Tuesday, May 12, 2009

ကျွန်မရဲ့ မြန်မာပြည်ခရီးစဉ် (မွေတော်ကက္ကူ၊ ဟိုပုံး) (၁၀)

ခရီးကလဲ ၁၂ရက်ခရီး၊ ကျွန်မကလည်းအရစ်က ခပ်ရှည်ရှည်နဲ့ ရေးချင်တာက ခပ်များများ ပြီးတော့ ပို့စ်ရှည်မှာစိုးတော့ ဖြတ်ဖြတ်ရေးနေတာနဲ့ ခုဆို အပိုင်း၁၀ ဖြစ်သွားပြီ..။ ရေးသာရေးရတယ် ဖတ်ရတဲ့သူ ငြီးငွေ့လာမှာလည်းစိုးရိမ်မိတယ်..။

ဒီနေ့တော့ ကျွန်မတို့ မနက်စောစောနိုးတော့ ရေချိုးဆိုင်လည်းမသွားချင်တာနဲ့ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက်မျက်စပစ် ညှိနှိုင်းပြီးရေအေးအေးနဲ့ ချိုးပစ်လိုက်ကြတယ်...။ ချိုးစမှာ ချမ်းပေမဲ့ နောက်တော့ အပူတွေထွက်ပြီး လန်းဆန်းသွားတယ်...။ ရေချိုးပြီးထွက်လာတဲ့ ကျွန်မတို့ကိုကြည့်ပြီး ဦးလေးက မျက်လုံးပြူးနေတယ်...။ ပြီးတော့ ဆောင်းတွင်းကြီး စောစောစီးစီးရေအေးနဲ့ ချိုးရကောင်းလားဆိုပြီးဆူတယ်....။ ကျွန်မတို့ကလဲ လုပ်ချင်တာလုပ်ပြီးပြီဆိုတော့ မျက်နှာသေလေးတွေနဲ့..။

မနက်စာကို နှစ်ထပ်အိမ်လေးမှာ ဖွင့်ထားတဲ့ ဖက်ထုပ်နဲ့ မြီးရှည်ရောင်းတဲ့ ဆိုင်မှာ ဦးလေးကလိုက်ကျွေးတယ်...။ ဗိုက်ဆာဆာနဲ့ စားပစ်လိုက်တာ ဓာတ်ပုံရိုက်ဖို့မေ့သွားတယ်..။ ဇာမဏီကတော့ ပြောတယ် မနိုင်းနိုင်းရဲ့ ဘလော့ဂ်မှာ အဲဒီဆိုင်အကြောင်းပါတယ်တဲ့...။
ဆရာမကြီးအိမ်ရှိတဲ့ တောင်စောင်းကနေမြင်ရတဲ့ တောင်ကြီး မြို့

နောက် တောင်စောင်းလေးမှာရှိတဲ့ ရပ်ကွက်က အငြိမ်းစားဆရာမကြီးရဲ့ အိမ်ကို သွားကြတယ်..။ ကက္ကူသွားဖို့ သူ့ကားကို ငှားတာကိုး..။ ရှမ်းသံဝဲ၀ဲနဲ့ သူတို့စကားတွေထဲမှာ သူတို့ရဲ့ ရိုးသားဖော်ရွေမှုတွေကိုမြင်ရတယ်...။ ဦးလေးကားမောင်းပို့ပေးလို့ ကျွန်မတို့နှစ်ယောက် ကက္ကူဖက်ကို ထွက်လာကြတယ်....။ ပအိုဝ်းရွာတွေဖက်က ဖြတ်လာကြတယ်...။ ဦးလေးက ပအိုဝ်းတွေ ညီညွတ်ကြပုံနဲ့ ဘာသာတရားကိုင်းရှိုင်းပုံကိုပြောပြတယ်...။ ကျွန်မတို့ ဖြတ်လာတဲ့ရွာတိုင်းမှာ ရွာသေးသေးကြီးကြီး ဘုန်းကြီကျောင်းကိုယ်စီရှိကြတယ်...။ အိမ်ကလေးတွေကသာ ထရံကာဓနိမိုး... ဘုန်းကြီးကျောင်းကိုတော့ ဟည်းနေအောင်ထားထားတယ်..။ အလှူအတန်းရက်ရောလိုက်ကြတာ...။

