Friday, May 22, 2009

အမှတ်တရ nick

ကိုယ့်cbox မှာကိုယ် ပျင်းတယ်လို့အော်တတ်လို့ထင်တယ်.. နေခြည်က ပျင်းနေမှာစိုးလို့ဆိုပြီး လာတဂ်သွားတယ်..။ ဘလော့ဂ်စရေးကတည်းက ခုထိ ပထမဆုံးတဂ်ခံရတာပါ..။ အရင်ကတော့ သူများဘလော့တွေမှာ အချင်းချင်းတဂ်ကြတာကို လိုက်ဖတ် သဘောတွေကျ.. ကွန်မန့်တွေပေးနဲ့ ... ခုတော့လာပါပြီ... မလိခတို့ အလှည့်။

စစချင်း `အမှတ်တရ nick´ လို့ရေးပြီးတာနဲ့ ငယ်ငယ်ကချစ်ခဲ့ရတဲ့ ငယ်ချစ်လေး nick carter ကိုပြေးသတိရမိသေးတယ်... နောက်ဖေးလမ်းကြားကကောင်လေးတွေ မို့ ချစ်လျက်နဲ့ လမ်းခွဲခဲ့ကြတာပေါ့.... ခုတော့ သူ့ရုပ်က ရွဲသလိုလိုမို့... ကိုယ်ထားခဲ့မိလို့များ ဒီလိုဖြစ်သွားသလားလို့ စိတ်မကောင်းဖြစ်မိသေးတယ်... (ဟီဟိ... ပါးစပ်အရသာရှိလိုက်တာ)... ကဲလေ အတိတ်တွေ အတိတ်မှာပဲရှိစေတော့..... နာမည်လေးအကြောင်းပဲ စတော့မယ်.... :D

မလိခ.... မလိခ..... မလိခ... အဲဒီမလိခ ဘယ်လိုဖြစ်လာတာလဲဆိုတော့.. ဒီလို...။ ကျွန်မ ဘလော့ဂ်စရေးဖို့ စိတ်ကူးမိတော့.. နာမည်စစဉ်းစားမိတယ်...။ ဘာနာမည်ပေးရင်ကောင်းမလဲပေါ့...။ ကျွန်မနာမည်ရင်းက ရိုးတယ်ရှင့်.. နာမည်တူအများကြီးရှိတဲ့နာမည်မျိုး...။ တနင်္ဂနွေသမီးမို့ တနင်္ဂနွေနံကို သောကြာနံလိုက်တဲ့နာမည်။ ဆယ်တန်းတုန်းက ဘိုင်အိုကျူရှင်မှာ တစ်ယောက်တည်း လက်မလည်အောင် စကားများနေတုန်း ဆရာမက ဘာနေ့သမီးလဲတဲ့... နဂိုရုပ်စပ်ဖြီးဖြီးနဲ့ တနင်္ဂနွေသမီးပါချယ်... လို့ပြန်ဖြေလိုက်တယ်..။ အဲဒီတနင်္ဂနွေကို သောကြာနံနဲ့တွဲလိုက်လို့ ညည်းဒီလောက် စကားများနေတာတဲ့...။ ဘာမှလဲမဆိုင်ဘူးလို့တော့ ထင်မိတယ်..။ ဒါပေမဲ့.. စာသင်ချိန် စကားများမိတာ ကိုယ့်အမှားဆိုတော့လဲ အောင့်သက်သက်နဲ့ ...။ သြော်... လိုရင်းမရောက်ပြန်ဘူးရေးရင်းနဲ့... အဟဲ...။ ဆိုလိုချင်တာကတော့ နာမည်ရင်းက ဘလော့ဂ်အတွက် သုံးလို့သိပ်မကောင်းဘူးပေါ့...။

