ်ပဲ..။ လမ်းပြင်ဖို့ထင်ပါရဲ့.. လမ်းဘေးနားမှာ ပုံထားတဲ့ ကျောက်ပုံတွေကတော့ အပေါ်မှာ အပင်တွေဘာတွေ ပေါက်လို့.. အဲ့အပင်တွေတောင် တော်တော်ကြီးနေပြီ...။ အော်.. ဒီထက်ကြီးလာတော့လဲ အရိပ်ရတာပေါ့လို့တော့ တွေးမိပါတယ်.. နေကလဲ ပူသေးတာကိုး...။ ကျွန်မတို့ ပစ္စည်းတွေရယ် ငွေသားတချို့ရယ် လှူပြီးတော့ သူနာပြုဆရာမကြီးတစ်ယောက်က ကျွန်မတို့ကို ဆေးရုံတွင်းကို လိုက်ပြတယ်..။ ဆေးရုံရဲ့ အဓိကနှစ်ထပ်အဆောက်အဦးနောက်ကို ရောက်တာနဲ့ တထပ်ဆောင်ပုလေးတွေ ဟိုတလုံးဒီတလုံး ကွင်းပြင်ကြီးထဲ ဖြန့်ထားတယ်...။ အားလုံးကို အမိုးပါတဲ့ ကွန်ကရစ်လမ်းတွေနဲ့ ဆက်ထားတယ်..။ အဲဒီလမ်းလေး တဖက်တချက်တွေမှာက ချုံတွေနဲ့ အပင်ပုလေးတွေ... အရင်က လယ်ကွင်းဟောင်းတွေဖြစ်ခဲ့ဟန်တူပါတယ်..။ တစ်ဆောင်နဲ့တစ်ဆောင်ကလဲ တော်တော်လှမ်းတယ်..။ လမ်းလျှောက်ရင်းစကားပြောရင်းသိရတာက.. အဲဒီသူနာပြုဆရာမကြီးက ဒီမှာလုပ်လာတာ အနှစ်၂၀လောက်ရှိပြီတဲ့... သူမရဲ့ ပထမဆုံးပိုစတင်ကျကတည်းက လုပ်လာတာ ခုထိဆိုပဲ...။ ကျွန်မတော်တော်လေးစားမိသွားတယ်..။ တခြားဆေးရုံတွေမှာတော့ မပြောတတ်ဘူး..။ ဒီလိုဆေးရုံမှာအလုပ်လုပ်ဖို့ဆိုရင်တော့ တော်တော်စိတ်ရှည်သည်းခံရမယ်လို့ ထင်မိတယ်..။

ကျွန်မတို့ကို လိုက်ပြတာက အမျိုးသမီးဆောင်ကို..။ နည်းနည်းရောဂါသက်သာတဲ့ လူနာတွေထားတဲ့အဆောင် လို့ပြောတယ်။ အဆောက်အဦးက စတုဂံကျကျအကွက်ချဆောက်ထားတဲ့ တထပ်ဆောင်လေး..။ ဝင်ပေါက်ကတခုတည်းရှိတယ်... ။ အလယ်မှာက မြေကွက်လပ်ကြီး..။ အပင်တချို့စိုက်ထားတယ်.. ။ နည်းနည်းနေကောင်းတဲ့လူနာတွေက အဲဒီအပင်တချို့စိုက်ပျိုးရေးမှာပါဝင်လုပ်အားပေးကြတယ်တဲ့..။ သူတို့ရောဂါသက်သာစေဖို့ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုတစ်ခုလို့ ရှင်းပြတယ်..။ နောက် စဥ့်အိုးကြီး သုံးလုံးလောက်လဲ ချထားတယ်..။ တချို့တွေက မျက်နှာသစ်သွားတိုက်နေကြတယ်.. တချို့တွေကတော့ အဝတ်လျှော်နေကြတယ်..။ ကျွန်မတို့ကို မြင်တော့ တချို့တွေက ပြုံးပြကြတယ်..။