နောက်တော့ ကားမောင်းပေးတဲ့ ဦးလေးကိုတောင်အားမနာနိုင်ပဲ ကျွန်မတို့နှစ်ယောက် ဘေးက မှန်တံခါးကိုတိုက်လိုက် နောက်မှီကို ဆောင့်လိုက် တဒိုင်းဒိုင်းနဲ့ ငိုက်ကြတာ ကက္ကူဘုရားကိုရောက်တဲ့ အထိ...။ ဦးလေးက ခရစ်ယာန်ဆိုတော့ ဦးလေးကို အားနာတာနဲ့ သူလိုက်ပို့တာစောင့်မနေပဲ ကျွန်မတို့ပဲ ခပ်သုတ်သုတ် ဘုရားထဲဝင်ခဲ့ကြတယ်..။ ဘုရားထဲမှာတော့ လက်နက်ကိုင်ပြီးစောင့်နေတဲ့ သူတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက အစောင့်တွေကိုတွေ့ရတယ်....။ ပထမတစ်ခေါက်ကတဲက ကျွန်မက မြင်ဖူးနေတော့မထူးပေမဲ့ ဇာမဏီက အထူးအဆန်းဖြစ်နေသေးတယ်...။
ကက္ကူဘုရားမှာ ဆွမ်းလှူထားတာလေးတွေ

ဘုရားလာဖူးတဲ့ အနက်ရောင်တိုင်းရင်းသားဝတ်စုံနဲ့ ပအိုဝ်းမလေးတွေကိုလဲ တွေ့ခဲ့ရတယ်... ပါးလေးတွေက ဖောင်းဖောင်းတင်းတင်း နီနီရဲရဲလေးတွေနဲ့ ချစ်စရာလေးတွေ...။ တချို့တွေက ပလိုင်းလေးတွေနဲ့...။ ကျွန်မတို့နှစ်ယောက်က သူတို့ ပလိုင်းတွေနဲ့ သူတို့ကို ဓာတ်ပုံရိုက်ချင်လို့ပါဆိုတော့ သူတို့ရှက်နေကြတယ်...။ နောက်ဆုံးတော့ ဇာမဏီကိုယ်တိုင်ပဲ သူတို့ ပလိုင်းကြီးလွယ်ပြီး ဓာတ်ပုံရိုက်လိုက်တယ်...။ ဂျင်းဘောင်းဘီကြီးနဲ့ ဆိုတော့ တမျိုးတော့ တမျိုးကြီးပေါ့...။

ဒါ နောင်မွန်အင်းတဲ့... အလောင်းစည်သူမင်းရဲ့ ဖောင်တော်ဆိုက်စေတီကလည်း အဲဒီနားမှာဆိုတော့...

ဘုရားနောက်မှာ ကုန်းခြောက်လ ရေခြောက်လဆိုတဲ့ နောင်မွန်အင်းရှိတယ်.. (မှားနိုင်ပါတယ်... သိတဲ့သူများ အမှားလေး ပြင်ပေးကြပါ.... :))... အဲဒီကထွက်တဲ့ နောင်မွန်ဆန်က မွှေးပြီး စားလို့ကောင်းတယ်လို့ တောင်ကြီးက အသိအန်တီကြီးတစ်ယောက်က ပြောဖူးတယ်....။
မွေတော်ကက္ကူ
ဘုရားဝင်းနားက ညောင်ပင်ကြီးတွေ

ဒါ တခြမ်းစာပဲရှိသေးတာ...