နဂိုကတည်းက နာမည်လှလှဆို ကြိုက်တော့ လျှောက်စဉ်းစားတာပေါ့...။ လှုပ်လှုပ်လဲ့လဲ့ သော်မော်အရည်ပျော်တို့ (ကိုကိုသွပ်ကာတွန်းထဲမှာ ဖတ်ဖူးသလိုလို).. တောင်လေတိုက်လို့ မြောက်ဘက်ယိုင် ဒေ၀ီဒူးပျော့ခွေတို့ .....အဲဒီလိုနာမည်ကအစ... ရွှေကနုတ်တို့.. မေတရုတ်တို့... ခြေသုတ်တို့... စုံနေတာပါပဲ...။ ကိုယ်က မိန်းကလေးရယ်လို့လဲ နုနုနွဲ့နွဲ့ရှိတာမဟုတ်တော့.. သိပ်မိန်းမဆန်ပြီးနုနွဲ့တဲ့ နာမည်ကျတော့.. ကိုယ်ပဲမဟုတ်သလိုလို... ကိုယ်နဲ့ တစ်သားတည်းမဖြစ်သလိုလို...။

နောက်ဆုံးအရင်းစစ်တော့ မွေးဌာနီဆီရောက်သွားတယ်...။ အဲဒီမှာရေခဲတောင်တွေရှိတယ်... မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီကိုမွေးတယ်...။ ဒါဆိုဧရာဝတီလို့ပေးရင်ကောင်းမလား... စဉ်းစားသေးတယ်..။ ဒါပေမဲ့ ကျွန်မမှာ ဧရာလို့ခေါ်တဲ့သူငယ်ချင်းမလေးရှိနေတယ်...။ သူ့နာမည်ခေါ်တိုင်း နဖူးပြောင်ပြောင်နဲ့ လူရွှင်တော်ကြီးပဲ ပြေးမြင်နေတတ်လို့ ..... အင်း မဖြစ်ချေဘူးကွယ်ဆိုပြီး ပယ်တယ်...။ ဒါဆို သူ့မာမီနဲ့ ဒက်ဒီဆိုရင်ရောလို့တွေးမိတယ်...။ အဲဒီဖက်မှာ မေခနဲ့ မလိခကို မြစ်ဖို မြစ်မရယ်လို့တင်စားကြတယ်..။ ရေစီးပိုသန်တာ မြစ်ဖို... သိပ်မသန်တာမြစ်မပေါ့..။ သို့ဆိုသော်ငြားလည်း... ဗဟုသုတ ပြည့်စုံတဲ့ကျွန်မက ဘယ်ဟာက မြစ်မ... ဘယ်ဟာကမြစ်ဖိုမှန်းမသိပါဘူး..။ အဲဒီတော့ ထုံးစံအတိုင်း ရမ်းသမ်းပြီး... အဲလေ... ပညာရှိပီပီ`မေ´ပါတဲ့ မေခက မြစ်မဖြစ်လိမ့်မယ် လို့ တွေးကြည့်လိုက်ပါတယ်...။ ပြီးတော့ ငယ်ကစွဲတဲ့ အကျင့်လေးတစ်ခုက လူကြိုက်များတာဆိုရင် ကောင်းမှန်းသိရင်တောင် အရွဲ့တိုက်ပြီး မကြိုက်ပဲနေတယ်...။ အဲဒါနဲ့ပဲ မိန်းကလေးဆို `မေခ´ပဲဖြစ်ကြတာများလို့ ကွန့်ပြီး.. `မလိခ´လိုက်တယ်။ ကိုယ်က ဧရာဝတီရဲ့ ဒက်ဒီပေါ့... လူမင်းတော့မဟုတ်ဘူး... မလိခ..ဟဲဟဲ

