Saturday, August 29, 2009

ကောင်မလေးရဲ့ ကောင်လေး


ရိုးသား ပျော်ရွှင်နေခဲ့တဲ့ ကောင်မလေးရဲ့ ဘ၀လေးထဲကို ... ဦးထုပ်အနက်ဆောင်းလေ့ရှိတဲ့... ဘယ်ဖက်လက်သန်းကို အနက်ရောင်ဆိုးလေ့ရှိတဲ့ ... မျက်ဝန်းတောက်တောက်တွေနဲ့ ကောင်လေး အမှတ်တမဲ့ရောက်လာခဲ့တယ်...။ အဲဒီနေ့က မိုးတွေအုံ့လို့....။ မျက်ဝန်းနှစ်စုံ ခလုတ်တိုက်မိတော့... အားနည်းတဲ့သူ ဒဏ်ရာရစတမ်း....။ သူမရဲ့ ကမ္ဘာလေး ခဏရပ်သွားခဲ့တယ်...။ ဘယ်အချိန် ဘယ်နေရာမှာရှိတတ်တယ်လို့ ပုံမှန်မရှိတတ်တဲ့ လူတစ်ယောက်ကို ရောက်ရာနေရာတိုင်း တိတ်တိတ်လေးရှာတတ်တဲ့ အကျင့်တစ်ခု သူမမှာတိုးလာခဲ့တယ်...။

မမျှော်လင့်ပဲ မိုးတွေသည်းကြီးမည်းကြီးရွာတဲ့နေ့ကပေါ့...။ အကြောင်းကြောင်းကြောင့် ကောင်မလေးလက်ထဲမှာ ထီးအ၀ါလေးတစ်ချောင်း အပိုရှိနေခဲ့တယ်...။ ခွင့်ပြုချက်မရခင် လုယူခံလိုက်ရတဲ့ အဲဒီထီးလေးအောက်မှာ ကောင်လေး ရှိနေတယ်ဆိုတဲ့ အသိစိတ်ကြောင့် ကြောက်စရာကောင်းတဲ့ မိုးခြိမ်းသံတွေကြားက မိုးရာသီကို သူမပိုချစ်သွားခဲ့တယ်....။

သူ့အကြောင်းတွေကို ကောင်မလေး သိချင်တယ်.. သူဘယ်မှာနေလဲ... သူဘာတွေကြိုက်တတ်လဲ.... သူဘာတွေကို တန်ဖိုးထားလဲ... အို..သူ နဲ့ပတ်သက်သမျှ အကုန်... သူမ သိချင်ခဲ့တယ်....။ ဆားငန်ရေသောက်လို့ ရေငတ်မပြေနိုင်သလို... ပင်လယ်ပြာကျယ်ကြီးနဲ့တူတဲ့ သူ့အကြောင်းတွေကို သူမ အငမ်းမရ သောက်သုံးခဲ့တယ်...။

ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်...။ လူတစ်ယောက်ကို စိတ်ကုန်ချင်ရင် အဲဒီလူနဲ့ အနီးဆုံးကို သွား...တဲ့...။ စိတ်ကုန်ချင်တယ်ဆိုတဲ့ မုသားတစ်ခုကို လှလှပပသုံးလို့ ကောင်မလေး သူ့ကိုယ်သူလိမ်ညာခဲ့တယ်....။ မပြတ်သားမှုတွေနဲ့ ပြည့်နေတတ်တဲ့ သူမက ရှက်လဲရှက်တတ်သေးတယ်တဲ့...။

နောက်ဆုံးတော့ သူမ အဖြစ်က..... ကောင်လေး ပြောပြောတတ်တဲ့ သူချစ်တဲ့ မိန်းမတွေအကြောင်းကို ၀ါယာကြိုးမျှင်လေးရဲ့ ဒီဘက်စွန်းကနေ နားထောင်ရင်း .... တိတ်တိတ်လေး မျက်ရည်ကျ....။ သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို အကာအကွယ်ယူရင်း သူမရဲ့ သိက္ခောတစ်ချို့လဲ အလဲလဲ အပြိုပြို...။ သူမကိုယ် သူမလဲ မုန်းပါရဲ့...။

ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးကို သူမ သွားနိုင်ခဲ့သလားဆိုတာ မသေချာပေမဲ့ ကောင်လေးရဲ့ စကားသံတွေအောက်မှာ သူမ မိန်းမောခဲ့တယ်...။

`ဘာပဲဖြစ်ဖြစ် နင့်ကို ငါကျေးဇူးတင်ပါတယ်´ တဲ့..... တူ.တူ. ဆိုတဲ့ အသံလေးကြားရခါနီးတိုင်း သူပြောလေ့ရှိတယ်...။ သူမက သူနဲ့ စကားပြောလို့တင်တဲ့ ကျေးဇူးလား.... သူ, မပြောချင်တဲ့ သူမနဲ့ စကားဆက်မပြောရတော့လို့ တင်တဲ့ ကျေးဇူးလား.... ဝေခွဲရခက်တဲ့ အကြောင်းတွေ ရင်မှာ အပြည့်နဲ့ သူမရင်မောခဲ့ရတယ်...... မိုးရာသီ လေးခုကျော်တဲ့ အထိ....

သူကတော့ အရင်အတိုင်း သူချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း ပြောပြနေတုန်း.....
ဘယ်တုန်းကမှ သူရဲကောင်း မဖြစ်ချင်ခဲ့တဲ့သူမ ကိုယ့်ကိုယ်ကို မုန်းတဲ့ အမုန်းတွေနဲ့ စက်ဆုပ်လာတယ်....။ အတ္တလဲ ကြီးတတ်သေးတဲ့ ကောင်မလေး.... သူမ အတွက်.... သူ့ကို နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တယ်....
အဲဒီညနေ....
ရန်ကုန်ဆောင်းရဲ့ မှုန်ရီရီ ညနေ....
မထင်မှတ်ပဲ သူနဲ့ ခြေလှမ်း ငါးလှမ်းအကွာလောက်မှာ ကောင်မလေးရှိနေခဲ့တယ်.... ကောင်လေးကတော့ သိခဲ့မယ်မထင်ဘူး.....။

အဲဒီည.....
ဒါနောက်ဆုံးပဲလို့ သူမကိုယ်သူမ သတိပေးနေတဲ့ကြားက ဆုံးဖြတ်ချက်ကို ပြန်ရုတ်သိမ်းချင်မိတာ အကြိမ်ကြိမ်.....
`ငါ နင့်ဆီ အရင်လို ဖုန်းတွေ ဆက်နိုင်တော့မှာ မဟုတ်ဘူး....´
မျှော်လင့်ချက်တွေ ရှိနေသေးပါလားလို့ သူမကိုယ်သူမ သတိထားလိုက်မိတော့... သက်ပြင်းချလိုက်မိတယ်....
သူကတော့ ထုံးစံမပျက်....
`ဘာပဲ ဖြစ်ဖြစ် နင့်ကို ငါကျေးဇူးတင်ပါတယ်´ တဲ့လေ...

အဲဒီစကားကို ကောင်မလေး.... မုန်းတယ်။

3 comments:

ကိုလူထွေး said...

ကျေးဇူးတင်ပါတယ် မလခိရေ...

းဝ)

သီဟသစ် said...

မလိခရေ

no time long see ပါလားကွယ်
အဲလေ long time no see

အားလုံးအဆင်ပြေပါစေကွယ်

ခင်မင်စွာဖြင့်
သီဟသစ်

မလိခ said...

မလခိကလဲ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်.. ကိုလူထွေးရေ... အဟေး :D



ဆုတောင်းပေးတာ ကျေးဇူးပါ ယောက္ခမကြီး ကိုသီဟသစ်ရေ.. ဟီးဟီး..