ဘာရယ်မဟုတ်ဘူး ကောင်းကင်ကြီးပြာနေတာနဲ့ အရွက်မရှိတဲ့ အပင်ကြီးနဲ့ ကြည့်ကောင်းလို့

ပုဂံလိုဘုရားတွေ အများကြီးကို နေရာကျဉ်ကျဉ်းလေးမှာ စုပြီးတည်ထားတဲ့ အဲဒီဘုရားဝန်းထဲမှာ ဟိုလျှောက်ရိုက် ဒီလျှောက်ရိုက် ဓာတ်ပုံတွေရိုက်ကြတယ်.....။ နိုင်ငံခြားသား တစ်စုကို ပအိုဝ်းဝတ်စုံနဲ့ တိုင်းရင်းသူ tourist guide လေးက ရှင်းပြနေတာကို ဘေးနားက မသိမသာကပ်နားထောင်မယ်လို့ အကြံကြီးကြီးနဲ့ နားစွင့်လိုက်တော့..... ပြင်သစ်လိုလို ဘာလိုလို စကားကြီး... အဲဒါနဲ့ပဲ လက်လျှော့လိုက်တယ်....။ နောက်တော့ ပအိုဝ်းမလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ကြတယ်... ကိုယ့်ကိုယ်ကို touristလိုလို ဘာလိုလိုနဲ့ပေါ့... ဟဲဟဲ။ ပြီးမှ ကြည့်လိုက်တော့... အနက်ရောင်ဆင်တူဝတ်လာမိတဲ့ ကျွန်မတို့နှစ်ယောက် အနက်ဝမ်းဆက်တွေနဲ့ ပအိုဝ်းမလေးတွေကြားမှာ.....။ အင်း သိပ်တော့ မထူးလှပါဘူးလေ... ခေါင်းပေါင်းပါတာနဲ့ မပါတာပဲ ကွာတာ..။ဘုရားရှေ့က ဈေးတန်းလေးမှာ ပအိုဝ်း ၀တ်စုံလေးတွေနဲ့ အမယ်အိုကြီးတွေ ကြက်သွန်ဖြူ ထောပတ်သီး နေကြာစေ့လှော်တွေရောင်းတာကို တောင်ကြီးမြို့အထွက်က ဒိုင်တွေထက် ဈေးကြီးမှန်းသိပေမဲ့ ဇာမဏီဝင်အားပေးခဲ့သေးတယ်...။ သနားလို့တဲ့လေ...။
ဈေးတန်းလေး...

ဥတစ်လုံးကြက်သွန်ဖြူ တွေကို ဒီလိုခင်းပြီး လှမ်းထားတယ်

အပြန်လမ်းမှာ တွေ့တဲ့ပန်းတွေ

လားရှိုးမှာ ငယ်ငယ်တုန်းက ခေါက်ဆွဲလုပ်တမ်းကစားဖူးတဲ့ နွယ်တွေကို ဒီမှာ ပြန်တွေ့လို့ အမှတ်တရ... ရွှေနွယ်လို့ခေါ်ကြလားပဲ...

လမ်းဘေးက စိုက်ခင်းတွေ

မက်မန်းခြံထဲမှာ မက်မန်းပွင့်တွေ ဖွေးလို့...

တောင်ကြီးတက္ကသိုလ်

အဲဒီက အပြန် သူများမက်မန်းခြံထဲဝင်ပြီး ဓာတ်ပုံ ၀င်ရိုက်နဲ့ ညနေ၂နာရီကျော်လောက်မှာ တောင်ကြီး ပြန်ရောက်လာကြသည်...။ တောင်ကြီးတက္ကသိုလ်မှာ ဆရာလုပ်တဲ့ ဦးလေးက သူ့ကျောင်းကို လိုက်ကြွားတာနဲ့ ကျွန်မတို့လဲ တောင်ကြီးတက္ကသိုလ်ထဲ ဓာတ်ပုံဝင်ရိုက်ကြသေးသည်..။ နောက် တောင်ကြီးနားက ဟိုပုန်းဆိုတဲ့ မြို့လေးမှာ နေတဲ့ ဖေဖေတို့ မိတ်ဆွေ အန်တီတစ်ယောက်က ဖုန်းဆက်ခေါ်တာကြောင့် အဲဒီမြို့လေးကို ရောက်သွားခဲ့သည်... ။ တောင်ကြီးကနေ ဟိုပုန်းကို အထွက်လမ်းမှာ တောင်ကြီးကွန်ပျူတာတက္ကသိုလ်သို့ ဆိုလို့ ကြည့်လိုက်တော့ မြေနီနီလမ်းလေး...။ သစ်ပင်တွေကွယ်နေတာကြောင့် အဆောက်အဦးကိုတော့ မမြင်ခဲ့ရပေ..။

ဟိုပုန်းမြို့ကလေးက တောင်ကြီးမြို့ရှိရာ တောင်ပေါ်ကနေ မြွေလိမ်မြွေကောက်ကားလမ်းလေးအတိုင်း ဆင်းသွားရင် ရောက်တဲ့ ချိုင့်ဝှမ်းလေးထဲမှာရှိတဲ့ မြို့ကလေးပါ...။ အေးအေးချမ်းချမ်းနဲ့ ချစ်စရာကောင်းပါတယ်...။ ခဏဆိုပြီး သွားလိုက်တဲ့ အန်တီတို့အိမ်မှာစကားစပ်မိရင်း ကျွန်မမိဘတွေနဲ့ သိတဲ့ လူတစ်ယောက်က ဟိုပုန်းမှာနေနေတယ်တဲ့... အဲဒီထိ ကျွန်မစိတ်ဝင်စားသေးဘူး..။ လူကြီးလုပ်နေရပြီဆိုတော့ စိတ်မ၀င်စားလဲ စိတ်ဝင်စားချင်ယောင်ဆောင်နေတုန်း...။ အဲဒီလူရဲ့ ယောက္ခမလား အမေလားဆိုတာလဲရောက်နေတယ်တဲ့...။ အဲဒီမှာ ကျွန်မစိတ်ဝင်စားသွားပြီး... သွားတွေ့တော့.. တကယ်ပဲ အဲဒီလူရဲ့ အမေ...ကျွန်မကို ငယ်ငယ်ကထိန်းခဲ့ပေးတဲ့ အဘွား...။ မထင်မှတ်တဲ့နေရာမှာတွေ့လိုက်တော့ ၀မ်းသာပြီး အဘွားလဲငို ကျွန်မလည်းငို...။ အဲဒါနဲ့ပဲ တောင်ကြီးက ဆရာမကြီးအိမ်မှာ ကားပြန်ထားတော့ ၆နာရီ ထိုးပြီ...။
ခရီးစဉ်မှာ နောက်ဆုံးတွေ့ခဲ့ရတဲ့ တောင်ကြီးမြို့ရဲ့ ဆည်းဆာ

