Tuesday, May 12, 2009

အယူသီးမှုတွေနဲ့ ကျွန်မ


ကျွန်မ ဘလော့ဂ်ကို ဖွင့်ကြည့်တိုင်း ဘာရေးရင်ကောင်းမလဲ စဉ်းစား .. ပြီးရင် ဘာမှ ခေါင်းထဲရောက်မလာတော့ သူများဘလော့ဂ်တွေလည်.. .. သူများရေးထားတာကြည့်ပြီး.. အမယ် ငါ့မှာလဲ ဒီလိုလေးတွေ ကြုံဖူးတာပဲဆိုပြီး တွေးမိ.. သူများရေးထားတာကို လိုက်ရေးသလို ဖြစ်နေပါ့မယ်လေ... အားနာစရာကြီး ... နောက်ဆုံးတော့ ဘာရေးရမှန်းလည်းမသိဘူးလေ ဆိုပြီးတွေး.... blogger.com ထဲကနေ sign out လုပ် .... ဒီလိုနဲ့ ရက်တွေ တော်တော်များလှပြီ...
ဒီနေ့တော့ ဘလော့ဂ်တွေလည်ရင်း ကိုဇက်တီရေးထားတဲ့ အယူသီးမှုတွေ အကြောင်းဖတ်မိတယ်... ကျွန်မကြုံဖူးခဲ့တဲ့ အကြောင်းလေးတွေလည်း ရေးချင်လာတာနဲ့ ..... ကဲ သူများရေးပြီးသားကို လိုက်ရေးတယ်လို့ ထင်လိုကထင်စေတော့.. (တကယ်လဲ ဟုတ်နေတာပဲ... ဟီးဟီး) ဆိုပြီးရေးလိုက်ပါတယ်...

ကျွန်မငယ်ငယ်ကတည်းက မေမေနဲ့ အမြဲသဘောထားကွဲလွဲပြီး အတိုက်အခံလုပ်ရတဲ့ ကိစ္စတိုင်းက အယူတွေနဲ့ ပတ်သက်ပါတယ်...။ မေမေက ညဖက် လက်သည်းခြေသည်းညှပ်တာ မကြိုက်ပါဘူး...။ ကျွန်မကတော့ သတိရတဲ့ အချိန်မှာ ခြေသည်းလက်သည်းရှည်နေပြီထင်လျှင် ညှပ်တတ်တယ်။ အဲဒီမှာ မေမေနဲ့ ကျွန်မ စကားပြောစရာလေးတွေ ဖြစ်ရတတ်တယ်...။ ကျွန်မက ဘာကြောင့်ညဖက် လက်သည်းမညှပ်ရတာလဲလို့ မေးရင် မေမေ့မှာ အဖြေမရှိပါဘူး...။

နောက်တစ်ခုကတော့ ခေါင်းလျှော်တဲ့ ရက်.. တနင်္ဂနွေ သမီးဖြစ်တဲ့ ကျွန်မကို မေမေက တနင်္ဂနွေ၊ တနင်္လာနဲ့ သောကြာရက်တွေမှာ ခေါင်းမလျှော်ခိုင်းပါဘူး... မွေးနေ့၊ သောကြာ၊ တနင်္လာ မို့ပါတဲ့...။ ငယ်ငယ်ကတော့ အဲဒါဆံပင်ပဲမညှပ်ရတဲ့ ရက်တွေပါဆိုပြီး မေမေနဲ့ အတိုက်အခံလုပ်ပါတယ်...။ နောက်နည်းနည်းကြီးလာတော့.. မြတ်စွာဘုရားက သောကြာနေ့မှာ မွေးပြီး တနင်္လာနေ့မှာ ဆံတော်ပယ်တာမို့ သောကြာနေ့မွေးတဲ့လူတွေပဲ တနင်္လာနေ့ ဆံပင်မညှပ်ကောင်းဘူး မြတ်စွာဘုရားကို တုသလို ဖြစ်မှာစိုးလို့ဆိုပြီး ကြားဖူးနားဝတွေနဲ့ မေမေ့ကို စကားနိုင်လုပြီး... ခေါင်းလျှော်တဲ့ ရက်ကတော့ ကျွန်မထုံးစံအတိုင်း ဆံပင်တွေ စီးကပ်နေသလိုလိုရှိလာပြီဆိုတဲ့ ရက်တွေမှာ လျှော်ပါတယ်...။ မလျှော်လဲမရဘူးလေ... ကျွန်မတို့ အိမ်အောက်ထပ်မှာနေတဲ့ အဒေါ်က ကျွန်မကို Wednesday ကိုခေါင်းမလျှော်ရဘူးတဲ့ လာဘ်တိတ်တတ်တယ်တဲ့ ... သူကတော့ စီးပွားရေးသမားကိုး...။ နောက်ပြီး ဘွားဘွားရှိတုန်းက ဖေဖေနဲ့ မေမေခရီးထွက်နေရင် အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်မကို ခေါင်းမလျှော်ခိုင်းပါဘူး...။ ဘာကြောင့်လဲမေးမရပေမဲ့ မလျှော်ခိုင်းတာကတော့ တကယ်...။ ကဲ ဘယ်မလဲ ကျွန်မ တရားဝင်ခေါင်းလျှော်ရမဲ့ရက်....။ ကျွန်မကလဲ လျှော်ချင်ပြီဆို လျှော်ပစ်လိုက်တာပဲ... အဆူခံရတော့မှ ရေချိုးရင်း ခေါင်းရေစိုသွားလို့ ဆိုပြီး ကူလီကူမာလုပ်တတ်ပါတယ်...။ အဲဒီလိုနေ့မျိုးဆို မေမေရော ဘွားဘွားရှေ့ကိုပါ ဖြတ်မလျှောက်ရဲလောက်အောင် တွေ့တိုင်း အဆူခံရတယ်....။

