Tuesday, May 26, 2009

မောင်လေး

ခုတလော သူများဘလော့ဂ်တွေမှာ မပီကလာပီကလာအသံနဲ့ ကွန်မန့်တွေလိုက်ပေးနေမိတယ်...။ တကယ်က ကျွန်မ မောင်လေးကိုသတိရနေမိတာပါ...။

ကျွန်မ ဖေဖေရော မေမေရောက မွေးချင်းနည်းကြတယ်...။ ဖေဖေ့မှာက အစ်ကိုတစ်ယောက်... မေမေ့မှာက ညီမတစ်ယောက်... ဒါပဲရှိတာ..။ ဖေဖေနဲ့မေမေ မွေးထားတဲ့ သုံးယောက်မှာ မိန်းကလေးက ကျွန်မတစ်ယောက်တည်း..။ ဖေဖေ့အစ်ကို ကျွန်မဘကြီးမိန်းမ မွေးထားတာက တစ်ဦးတည်းသောသား...။ မေမေ့ညီမ ကျွန်မအဒေါ်ကျတော့လဲ ကျွန်မမိသားစုလို သားနှစ်ယောက် သမီးတစ်ယောက်...။ တ၀မ်းကွဲရယ်လို့အားလုံးပေါင်းရင်တောင် ဆယ်ယောက်မပြည့်ဘူး..။

တ၀မ်းကွဲတွေထဲမှာ အကြီးဆုံးကျွန်မနဲ့ အငယ်ဆုံးဖြစ်တဲ့ ဒေါ်လေးရဲ့သားငယ်လေးက ၁၆နှစ် ၁ရနှစ်လောက်ကွာတယ်..။ သူ့ကိုမွေးတုန်းက သူ့ကိုကြည့်ပြီး အသည်းတွေယားရတာ အရမ်းပဲ...။ နီတာရဲလေး..။ ပြီးတော့ ဖနောင့်ရိုးက ကျွန်မမြင်ဖူးခဲ့တဲ့ တခြားကလေးတွေထက်ပိုရှည်နေသလိုလို...။ သူ့ရဲ့ငယ်ထိပ်ရိုးလေးမမာသေးတော့ အသက်ရှုလိုက်တိုင်း ငယ်ထိပ်လေး လှုပ်သွားတာကိုကြည့်ပြီးလည်း ကျွန်မအသည်းယားခဲ့ရတယ်..။

ကျွန်မဒီလောကနိဒါန်းချီနေတဲ့ မောင်လေးရဲ့နာမည်က ဘုန်းမြင့်မြတ်တဲ့..။ အငယ်ဆုံးဆိုတော့ အားလုံးက အလိုလိုက်ထားတော့ နည်းနည်းဆိုးချင်တယ်...။ သူက နားလည်စအရွယ်ကတည်းက သူ့ကို မချစ်ဘူးလို့များပြောလိုက်ရင် အတင်းလူပေါ်ကို ကုပ်ကပ်တက်ပြီး... လည်ပင်းကို အတင်းဖက်ပြီး `တားတားကိုချစ်.. တားတားကိုချစ်´ဆိုပြီး ပြောတတ်တယ်...။ သူဖက်တယ်ဆိုတာက လည်ပင်းညှစ်သလောက်ကို နာတယ်...။ စကားတတ်သလောက် စကားမပီတော့... သူပြောသမျှ ကျွန်မတို့မှာရယ်စရာချည်းပဲ...။

သားသားနာမည်ဘယ်လိုခေါ်လဲ လို့မေးရင်...ဘုန်းညင့်ညက်တဲ့...။ သူ့အမေက သူမလုပ်ချင်တာ တစ်ခုခုများလုပ်ခိုင်းပြီဆိုရင် ဘာပြောတယ်မှတ်လဲ သူ့အမေကို....။ `မေမေကြီးကလဲ ဂျွတ်´...တဲ့။ ဘာများပြောတာပါလိမ့်..ပေါ့..။ လူရွှင်တော်တွေ ပြက်သလို... သူပြောချင်တာက `မေမေကြီးကလဲ ဇွတ်´...ပါ။ သားသားရေလို့...သူ့ကိုခေါ်ရင်တော့ ပြန်ထူးတာက `ဂျာ´တဲ့...။