ပထမ ဦးလေးအိမ်ကို လမ်းလျှောက်ပြန်မလို့ စီစဉ်ထားတာ... အဲဒီချိန်သူငယ်ချင်းက ဖုန်းဆက်တယ်... `နင်ဘယ်မှာလဲ လာခေါ်မယ်´တဲ့...။ ဆရာမကြီးအိမ်က တောင်စောင်းမှာဆိုတော့ သပ်သပ်ကြီးလာရမှာ အားနာတာနဲ့ `ရတယ် နောက်နာရီဝက်မှာ ဦးလေးအိမ်ကို လာကြို ´လို့ပြောတာကို... ဆရာမကြီးက ကြားပြီး... တောင်ကြီးက သူငယ်ချင်းလားလို့မေးတော့... ဟုတ်တယ်ပေါ့...။ `တောင်ကြီးသားဆို ဘာမှအားနာစရာမလိုဘူး လာကြိုခိုင်းလိုက်´ လို့ဆိုတော့ ကျွန်မရော ဇာမဏီရောမျက်လုံးပြူးသွားတယ်...။ ကျွန်မတို့က အားနာတယ်လေ...။ နောက်သူငယ်ချင်းက ဖုန်းဆက်ခေါ်တယ်...။ အားမနာနဲ့ ငါလာခေါ်လို့ရတယ် တဲ့..။ အဲဒီမှာ ဆရာမကြီးသမီး (သူလဲ တောင်ကြီးတက္ကသိုလ်ကဆရာမပဲ) က ကျွန်မဆီက ဖုန်းကိုလှမ်းယူပြီး ကျွန်မသူငယ်ချင်းကို လမ်းတွေညွှန်နေတယ်...။ ကျွန်မနဲ့ ဇာမဏီကတော့ လာကြိုရမဲ့ သူငယ်ချင်းကိုလဲ အားနာ... တောင်ကြီးသူတောင်ကြီးသားအချင်းချင်း အားနားစရာမလိုဘူးဆိုပြီး ဧည့်ဝတ်ကျေချင်တဲ့ ဆရာမကြီးတို့ကိုလဲအားနာနဲ့ ... တော်တော် အားနာခဲ့ရတဲ့ ညနေခင်းပါပဲ..။ ဒါပေမဲ့ အားနာတဲ့ကြားက သူတို့အားလုံးရဲ့ ရိုးသားဖော်ရွေတဲ့ ဧည့်ဝတ်ကျေချင်တဲ့ စေတနာဖြူဖြူလေးတွေကိုတွေ့ခဲ့ရတယ်...။

သူငယ်ချင်းအိမ်ရောက်တော့ သူ့တောင်ကြီးက သူငယ်ချင်းတွေရော သူတို့ အမျိုးတွေရော စကြနောက်ကြနဲ့ ပျော်ဖို့ကောင်းခဲ့တယ်...။ ပြီးတော့ အဲဒီနားက ကော်ဖီဆိုင်မှာ ချမ်းချမ်းစီးစီးကြားက အအေးသွားသောက်ကြတယ်...။ နောက်မှ သိရတာ အဲဒီနေ့က သူငယ်ချင်းရဲ့ မွေးနေ့ပါတဲ့..။ ကျွန်မတို့ နှစ်ယောက်က လက်ဆောင်မပါပဲ တ၀တပြဲစားခဲ့ကြတဲ့သူတွေပေါ့...။ မနက်ဖြန် ကျွန်မတို့ ခရီးဆက်ထွက်မှာဆိုတော့ အားလုံးကို တခါတည်းနှုတ်ဆက်ခဲ့တယ်...။ သူငယ်ချင်းရဲ့ သူငယ်ချင်း ဖြူက ကျွန်မတို့တည်းတဲ့နေရာထိ လိုက်ပို့ပေးတယ်..။ မောမောနဲ့ အိပ်ပစ်လိုက်တယ်...။ မနက်ဖြန်ခရီးဆက်ရဦးမှာကိုးးးးးးး

P.S... ဒီပို့စ်ကတော်တော်ရှည်သွားပြီ... သည်းခံပေးကြပါနော်.. :)

7 comments:

strike said...