နောက် အသက်တွေကြီးလာတော့မှ မဖြစ်ခဲ့ရင်ကိစ္စမရှိဘူး ဖြစ်လာတော့မှ ငါမလုပ်ပဲနေခဲ့ရင်ကောင်းသားဆိုတဲ့ နောင်တမျိုးရမှာစိုးလို့ အမေ့အိမ်ပြန်ရင် မေမေစိတ်တိုင်းကျ နေဖြစ်သွားတယ်...။ (အဲဒါကြောင့်နဲ့ တူတယ် အမေက ကျွန်မကို ကြီးမှ လိမ္မာလာတယ်တဲ့... ကျွန်မကိုယ်ကျွန်မတော့ သိပ်မထူးသလိုပဲ.. ဟဲဟဲ).။ ဒီမှာတော့ ညှပ်ချင်တဲ့ အချိန်ညှပ် လျှော်ချင်တဲ့ အချိန်လျှော် ကျွန်မစိတ်ကြိုက်ပဲ.....။

နောက်ကျွန်မ ဂျီတီစီတက်တော့ သူငယ်ချင်းမလေး တစ်ယောက်နဲ့ ခင်တယ်....။ သူက ခပ်ဂျစ်ဂျစ်ကလေး..။ လုပ်ချင်ရာလျှောက်လုပ်တယ်..။ ဒါပေမဲ့ သူ့အမေဆူမှာတော့ ကြောက်တတ်တယ်..။ နားပူလို့တဲ့လေ..။ သူ့လို အတွေးအခေါ်ပွင့်လင်းတဲ့ ကောင်မလေးမှာလည်း အစွဲအလမ်းတစ်ခုရှိနေတာသိတော့ ကျွန်မအံ့သြရသေးတယ်..။ သူ ကျူရှင်ပြေးတာတို့ ကျောင်းပြေးတာတို့ သူ့အမေသိပြီဆိုရင် အဆူမခံရအောင် အိမ်အပြန်လမ်းမှာ မြက်ပင်လေးတစ်ပင်ကို နုတ် ... လွယ်အိတ်ထဲထည့်ပြီး.. လွယ်အိတ်အပေါ်ကနေ မြက်ပင်လေးကို ငါ့ဒဏ် နင်ခံဆိုပြီး ၇ချက်ပုတ်ရင် အဲဒီနေ့ သူအဆူမခံရဘူးတဲ့ သူ့လက်တွေ့တဲ့....။