သူလူလည်ကျတာတွေလဲ ရှိသေးတယ်...။ သူ့ကိုမူကြိုစထားတော့.. သူ့ထက်လပိုင်းကြီးတဲ့ ကျွန်မတို့ရဲ့ နှစ်ဝမ်းကွဲညီမလေးနဲ့ အတူတူထားတယ်...။ ကျွန်မဒေါ်လေးက သူ့ကိုမုန့်ထည့်ပေးရင် သူ့အတွက်အပြင် အဲဒီညီမလေး အတွက်ပါ.. ထည့်ပေးတယ်... ပြီးရင် `သားရေ.. ဒါ မမဂျူဂျူး အတွက်နော်... မမဂျူဂျူးကိုလည်းမုန့်ကျွေးလိုက်´လို့မှာတယ် ...။ အဲဒီလိုမုန့်တွေထည့်ပေးပြီး တော်တော်ကြာမှ သိရတာက... သူကကျောင်းရောက်ရင်.. ဂျူဂျူးလေး အတွက်မုန့်ကိုတော့ `ဒါ မမဂျူဂျူး အတွက်´ ဆိုပြီးတော့ ပေးတယ်တဲ့... ပြီးရင်တော့... သူ့မုန့်ကုန်တာနဲ့ `သားသားက အငယ်.. မမဂျူဂျူးကအကြီးဆိုတော့ ဒီမုန့်တွေကို သားသားပဲစားလိုက်တော့မယ်နော်´... ဆိုပြီး... ဂျူဂျူးလေး အတွက်မုန့်ကို သူပဲစားပစ်တယ်တဲ့...။ လုစားတာမဟုတ်တော့ စိတ်ဆိုးရခက် ရယ်ရခက်နဲ့...။

နောက် မူကြိုမှာ သူ မိဘအခေါ်ခံရသေးတယ်...။ သူများထိုင်မဲ့ ခုံကို နောက်က သွားဆွဲလိုက်တာ ဟိုကလေးခေါင်းပေါက်သွားလို့...။ ဟိုဖက်မိဘကလဲ ခပ်သည်းသည်း... ကျွန်မမောင်လေးကလဲ ခပ်ကဲကဲဆိုတော့ သူ့မိဘတွေ တော်တော်တောင်းပန်ယူလိုက်ရတယ်...။ သူ့အမေကလဲ အရိုက်ကခပ်ကြမ်းကြမ်းဆိုတော့ အိမ်ရောက်တော့ သူအဖျင်ခံရတယ်...။ သူအရိုက်ခံရရင်သာ ရိုက်တဲ့သူ့အမေရော ဘေးကကျွန်မတို့ပါ စိတ်မကောင်းဖြစ်ကြရတာ...သူကတော့ အေးဆေး...။

တစ်ခေါက်က... သူ့မေမေ သူ့ကို ကျောင်းသွားကြိုတော့ ဆရာမက တိုင်ပြောလေး ပြောတယ်...။ သူကော်ဖီကို စားပွဲပေါ်တင်ထားပြီး အပြင်ခဏသွားလိုက်မိလို့ကတော့ ဘုန်းမြင့်မြတ်စာမိတာပဲတဲ့...။ ပြန်လာလို့ ဘယ်သူသောက်တာလဲလို့ မေးရင် သားသားသောက်တာဆိုပြီး ရုပ်က ပြုံးစိစိနဲ့တဲ့...။ အဲဒီနေ့ကလဲ လက်ဖ၀ါးကို ခပ်ဆတ်ဆတ်လေးဖျင်တာခံလိုက်ရတယ်...။

မျက်လုံးရွဲကြီးနဲ့ ချစ်မွှေးပါတဲ့ သူ့ကို သူဘာလုပ်လုပ် ချစ်နေကြတော့... တခါတခါသူ့အမေရိုက်တာကို သူကြောက်ရတာလေးလဲရှိဦးမှ ဆိုပြီး..မတားမိကြဘူး...။ သူကိုယ်တိုင်ကလဲ သူ့ကိုလူတွေချစ်မှန်းသိပုံပဲ...။ တခါက သူ့မူကြိုမှာ... သူက သူ့ထက်နည်းနည်းကြီးတဲ့ကလေးတွေဆီပဲ သွားသွားနေလို့ ဆရာမက အတန်းပြောင်းမယ်လို့လဲပြောလိုက်ရော... ချက်ချင်း သူ့ပစ္စည်းတွေကောက်သိမ်း.... မျက်ရည်ဝဲ၀ဲ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ မူကြိုကျောင်းအောက်ကို သူ့ဘာသာဆင်းပြီး အိမ်ပြန်မယ်လုပ်လို့ ဆရာမတွေက အတင်းချော့မော့ယူလိုက်ရတယ်...။ ဒါတောင် သူက နည်းနည်းမူချင်ချင်ရုပ်နဲ့တဲ့...။