အဆောင်ရဲ့ပတ်ပတ်လည်မှာတော့ သံဇကာကွက်ကြီးတွေနဲ့ ကာထားတယ်.. ။ နောက် ကုတင်ဆယ်လုံးလောက် ပါတဲ့ အခန်းရှည်တွေ ... စတုဂံပုံ ပတ်လမ်းဘေးတစ်လျှောက် တန်းစီထားတယ်..။ တချို့အခန်းတွေကျတော့လဲ သံဘာဂျာတံခါးတွေ ဖွင့်ထားတယ်.. ။ တချို့အခန်းတွေ ကျတော့လဲ သံတံခါးတွေကို ပိတ်ထားတယ်...။ ရောဂါမသက်သာသေးလို့လို့ဆိုပါတယ်..။ အဲဒီပိတ်ထားတဲ့ တခန်းမှာ အမျိုးသမီးလေးယောက်လောက်က တံခါးပေါက်နားမှာ ရပ်နေကြတယ်..။ ကျွန်မတို့ကိုမြင်တော့... တစ်ယောက်က “ဧည့်သည်တွေပဲ.. ဒီနေ့ဘာကျွေးမှာလဲ ”လို့ လှမ်းမေးတယ်...။ ကျွန်မတို့လဲ ကြောင်အမ်းသွားတယ်..။ နောက်တစ်ယောက်က “ကြာဇံဟင်းခါးကျွေးနော်” လို့ လှမ်းအော်တယ်..။ သနားစရာကောင်းလိုက်တာ..။ ဘာပြန်ပြောလို့ ပြောရမှန်းကို မသိခဲ့ဘူး...။

နောက် တခန်းကျတော့ တံခါးဖွင့်ထားတယ်.. အဲဒီအခန်းကလူတွေကျတော့ ရောဂါသက်သာနေပြီ ဒါပေမဲ့ သူတို့အိမ်တွေက လာမခေါ်တော့ပဲ ဆေးရုံမှာပဲ ပစ်ထားလိုက်ကြတယ်တဲ့...။ စိတ်မကောင်းလိုက်တာ..။ သူတို့ကြည့်ရတာတော့ အေးဆေးပဲ.. တချို့လဲ စာဖတ်နေတယ်..။ အဖွားတစ်ယောက်ကတော့ သနပ်ခါးအဖွေးသားနဲ့ ကုတင်ပေါ်မှာထိုင်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးနေတယ်...။ သားတွေသမီးတွေကို လွမ်းရှာတယ်ထင်တယ်..။

တပတ်ပတ်ပြီးလို့ ပြန်ထွက်မယ့်အချိန်ကျတော့.. ဆရာမကြီးက အဆောင်တာဝန်ကျ သူနာပြုဆရာမလေးနဲ့ မိတ်ဆက်ပေးနေတုန်း... “အမေ့” ဆိုတဲ့ အော်သံနဲ့ ကျွန်မမောင်လေး... လှစ်ကနဲနေအောင် ပြေးထွက်သွားတယ်..။ နောက်မှ ဘာဖြစ်တာလဲဆိုတော့... ထွက်ခါနီး လူနာအမျိုးသမီးတစ်ယောက်က သူ့ခါးကို လှမ်းကိုင်လိုက်လို့ပါတဲ့..။ အဲဒါနဲ့ လန့်ပြီးထွက်ပြေးတာတဲ့..။ ကျွန်မတို့မှာ သူ့ရုပ်ကိုကြည့်ပြီးရယ်လိုက်ရတာ..။ ဆရာမကြီးကတော့ ရှင်းပြတယ်..။ ဆေးရုံရောက်လာတဲ့ တချို့လူနာတွေထဲမှာ ဆန့်ကျင်ဘက်လိင်နဲ့ ပတ်သက်ပြီး ပိုစိတ်ဝင်စားတဲ့လူတွေရှိတယ်တဲ့...။ တခါတလေ အမျိုးသားတွေရဲ့ တင်ပါးကိုလိုက်ကိုင်တဲ့ကိစ္စမျိုးတွေလဲ ရှိတတ်သတဲ့..။ အခုကတော့ attention လိုချင်လို့ လာတို့တာနေမှာပါလို့ပြောတယ်..။ မောင်လေးကတော့ ကြက်သီးထသွားသလို တွန့်ပြတယ်..။ သူကနဂိုကတည်းက ကြောက်တတ်တဲ့သူဆိုတော့ ကျွန်မတို့မှာ သူ့ကြည့်ပြီးရယ်နေရတယ်..။