ကျွန်မလဲ အဲဒီလို ကျူရှင်လစ်ပြီး အသိတစ်ယောက်ကတွေ့လို့ မေမေတော့ ပြန်သိတော့မှာပဲ... ငါတော့ အဆူခံရတော့မှာပဲဆိုပြီး စိုးရိမ်သောကတွေနဲ့ အိမ်ပြန်ရတဲ့ နေ့တွေမှာ သူမပြောတာကို သတိရမိတတ်တယ်...။ မြက်ပင်လေးကို ဆွဲနုတ်ရင်ကောင်မလားဆိုပြီး လက်လှမ်းမိသေးတယ်... နောက်မှ အို- သူ့ဘာသာနေတဲ့ မြက်နဲ့ ဘာမှမဆိုင်ဘူး.. ကိုယ်လုပ်တာ ကိုယ်ခံဆိုပြီး.... စိတ်ဒုံးဒုံးချလိုက်တော့ စိတ်တွေက ပေါ့ပါးသွားတာပါပဲ...။ အဲဒါကြောင့် သူပြောတာမှန် မမှန်ကျွန်မခုထိမသိရသေးဘူး..။ လွန်ခဲ့တဲ့ ၄နှစ်လောက်က ညီမလေးလိုခင်တဲ့ ကောင်မလေးတစ်ယောက်ကို အစွဲအလမ်းတွေဆိုတာ မကောင်းကြောင်းနဲ့ အဲဒီမြက်ပင်လေး အကြောင်းလေးကို ပြုံးစရာလေး အနေနဲ့ပြောပြဖူးတယ်...။ ညီမလေးနဲ့ပြန်တွေ့တော့ သူက ၀မ်းသာအားရနဲ့ မ... ပြောတဲ့နည်းကို သမီးခုထိ သုံးနေတုန်းပဲ... အသုံးကျတယ် မ..ရဲ့..... တဲ့...။ ကျွန်မ ဘာပြောရမှန်းမသိဖြစ်သွားတယ်...။ တကယ်တော့ ကျွန်မပြောခဲ့မိတာ အစွဲအလမ်းတွေ မကောင်းကြောင်းပါ...။

ပိုလီ တတိယနှစ်ရောက်တော့ ကျွန်မတို့ ငါးယောက်ပရောဂျက်အဖွဲ့မှာ ယောင်္ကျားလေး၃ယောက်.... indian ရယ် တရုတ်ရယ် မလေးရယ် သုံးယောက်လုံး စလုံးတွေ...။ ပြီးတော့ ကျွန်မနဲ့ စလုံးတရုတ်မလေး ရယ်..။ အားလုံးက သဘောကောင်းကြပါတယ်...။ ကောင်လေးသုံးယောက်ကလဲ ကျွန်မတို့နှစ်ယောက်ကို ဆို ယောင်္ကျားလေးပေါင်း ပေါင်းကြတာ...။ ကျွန်မတို့ ပရောဂျက်က ဘက်တီးရီးယားတွေနဲ့ ပတ်သက်တာဆိုတော့ အချိန်တော်တော်များများက labထဲမှာပဲကုန်သွားတတ်တယ်...။

တနေ့တော့ ဘက်တီးရီးယားတွေကို plate အသစ်ပြောင်းပြီး အခြောက်ခံထားတုန်း အားယားပျင်းရိနေကြတယ်..။ မလေးကောင်လေးက Lab ထဲမှာ ပိုးသတ်ဖို့ထားတဲ့ 70%ethanol spray ကို သူ့ လက်အိတ်ဝတ်ထားတဲ့ လက်ဖ၀ါးပေါ်ဖျန်းဆော့နေရင်း သူ့တံတောင်ဆစ်ကို ကျွန်မပုခုံးပေါ်တင်ထားတယ်...။ သူ့ ခန္ဒာကလဲ Popeye spinach စားပြီးစလို ပုံစံမျိုးဆိုတော့ ကြာတော့ ညောင်းလာတယ်..။ အဲဒါနဲ့ ငါ့ပုခုံးပေါ် လက်မတင်နဲ့ ငါ့ကို ယောက္ခမနိုင်လိမ့်မယ်လို့ နောက်လိုက်တာ... ကြားသွားတဲ့ စလုံးမလေးက ကျွန်မကိုမေးတယ်...။ ငါတို့တွေ ပြောလေ့ရှိတဲ့ superstiotion တစ်မျိုးလို့ ပြောလိုက်မိရာက နောက်တစ်နှစ်လုံး ဘယ်သူမှ သူ့ပုခုံးပေါ်လက်တင်တာ မခံတော့ဘူး..။ ဟိုသုံးကောင်ကတော့ မကြိုက်လေ ပိုစလေနဲ့ သူတို့ နောက်စရာတစ်ခုရသွားတယ်...။

သူများတွေရဲ့ အစွဲအလမ်းတွေကို ပြောင်သလို လှေင်သလို ဖောက်သည်ချပြီးတဲ့ သကာလ ကျွန်မအကြောင်းကို ဖောက်သည်ချပါမယ်...။

