့ပုံတွေက ဘာမှမဆိုင်ပေမဲ့ ကြိုက်လို့ google ကရှာထားတာပါ...
ကျွန်မတို့ နိုင်ငံက ကျယ်ပြီး လူမျိုးတော်တော်များများရှိတော့ တစ်နေရာနဲ့ တစ်နေရာ စကားအသုံးအနှုန်းတွေ လေယူလေသိမ်းတွေက ကွဲပြားကြတယ်...။ အဲဒီတော့ ကိုယ်နေနေကျနေရာ မဟုတ်တဲ့ နေရာတစ်ခုကိုရောက်တိုင်း စိတ်ဝင်စားစရာ ချစ်စရာ အသုံးအနှုန်းလေးတွေ တွေ့ရစမြဲပဲ...။ ဥပမာ.. ကျွန်မ ပုဂံကိုသွားလည်တုန်းက ကြားခဲ့ရတာပါ... သူတို့ပြောလေ့ရှိတာက `မနက်ကြီးတိုင်မှ လာခဲ့မယ်´... တဲ့ ။ စချင်နောက်ချင်တဲ့ ကျွန်မက `အမက မနက်ကလေးမှာ ဘာသွားလုပ်နေမှာတုန်း´ လို့ပြောတော့.. ပါးကွက်ကျားလေးတွေကြားက အပြုံးချိုချိုလေးတွေ ရလိုက်တယ်....။
ကျွန်မ အူအတက်ရောင်လို့ ဆေးရုံတက်ခွဲရတုန်းက ညစောင့်ဆရာမလေးကျတော့ တစ်မျိုး...။ သူက ကရင်မလေး ဖြူဖြူချောချော ချစ်စရာလေးပါ...။ အဲဒီညက သူက ကျွန်မကို သူကြည့်ဖူးတဲ့ မြန်မာရုပ်ရှင်ကားတစ်ကားအကြောင်း ပြောပြနေတာ...။ ဇာတ်လမ်းက ဒရမ်မာ..။ ကျွန်မကလဲ ဗိုက်ကချုပ်ရိုးလေး တမမနဲ့ နားထောင်နေတယ်..။ ဇာတ်သိမ်းပိုင်းရောက်တော့.. သူက ` နောက်ဆုံးကျတော့ မင်းသမီးက ရောဂါနဲ့ပဲ တဖြည်းဖြည်း သေးသွားရော´ .... တဲ့...။ တစ်ခုခုဆို ပုံဖော်ပြီးကြည့်တတ်တဲ့ ကျွန်မ... မအောင့်နိုင်ပဲ ခွက်ထိုးခွက်လန်ရယ်လိုက်မိတာ... ချုပ်ရိုးကွဲထွက်သွားမလားတောင်အောက်မေ့ရတယ်...။ အဆွေးဇာတ်လမ်းကို မုဒ်အပြည့်နဲ့ ပြောနေတဲ့သူလဲ ကျွန်မကို မျက်လုံးလေးပြူးပြီး တအံ့တသြ.ကြည့်..။ ကျွန်မကလဲ ရောဂါရပြီး သေသွားတဲ့ မင်းသမီးကို မြင်ရမဲ့အစား... ခန္ဒာကိုယ်လေး ကျုံ့ကျုံ့ပြီး သေးသွားတဲ့ မင်းသမီးကိုပဲ မြင်ယောင်ပြီး ရယ်ချင်စိတ်ကထိန်းမရ...။ အဲဒီဆရာမလေးရဲ့ လေယူလေသိမ်းကျတော့ အဲသလို..။
ကျွန်မသူငယ်ချင်းတစ်ယောက် ပြောပြဖူးတာလေးပါ..။ အဲဒီဖက်ကို ကျွန်မမရောက်ဖူးတော့ သေချာမသိဘူး...။ သူငယ်ချင်းရဲ့ မေမေဇာတိက မုဒုံနားက ရွာလေးတစ်ရွာမှာတဲ့..။ နွေကျောင်းပိတ်ရက်တစ်ခုမှာ သူတို့မိသားစု အဲဒီရွာကို အလည်သွားကြတယ်..။ ရွာထဲက အဖော်အပေါင်း အမျိုးအဆွေတွေနဲ့ ဆော့လို့ဝလို့ ဗိုက်ဆာဆာနဲ့ ကြီးတော်လက်ရာကို အားရပါးရလွေးနေတုန်း.. သူ့အဘွားရောက်လာပြီး ဘေးကနေထိုင်ပြောလိုက်တဲ့ စကားကြောင့် သူထမင်းနင်ခဲ့ရပါသတဲ့...။ သူ့အဘွားပြောတာက... `အော်.. ငါ့မြေးလေး ငတ်နေရှာတယ်...မျိုမျို...´ တဲ့..။ တကယ်ပြောချင်တာက `ဆာနေရှာတယ် စားစား´ ပါ..။ အဲဒီနောက်ပိုင်းတော့ ကျွန်မတို့သူငယ်ချင်းတွေ ဆုံလို့ တစ်ယောက်ယောက်ကတစ်ခုခုစားနေပြီဆို... သူ့ဘေးမှာထိုင် ကျောလေးကို သပ်ရင်း `အော်..ငါ့သူငယ်ချင်းလေး ငတ်နေရှာတယ်... မျိုမျို.. စားပိုးနင့်အောင်မျို´.လို့ ပြောလေ့ရှိသွားတယ်....။