အဲဒီကအပြန်ကျတော့.. ကျွန်မတို့တွေ မင်္ဂလာဒုံက ကူးစက်ဆေးရုံကို သွားကြတယ်..။ လူနာတွေ တအားများပြီး ရှုပ်နေတာကြောင့် ဆရာမတွေလဲ လက်မလည်ဘူးဖြစ်နေတယ်..။ သူနာပြုဆရာမကြီးတစ်ယောက်ကတော့ ကျွန်မတို့(အလှူရှင်) ကိုဘယ်မှလိုက်မပြနိုင်လို့ဆိုပြီး အားနာနေတယ်..။ သူ့မှာလဲ လူနာတွေကတဖက် ဖုန်းကလဲပြေးကိုင်ရသေးတယ်..။ ဆေးရုံလေးနဲ့ လူနာအရေအတွက်က မမျှဘူးဖြစ်နေတယ်..။ ဝန်ထမ်းလဲ လောက်ပုံမရဘူး..။ ဆရာမကြီးပြောတာတော့.. မင်္ဂလာဒုံကဒီကူးစက်ဆေးရုံကိုက လူသိပ်မသိကြတော့ အလှူရှင်တွေ လာလှူတာလဲ နည်းတယ်တဲ့...။ လာတဲ့လူနာက များပြီး ပေးစရာနေရာက နည်းနေတော့ တချို့လူနာတွေကို လူသွားစင်္ကြံမှာ ကုတင်ခင်းပြီး ထားထားရတယ်တဲ့..။ လူသွားစင်္ကြံမှာ ကုတင်နှစ်လုံးလောက်လဲ မြင်ခဲ့ရတယ်..။ တော်သေးတာပေါ့ ကုတင်လေးရှိသေးလို့လို့ တွေးမိတယ်..။ မဟုတ်ဆို သံမံတလင်းပေါ်မှာ...။ နောက် တချို့အခန်းတွေထဲကနေ လှမ်းကြည့်နေကြတဲ့ မျက်လုံးတွေ.. ဘာအရောင်အရိပ်တွေလဲ ကျွန်မမခွဲခြားတတ်ဘူး..။ သေချာတာကတော့ အင်အားမဲ့နေကြတယ်..။ ဆရာမကြီးလဲ မအားတာနဲ့ အားနာပြီး ကျွန်မသိချင်တာလေးတွေ မမေးခဲ့ရဘူး... ဥပမာ.. ဘယ်လိုကူးစက်ရောဂါနဲ့ လာတဲ့လူ အများဆုံးလဲ ဆိုတာမျိုးပေါ့...။ အေအိုင်ဒီအက်စ်လို့ဖြေခဲ့လိုက်မှာကိုလဲ ဘာရယ်မဟုတ် တွေးကြောက်မိတယ်...။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်တဲ့..။ ဆေးရုံတွေမှာ တွေ့ရတတ်တယ်..။ကာကွယ်ဖို့ အသိမပြောနဲ့ ရောဂါရလာရင် ကုသဖို့ ဆေးရုံရောက်လာတဲ့သူကရော ဘယ်နှရာခိုင်နှုန်းရှိမှာလဲ...။