နောက်တစ်ခုက ကျွန်မဒီရောက်ပြီးမှ ကြားရတဲ့သတင်း...။ သူ့မေမေက ကလေးတွေနဲ့ ပတ်သက်ရင် လောဘကခပ်ကြီးကြီးဆိုတော့... သူတို့ အငယ်နှစ်ယောက်ကို အိမ်မှာ ကျူရှင်ဆရာမခေါ်သင်တယ်...။ ဆရာမဆိုပေမဲ့ ကျွန်မနဲ့ မတိမ်းမယိမ်းဆိုတော့ အဒေါ်က သူ့ကို `သမီး´လို့ခေါ်တယ်...။ တစ်နေ့တော့ အဒေါ်က ကိစ္စရှိလို့ ပဲခူးကိုသွားရတယ်...။ အိမ်မှာ ကလေးနှစ်ယောက်နဲ့ အိမ်ဖော်ကောင်မလေးပဲကျန်ခဲ့တယ်..။ ကောင်မလေးက ဘာမှ သိတာမဟုတ်ဘူး...။ ညနေသူ့အမေပြန်ရောက်လာတော့ ဆရာမက ပြုံးစိစိနဲ့ သူ့အမေကို ပြတယ်... ။ ဆရာမ မလာခင်ရေးထားတဲ့စာတဲ့..။ဝှိုက်ဘုတ်ပေါ် ရေးထားတာက ` သမီး... အန်တီဒီနေ့ သွားစရာရှိလို့ ကလေးတွေကို စာမသင်ပါနဲ့တော့...။ မုန့်ကျွေးပြီး အိပ်ခိုင်းထားလိုက်ပါ´ ဆိုပြီး အောက်မှာ အဒေါ့်နာမည် အကျအနနဲ့...။ ခက်တာက ပဲတီပင်ပေါက်ဖြစ်နေတဲ့ ဘုန်းမြင့်မြတ်ရဲ့လက်ရေး...။ သူ့အထက်က အစ်မက သူဘာမှ မသိဘူးတဲ့....။ ဟိုကောင်ကတော့ ထုံးစံအတိုင်း ပြုံးစိစိနဲ့...။

ညနေ ကျောင်းက ပြန်ရောက်ရင် အင်္ကျီမလဲသေးပဲ.. `မမကြီးရေ´ ဆိုပြီး ကျွန်မဆီရောက်ရောက်လာတတ်တယ်...။ မြန်မာနိုင်ငံ ပြန်တိုင်း အမေကို တအားခင်တဲ့သူက ကျွန်မရန်ကုန်မှာ အိပ်တဲ့ညတိုင်း ကျွန်မနဲ့လာအိပ်တယ် ... မအိပ်ရရင် ဂျီကျတယ်... အိပ်မက်ထဲထိတောင်ယောင်တယ်တဲ့..`မမကြီးဆီ သွားမယ်´ လို့....။

သူဆိုးတာ ရှိသေးတယ်...။ သူ့အဖေဆိုးတယ်လို့ပဲ ပြောရမလားမသိဘူး...။ သူ့ကို ဘီယာတိုက်တဲ့ ကိစ္စ။ အဲဒီကလေး က ဘီယာတစ်ခွက်ဆို တဂွက်ဂွက်နဲ့ တဆက်တည်းသောက်နိုင်တယ်...။ သူ့အဖေညီအစ်ကိုတွေ သွားသောက်ပြီဆို သူပါလိုက်တယ်...။ သူ့အမေကတော့ဆူတယ်... ။ သူ့အဖေကိုယ်တိုင်ကသောက်တော့ အဒေါ်က လဲပြောရခက်နေပုံ...။ ကျွန်မကတော့ မကြိုက်ဘူး... ဘာလဲကလေးကို။ ... ကြီးမှ သူ့ဆုံးဖြတ်ချက်နဲ့သူမိုက်တာကို ကျွန်မမပြောလိုဘူး...။ ကျွန်မလဲ အရက်သောက်ခဲ့ဖူးတာပဲ..။ ဘာမှ မဆုံးဖြတ်နိုင်သေးတဲ့အရွယ် ဘီယာသောက်တာကောင်းတယ်လို့ထင်အောင်တော့ မလုပ်စေချင်ဘူး...။