လိပ်စာကတော့.. မလိခကြီးပဲဆို available မဖြစ်လို့.. နံပါတ်တွေလည်း မတပ်ချင်တာနဲ့ ချစ်သူထည့်လိုက်တယ်...။ `မလိခချစ်သူ´ ဖြစ်သွားရော...။ `မလိခရဲ့ ချစ်သူ´က `မေခ´လို့ ယူဆရင်လည်း တစ်မျိုးရတာပဲလေ နော့..။ ရှင်းရင်းနဲ့ ရှုပ်ကုန်သလိုပဲနော်.. ဟဲဟဲ..။


ကဲ ဒီလောက်ဆို နှမနေခြည် ကျေနပ်တော်မူမည်ဟု မောင်တော် ရွှေစိတ်တော်ချလိုက်ပြီကွယ်...နော်... :D (ချ တာနော် ချိတ်ချိုးနဲ့.....)

သတိတရနဲ့ တဂ်တဲ့ နေခြည့်ကိုလည်း ကျေးဇူးတင်ပါတယ်...။ ကျွန်မလဲ မျောက်လက်ထဲအုန်းသီးရသလို... ကျွန်မဆီရောက်လာတာလေးကို လက်ဆင့်ကမ်းတဂ်ချင်ပါသေးတယ်... ;)...

မအပြုံးပန်း
မမိုးကောင်းသူ
ကိုလူထွေး
ကိုသီဟသစ်
ကိုzt
အမတွေ အကိုတွေကို မအားတဲ့ကြားတဲ့က ဒုက္ခပေးသလိုဖြစ်နေရင်လည်း.... နေရင်လည်း.... နေရင်လည်း.... ဟဲဟဲ.. အက်ကိုးတွေများသွားပြီ... ညီမငေးကို ခင်ရင်ရေးပေးကြပါနော်....နော်... နော်.... နော်(မျက်နှာချို သွေးသံ)


ခင်တဲ့
မလိခ

7 comments:

ကိုလူထွေး said...

ကောင်းပါပေ့ဗျာ...
အုန်းသီးရတာနဲ့  အဲဒီလောက် ခြေဆော့လက်ဆော့နိုင်တာ ဘယ်လိုမျောက်မျိုးမို့ လဲ

"ခင်ဗျားဘယ်လိုမျောက်လဲ" ဆိုတာ အခု ကိုလူထွေးရဲ့ ပိုစ့်အသစ်...

မလိခတဂ်တာကို နောက်တော့ရေးမယ်... ခုတော့ စဉ်းစားတုန်း

မြူးသျှရီ said...

အဲသူများကမအားသေးလို့ မရေးရသေးဘူး
မြူးကဒီနေ့ ပဲစဉ်းစားထားတာမလိခဘယ်ကဖြစ်လာလဲ
လို့ တဂ့်မယ်လို့ မမမိုးကောင်းသူပါသူဦးသွားတယ် ပြန်
ရော်ပေးးးးးးးးးးးးးးးး

အပြုံးပန်း said...

ရွှတ်နောက်နောက်နဲ့ မလိခ၊
ကိုယ်လဲ မိန်းခလေးမဆန်ဘူး၊ မနုနွဲ့ဘူး၊
နာမည်ကသာ နွဲ့အောင်ပေးထားတာ။
အမှတ်တရ ရေးဖြစ်အောင် ရေးခိုင်းတာ ကျေးဇူးပါ၊
It is a long storey လို့ပြောရမယ်။

အပြုံးပန်း said...

အထပ်များများနဲ့ တိုက်တွေပဲဆွဲတာနေရတာနဲ့ စာလုံးပေါင်းမှားသွားပြီ၊
it is a long story ပါ။

နွေးနေခြည် said...