အဲဒီနေ့က တွေးစရာတွေ အများကြီးနဲ့ အိမ်ပြန်ခဲ့ရတယ်...။

နောက် ပြောရဦးမယ်... ဖြစ်ပုံ..။ ကျွန်မနဲ့အတူနေတဲ့ သူငယ်ချင်းစုံတွဲကလဲ ရန်ကုန်မှာမင်္ဂလာပွဲပြန်လုပ်တယ်.. ။ ကျွန်မတို့ထက် ၂ပတ်ကျော်လောက်နောက်ကျတာကြောင့် ရန်ကုန်မှာ အသွားအပြန်လွဲပြီး မတွေ့ဖြစ်လိုက်ဘူး...။ သူတို့ဒီကို ပြန်ရောက်လာတော့... နင်ဘယ်လိုလဲ ငါဘယ်လိုလဲ.. ဘယ်တွေသွားလို့ ဘာတွေစား ဘာညာစပ်စုကြရင်း.. သူငယ်ချင်းမက မေးတယ်... ပြုံးစိစိနဲ့..“ ဟဲ့ နင်စစ်ဆေးရုံမှာ သွားလှူခဲ့သေးတယ်ဆို.. အန်တီပြောတယ်”တဲ့..။ “ဟေ!” ကျွန်မ မျက်လုံးပြူးသွားတယ်..။ “ငါက ဘာကိစ္စ စစ်ဆေးရုံသွားလှူရမှာလဲ..” ဆိုတော့...“သိဘူးလေ အန်တီပြောတာ” ဆိုပြီး ရယ်နေလေရဲ့...။ ကျွန်မလဲ ခေါင်းစားသွားတယ် မေမေက ဘာတွေမှားပြောလိုက်သလဲပေါ့...။ နောက်မှ သဘောပေါက်တယ်.. မေမေက ကျွန်မတို့ စိတ်ဆေးရုံ သွားလှူဖြစ်တယ်ဆိုတဲ့အကြောင်းပြောလိုက်တာနေမှာလို့...။ အဲဒါကို သူငယ်ချင်းမက အကြားမှားလေတယ်.. စစ်ဆေးရုံတဲ့....။ :D



ပျော်ရွှင်ပါစေ
ခင်တဲ့
မလိခ

Sunday, May 15, 2011

မလိခရဲ့သင်္ကြန်ကျပြီ....


အိမ်နားက ပိတောက်တွေ....


သင်္ကြန်ကျပြီ.....

ပြက္ခဒိန်က သင်္ကြန်ထက် တလလောက်နောက်ကျပြီးမှ လာအော်နေလို့... မလိခတော့ သွားရှာပြီလို့.. ခေါင်းတခါခါ စုတ်တသပ်သပ် ဖြစ်သွားကြမလားမသိဘူး...။ မလိခ မသွားသေးပါဘူး အရင်နေရာ အရင်နိုင်ငံမှာပဲ အရင်အလုပ်တွေလုပ်နေတုန်းပါပဲ... :P။