ကျွန်မပြန်တုန်းကတော့ ကျွန်မနားပဲကပ်နေတဲ့ သူ့ကို မူးယစ်စေတဲ့ အရက် သေစာသောက်ရင် မစင်ပုပ်ငရဲမှာ နှစ်ရာချီပြီး ငရဲကျတတ်ကြောင်းကို သူ့မျက်လုံးထဲမြင်အောင် ပြောပြတယ်...။ ထင်တဲ့အတိုင်းပဲ ပါပါကြီးတို့ကရော ဘာလို့သောက်တာလဲတဲ့.. ပြန်မေးတယ်..။ သားပါပါကြီးက အဲဒီလောက်ငရဲကြီးတတ်မှန်း မသိလို့နေမှာပေါ့လို့.. ပြန်ဖြေလိုက်ရတယ်...။ ၈နှစ် ၉နှစ်အရွယ် ကလေးအတွက် မှန်ကန်လုံလောက်တဲ့ အဖြေမှ ဖြစ်ရဲ့လားလို့တော့ ကျွန်မသံသယဖြစ်မိတယ်...။ သူ့မိဘကို အမြင်မမှားစေချင်သလို ဘီယာသောက်တာကိုလဲ မကောင်းတာလုပ်တာ မဟုတ်ဘူးလို့ မထင်သွားစေချင်ဘူးလေ...။ အသက်ကြီးလာတော့မှ မကောင်းမှန်းသိသိကြီးနဲ့ ဆက်လုပ်တာကတော့ သူ့သမိုင်းသူရေးမဲ့ကိစ္စ..။

ဟိုတစ်လောက အဒေါ်နဲ့ ဖုန်းပြောဖြစ်တော့ သူ့ဘကြီးတွေနဲ့ အပြင်သွားတာ သူဘီယာမသောက်တော့ သူ့ဘကြီးက အံ့သြနေတယ်တဲ့... အိမ်ရောက်တော့မှ သူ့မေမေကို ဘီယာသောက်ရင် ဘယ်လိုငရဲကြီးတတ်ကြောင်းကို ကျွန်မပြောတဲ့ အတိုင်းပြန်ပြောပြတယ်တဲ့...။ သူ ငရဲကြီးမှာကြောက်လို့ မမကြီးစကားပဲနားထောင်တော့မယ်တဲ့...။ အဲဒါကိုပြန်ကြားရတော့ ကျွန်မ၀မ်းသာမိတာ မျက်ရည်တောင်ဝဲတယ်...။

ခု ကျွန်မသူ့ကို သတိရနေတယ်....။

4 comments:

အပြုံးပန်း said...

ကလေးလေးလိမ္မာအောင် ဆုံးမတတ်တဲ့ မလိခရေ၊ မောင်လေးက ချစ်ဖို့ကောင်းမယ့်ပုံပဲ။
ကိုယ့်ကိုလည်း မာမီလို့ခေါ်တဲ့ တူမလေးတယောက်ရှိတယ်။ သူနဲ့ ကိုယ်နဲ့က အလိုလို စိတ်ချင်းဆက်သွယ်ကြတယ်။ စကားပြောစရာမလိုပဲ
သူက ကိုယ့်ရဲ့အချစ်ကို သိတယ်။

ကိုလူထွေး said...

မစင်ပုပ်ငရဲမှာ နှစ်ရာချီပြီး ကျမယ်တဲ့...

မမက မောင်ရေးကို တဂယ်ကြောတာရားဟင်..

ဟားဟား...

၈ နှစ်သားအရွယ်ကတော့ လွှတ်ငယ်သေးတာပေါ့...

နောက်ဆိုငရဲကျမယ်လို့  မချိမ်းခြောက်နဲ့ ... အမှန်အတိုင်း အသဲကျွမ်းပြီး သေတတ်တယ်ဆိုတာ ရှင်းပြ...

ကလေးကတဲက အမှန်အတိုင်းသိထားတော့ အရွယ်ရောက်တဲ့အခါ ပိုပြီး စဉ်းစားဆင်ခြင်နိုင်တာပေါ့..

Anonymous said...

ဟေး...ငါလာသွားတယ်...
ဒီတစ်ပုဒ်ကို ဖတ်ရတာနည်းနည်းလေးပေါ့နေသလိုပဲ...

မလိခ said...

ှုဟေးး ဇာမဏီ ငှက်စုတ်မ ခုမှလာတယ်... ဟွန့်..
အေး.. ဖြစ်နိုင်ပါတယ်... နင်က ဘုန်းမြင့်မြတ်ကို အပြင်မှာ မြင်ဖူးတာကိုး. ငါ့အရေးအသားက အပြင်မှာ မြင်ရသလောက် ပြည့်စုံအောင်မရေးနိုင်တော့ ပိုပေါ့သလိုဖြစ်သွားတာပေါ့..ငါလဲသိပ်စိတ်တိုင်းမကျဘူး..
ဝေဖန်တာ ကျေးဇူး...