ကျေးဇူးခခရေ...လက်သွက်ပါ့... နေခြည်တက်ဂ်လိုက်လို့ ပျော်တယ်ဆိုတော့လည်း ၀မ်းသားတယ်း)
ခခဆက်တက်ဂ်တဲ့ထဲက လူတွေကို တက်ဂ်ဖို့စဉ်းစားဖူးတယ်။ အကြံတူနေတယ်။ မမိုးကောင်းသူ၊ ကိုလူထွေး၊ ကိုသီဟသစ်၊ ကိုဇက်တီတို့ကို နေခြည်လဲတက်ဂ်ချင်နေတာ...သူတို့အကြောင်း တစေ့တစောင်းသိနေလို့ မတက်ဂ်တော့တာ။
ကိုzt ဖူးနုသစ်ရော၊ လွိုင်လင်ရော ပေါင်းပြီးရှင်းလဲရတယ်နော်... လွိုင်လင် အကြောင်းရေးပါဦးမယ်လို့ပြောထားတာ မှတ်မိတယ်နော်း)

ZT said...

လွိုင်လင်အကြောင်းကတော့ အခုမရေးသေးဘူး။ ရှော့ခ်ရှိတယ်။ :D

ဖူးနုသစ်ကတော့ မထူးဆန်းပါဘူး။ စာအုပ်ဆိုင် ဖွင့်တုန်းက Partner အနေနဲ့ တွဲလုပ်ဖူးတဲ့ အသိတစ်ယောက်ရဲ့ ဆိုင်နာမည်ကို ယူလိုက်တာ။

အဲဒါကြောင့် အကြွေးမှတ်ထား ပြောတာပါ။ ရှော့ခ်မရှိတော့မှ ရေးတော့မယ်။ :P

ဒါနဲ့ မလိခရဲ့ နာမည် အရင်းကို ဒီလိုမျိုး စဉ်းစားသွားတယ်။

မအေးသန်း
မအေးသိန်း
မအေးဟန်
မအိသက်
မအိသူ

ဖြစ်နိုင်ခြေက အများကြီးပဲ။ :P

မလိခ said...

ကိုလူထွေး >> မျောက်လွှဲကျော်.. လက်ရှည်လို့ငယ်ငယ်တုန်းက သူငယ်ချင်းတွေ ခေါ်တဲ့နာမည်... ဟဲဟဲ.. အကြွေးမှတ်ထားလိုက်မယ်နော်..

မြူးသျှရီ >> ရော်ပေးလိုက်ပြီ.. နှစ်မတ်.. တစ်မတ်က သစ်စက်ဖွင့်ဖို့ တစ်မတ်က မီးထွန်းဖို့... ဟီးးးး ဘာမှလဲဆိုင်ဘူး... :D

အပြုံးပန်း >> မမရဲ့ long story ကို စောင့်ဖတ်နေပါ့မယ်... ဟဲဟဲ.. ညီမအိမ်ဆောက်လို့ရှိရင်.. တိုက်ပုံစံလှလှလေး ဆွဲပေးနော်.. ခုတော့ ထီထိုးထားတုန်း.. ဒီတစ်ပတ် toto က 5 millions ဆိုလို့.. :D

နွေးနေခြည် >> တို့လဲ သိချင်လို့ လက်တို့လိုက်ပြီ.. ကိုဇီတက်ရဲ့ လွိုင်လင် အကြောင်းတော့ မကြားဖူးဘူး.. စိတ်ဝင်စားသွားပြီ..

ZT >> ရှော့ခ်မရှိတဲ့အခါရေးရန်ဆိုပြီး.. အကြွေးစာရင်းမှာ တို့ထားလိုက်ပြီနော်.. :D...
မလိခရဲ့ နာမည်အရင်းက တကယ်က သုံးလုံး.. တနင်္ဂနွေ+သောကြာ+ကြာသပတေး.. မေးခွန်းမပြည့်စုံတဲ့အတွက်.. မမတို့ အနေနဲ့ အဖြေတွေကို မှားတယ်လို့ မယူဆတော့ပါဘူးကွယ်..။ မောင်လေးရဲ့ ကြိုးစားမှုကိုတော့ ဂုဏ်ပြုချီးကျူးပါတယ်.... ဟဲဟဲဟဲ... (နောက်တာနော်... ချိတ်ချိုးနဲ့)