သူများတွေရေတွေဘယ်လောက် လောင်းလောင်း သူငယ်ချင်းတွေနဲ့ကျွန်မ ဘယ်လောက်ရေပက်ခံထွက်ထွက် သင်္ကြန်က ပြီးပြည့်စုံတယ်လို့ခံစားရတယ်မရှိဘူး....။ ပွဲတော်တစ်ခုကို အပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့ ပျော်ရွှင်စွာကုန်ဆုံးစေခဲ့တယ်ဆိုတဲ့ ခံစားမှုမျိုးပဲရှိတယ်...။ ဒါပေမဲ့... မနက်အိပ်ရာထလိုက်တာနဲ့.. ဘယ်ကလာမှန်းမသိတဲ့ ပိတောက်ရနံ့ကို ရလိုက်တာနဲ့ အဲဒီနေ့ဟာ ကျွန်မရဲ့သင်္ကြန်ပါပဲ...။ (ကြောင်လိုက်တာနော်.... :D သူများတွေပြောရမှာ အားနာမှာစိုးလို့ ကိုယ်စားပြောပေးတာ..)။ အဲဒီနေ့မျိုးဆို.. အိမ်ရှေ့မှာ “ ပိတောက်ပန်းတွေရမယ်” ဆိုပြီး လက်တွန်းလှည်းကြီးနဲ့.. ဦးလေးကြီးတစ်ယောက် ပိတောက်တွေလာရောင်းတတ်တယ်..။ လာဝယ်တဲ့လူတွေအများကြီးကြားက.. အလုအယက်ဝယ်.. ပြီးတော့ ပန်းခက်လေးတွေကိုရေသေချာဆေး.. လင်ပန်းလေးထဲထည့်ပြီး ဘုရားပန်းကပ်လိုက်ရရင်... စိတ်ကိုချမ်းသာလို့...။ အဲလိုနေ့မျိုးဆို မေမေ့ဆံထုံးမှာလေ ပိတောက်ပန်းလေး တခက်နှစ်ခက်လောက်ရောက်နေတတ်တယ်...။ တအိမ်လုံးကို ပိတောက်ပန်းနံ့တွေကြိုင်လို့..။

ခုကျွန်မရောက်နေတဲ့ နိုင်ငံမှာတော့ လက်တွန်းလှည်းနဲ့ ပိတောက်ပန်းလာရောင်းတဲ့ ဦးလေးကြီးမရှိပါဘူး... ဒါပေမဲ့ ပိတောက်ပန်းတွေရှိတဲ့အတွက်တော့ ကျေနပ်မိတယ်..။ ဒီနိုင်ငံက ပိတောက်ကလဲ ပွင့်နိုင်ခဲလွန်းတယ်.. မိုးဒီလောက်ရွာတာတောင်မှ...။ ကျွန်မမှာ ဒီအိမ်စပြောင်းလာကတည်းက အိမ်နောက်က ပိတောက်ပင်ကြီးတွေကို ကြည့်ပြီး စောင့်နေလိုက်ရတာ.. ဧပြီ တလလုံး....။

ဒီနေ့မနက်အိပ်ရာထတော့ (ဒါနဲ့ စကားမစပ် weekends တွေမှာ ကျွန်မရဲ့ မနက်က နေ့လည် ၁၁နာရီ ၁၂နာလောက်မှ စတတ်တယ်...:D).. ပုံမှန်နေ့တွေလို လုပ်စရာရှိတာလုပ် သူငယ်ချင်းနဲ့ လေပေါနေတုန်း.. ပြတင်းပေါက်မှန်တွေမှာ အရိပ်လာထင်တဲ့ အဝါရောင်ပန်းခက်တချို့ ယိမ်းထိုးနေသလိုလို...။ သေချာအောင်သွားကြည့်လိုက်တော့... အားပါးပါး.. တကယ်ပဲ ပိတောက်တွေ...။ မိုးလေးကလဲ တပြိုက်နှစ်ပြိုက်လောက်ရွာလိုက်သေးတော့.. လေဝှေ့တာနဲ့ ပိတောက်ပန်းရနံ့တွေက ကျွန်မဆီအလုံးအရင်း...။ ကျွန်မနေတာက ခုနစ်ထပ်မှာဆိုတော့ ပန်းတွေပွင့်နေတဲ့ အပင်ထိပ်ဖျားနဲ့ သိပ်မဝေးလှဘူး...။ ခုဆို ပြတင်းပေါက်က လှမ်းကြည့်တိုင်း... ပိတောက်ပန်းတွေကို မြင်နေရတာကိုက ဒီတနင်္ဂနွေရဲ့ စိတ်ချမ်းသာစရာတခုပါပဲ...။

မလိခရဲ့ သင်္ကြန်ကျပါပြီ...။တစ်ရက်ထဲပါ...။ နှစ်တနှစ်ရဲ့ ပိတောက်တွေဝေနေအောင် စပွင့်တဲ့နေ့ပါ။

အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ... :D