ကျွန်မမေမေတို့က မိုးကောင်းနားက နမ္မတီးဆိုတဲ့ မြို့လေးကပါ..။ အရင်ကတော့ သကြားစက်ရှိတဲ့မြို့ဆိုပြီး ပထ၀ီမှာ သင်ခဲ့ရတယ်...။ အဲဒီဖက်ကလူတော်တော်များများက ဖားကန့်မှာ ကျောက်သွားတူးလေ့ရှိကြတာ ဟိုးအရင်ကတည်းကပါ...။ ကျွန်မ ဦးလေးတွေ အဘိုးလေးတွေလဲ အပါအ၀င်ပေါ့...။ ကျွန်မငယ်ငယ်က နွေရာသီ အဲဒီကိုသွားလည်ပြီဆို ရေတွင်းဘေးမှာ ကျောက်သွေးနေတဲ့ အဘိုးလေးကို တွေ့ရတတ်တယ်...။ ဘေးနားမှာထိုင်ကြည့်ရင်း အဘိုးမလိုလို့ ပစ်ထားတဲ့ အထဲက ကျောက်သား ဖြူနှစ်နှစ်ထဲမှာ အစိမ်းရောင် အစက်ကလေးတွေ့ရပြီဆို ကျွန်မက ကောက်သိမ်းထားတယ်...။ အဲဒီကျောက်စိမ်းလေးတွေကို အကျီင်္အိတ်ကပ်ထဲ ကောက်သိမ်းနေရင်းက ဦးလေး ပေါက်စနတွေက ကစားဖို့လာခေါ်ရင် ငေါက်ကနဲ ပါသွားပြန်တာပါပဲ...။ ကျွန်မနဲ့ အတူတူ အဲဒီ ကျောက်စိမ်းလေးတွေပါလာတဲ့နေ့ဆို တစ်ခုမဟုတ်တစ်ခုဖြစ်တတ်တယ်...။ ဖိနပ်ပြတ်တာက အစ စက်ဘီးမှောက်တာအဆုံးပေါ့...။ ဒါပေမဲ့ ကလေးအရွယ် ကစားရင်း ဖိနပ်ပြတ်တာ .. မစီးတတ် စီးတတ်စီးလို့ စက်ဘီး မှောက်တာ အထူးအဆန်းမှ မဟုတ်ပဲလေ...။

နောက်ကြီးလာတော့ မေမေက ကျောက်စိမ်းနားကပ်လေးဆင်ပေးတယ်...။ အဲဒါဝတ်သွားတဲ့နေ့ဆို ကျွန်မစီးတဲ့ ဘတ်စ်ကား ဘီးပေါက်တာတို့... အားလုံးအတူတူလုပ်တဲ့ ကိစ္စကို ဆရာက ကျွန်မကိုပဲ ဦးတည်နာမည်တပ်ပြီး ဆူတာခံရတာတို့.... အဲဒီလိုမျိုးတွေကြုံရတတ်တယ်....။ အမျိုးမျိုး စမ်းသပ်ပြီး သကာလမှာတော့ ယုံလိုက်ရတယ်....။ ကျောက်စိမ်းနဲ့ ကျွန်မ ကီးမကိုက်ဘူးဆိုတာ...။ အဲဒါကိုတော့ အယူသီးမှုလို့ခေါ်မလား.... အစွဲအလမ်းလို့ခေါ်မလား... ကျွန်မမသိဘူး...။ မကောင်းတာတစ်ခုကတော့... ကျွန်မမေမေဘက်က အမျိုးတွေက ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ ကလစ်ကလေးတွေ၊ ရင်ထိုးလေးတွေ၊ ဖုန်းကြိုးလေးတွေ လက်ဆောင်ပေးတိုင်း အဲဒီပစ္စည်းလှလှလေးတွေကို ကြည့်ပြီး လိုချင်ရက်နဲ့ တစ်ခုခုဖြစ်မှာ ကြောက်စိတ်ကြောင့် သူများကို တဆင့်ပြန်ပေးပစ်လိုက်ရတယ်.....

ဆိုးပကွယ်..... :(

3 comments:

မိုးကောင်းသူ said...

အစ်မတို့ အိမ်မှာလဲ အမေတို့ အဒေါ်တို့က အဲလိုပဲ အယူသီးတာတွေရှိတယ်။ အစ်မကတော့ အယူသီးမှုက စိတ်ကပဲ ဆိုင်တာပဲ။ အသေအချာတော့ မပြောတတ်ဘူးနော်။ အစ်မက ကျောက်စိမ်းဆို အရမ်းကြိုက်တယ်။ ကျောက်စိမ်းနယ်မှာ မွေးခဲ့လို့လားမသိ။

မလိခ said...

ကျွန်မလဲ ကျောက်စိမ်းကြိုက်တယ်မမ... စိမ်းလွန်းပြီး အနက်ရောင်ဖက်ခပ်များများ ကျောက်စိမ်းမျိုးကိုပိုကြိုက်တယ်... ဒါပေမဲ့ ခုထိတော့ မ၀တ်ရဲသေးဘူး ကြောက်နေတုန်းပဲ... :)

မိုးကောင်းသူ said...

balck jade ကို ပြောတာဖြစ်မယ်။ ဟုတ်လား။