ဖတ်၍ကောင်းနေဆဲပါပဲဗျို့

Anonymous said...

မလိခရဲ့ခရီးစဉ်ကို လာကြည့်တယ်။
အဲဒီမှာလည်း ကိုယ့်ခြေရာတွေ ကျန်ခဲ့တယ်။
တောင်ကြီးကို မရောက်တာ အတော်ကြာပြီ။
ငယ်ငယ်တုန်းက အဲဒီရွှေနွယ်တွေနဲ့ ခေါက်ဆွဲလုပ်တယ်။ မက်မွန်ပန်းတွေ၊ မက်မန်းပန်းတွေနဲ့ ငယ်ဘ၀ကို လွမ်းလိုက်တာ။
ဖက်ထုပ်ဆိုင်ကို ရောပဲ။
အခုတောင် ပြေးပြန်ချင်လာတယ်။
ကက္ကူကိုလည်း ရောက်ခဲ့တယ်ပေါ့။ ညောင်ပင်ကြီးအောက်မှာ ခိုနားခဲ့ဖူးတယ်။
လွမ်းစရာတွေချည်းပါပဲလေ။

သီဟသစ် said...

ခခေ၇
တောင်ကြီးတော့ေ၇ာက်ဖူးတယ်
မွေတော်ကက္ကူ၊ ဟိုပုံးတော့ ခခ ၇ဲ့ ခ၇ီးစဉ်နဲ့မှ ရောက်ဖူးတော့တယ်

thanks..

ကိုလူထွေး said...

ဓာတ်ပုံတွေတအားလှတယ်..

ရှုခင်းတွေကလှသလို ဓာတ်ပုံရိုက်တဲ့သူကလဲ အကွက်အကွင်းမိမိ ရိုက်တတ်တယ်...

မရောက်ဖူးသေးတဲ့ တောင်ကြီးမြို ကို တစ်ခေါက်ရောက်သွားရသလိုပဲ...

မလိခ said...

strike >> ကျေးဇူးပါဗျို့ :D

အပြုံးပန်း >> မမက တောင်ကြီးမှာ တော်တော်ကြာကြာနေဖူးတယ်ထင်တယ်နော်..။ ကျွန်မလည်းတောင်ကြီးကိုချစ်တယ်...။ အေးအေးချမ်းချမ်း သပ်သပ်ရပ်ရပ်နဲ့မို့လေ...။

သီဟသစ် >> :) ကျွန်မကလဲ ကျွန်မရဲ့ခရီးစဉ်လေးကို လာအားပေးတာ ကျေးဇူးတင်ပါတယ် ကိုသီဟသစ်ရေ...

ကိုလူထွေး >> ကျွန်မရဲ့ ဓာတ်ပုံတွေကို ချီးကျူးတာ တအားကို ကျေးဇူးတင်ပါတယ်... ကိုလူထွင်းရေ (ဟဲဟဲ).... ဓာတ်ပုံပညာနဲ့ ပတ်သက်လို့ စာတွေ့လေ့လာရမှာ ပျင်းသလောက် ဓာတ်ပုံရိုက်ရတာ တအားဝါသနာပါပါတယ်... digital camera တွေ မတွင်ကျယ်ခင်ကဆို ဖလင်ဖိုးနဲ့ ကူးခဖြုန်းတယ်ဆိုပြီး မေမေဆူတာကို ခဏခဏ ခံခဲ့ရတာပါ... ခုလို အားပေးသံကြားရတာ တအားဝမ်းသာပါတယ်... :))

မိုးကောင်းသူ said...

မလိခလေးရေ
တောင်ကြီးမရောက်ဖူးဘူးကွယ်။ ညီမလေး ခရီးစဉ်တွေပဲ တ၀ကြီးကြည့်သွားတယ်။

Unknown said...

တောင်ကြီးမှအေးတယ် ဒါပေမဲ့ နေလို့ကောင်းတယ် သာသာယာယာပါပဲ