နောက် ကျွန်မမေမေတို့ ကချင်ပြည်နယ်ဖက်မှာ ကြားရလေ့ရှိတာက `ရော်!!´ ဆိုတဲ့ အသုံးအနှုန်းပါ...။ တစ်ခုခုဆို စကားရှေ့မှာ အဲဒီ `ရော်´ လေးခံပြီး ပြောလေ့ရှိကြတယ်...။ ဘာမှန်းညာမှန်းမသိပေမဲ့ ကျွန်မလဲ တခါတခါ `ရော်´မိလို့ သူငယ်ချင်းတွေက `အလျော်အစားတွေ ၀ါသနာမပါဘူး´ လို့ နောက်တာခံရတတ်တယ်...။ အဲဒီဖက်မှာ ခြေအိတ်ကို မှော်ဇာလို့လဲခေါ်ပါသေးတယ်....။ ငယ်ငယ်က အဘွားဆီသွားလည်တော့.. ညဖက်ချမ်းလာတဲ့ အချိန် အဘွားက မေမေ့ကို `သမီး... ကလေးကို မော်ဇာလေးစွပ်ထားပေးလိုက်´ လို့ပြောတယ်...။ အဲဒီမှာ ကျွန်မတွေးမိတာက `ချမ်းပါတယ်ဆို ဇာစကြီးနဲ့ဆိုတော့ ဘယ်လိုလုပ်အချမ်းပြေပါ့မလဲ´... လို့...။
ရန်ကုန်ဖက်က လူတွေကသာ မြန်မာနိုင်ငံ အလယ်ပိုင်းကလူတွေကို အညာသားလို့ခေါ်ကြတာ... ကချင်ပြည်နယ်ဖက်ကတော့ မန္တလေးသော ရန်ကုန်သောမရွေးဘူး အားလုံးကို အောက်သားလို့ ခေါ်ကြတယ်..။ သူတို့က ဟိုးထိပ်ဆုံးမှာ နေတာဆိုတော့ သူတို့ဘာသာတော့ ဟုတ်လို့...။ တခါက မေမေ့အဘွားဆီကို သူတို့အခေါ် အောက်သားတစ်ယောက်လာလည်တယ်..။ ခြံထဲမှာ လမ်းလျှောက်ရင်းစကားပြောကြတုန်း ခွေးချေးပုံကိုတွေ့တော့ အဘွားက `အဆာ!!!!´ လို့ပြောတယ်...။ အဲဒါက မေမေတို့ဖက်မှာ ညစ်ပတ်ရွံရှာဖွယ်ရာကို တွေ့ရင် ပြောတဲ့ အာမေဍိတ်ပါ...။ ဒါပေမဲ့ မသိရှာတဲ့ ဧည့်သည်က တအံ့တသြနဲ့ `အော်... မမတို့ဆီမှာ အဲဒါကို အဆာလို့ခေါ်တာလား.... ကျွန်တော်တို့ဘက်မှာတော့ ခွေးချေးလို့ခေါ်တယ်ခင်ဗျ´ လို့ဆိုရှာပါတယ်တဲ့...။
ဒါတွေက ကျွန်မ မှတ်မိသလောက်တချို့ပါ...။ ကျွန်မ မသိသေးတဲ့ ချစ်စရာကောင်းတဲ့ အသုံးအနှုန်းလေးတွေလဲ အများကြီးရှိဦးမှာပါ...။ အဲဒီလို ကွဲပြားမှုလေးတွေကြောင့်လည်း ကျွန်မတို့နိုင်ငံက ပိုချစ်စရာကောင်းနေတာနေမှာ လို့ ထင်မိတယ်...။ တခါတခါကျရင်တော့ မွန်ပြည်နယ်ဖက်က ဇာမဏီနဲ့ ကချင်ပြည်နယ်ဖက်က ကျွန်မ... အသီးတစ်ခုခု ရဲ့နာမည်ကို ငြင်းကြရသေးတယ်...။ တကယ်တော့ အသီးက အဲဒီ အသီးပါပဲ...။
9 comments:
ရော်........ရော်....ဒါကြီးကဘာကြီးတုံး။
အဆားကလား......ရွံစရာကြီးလို့ပြောသေးတယ်။
အသီးက အဲဒီ အသီးပါပဲ ဆိုလို့ မျက်စိလည်သွားတယ်။ ဘာအသီးတုံး။
တပြုံးပြုံးနဲ့ဖတ်သွားပါတယ် မလိခ။
မုံရွာဘက်က သူငယ်ချင်းလှလှလေး တယောက်ကတော့
ဓါတ်မီးကို တုတ်မီးတဲ့၊ အစာစားရင်း နှင်တာကို လည်နင်တယ်တဲ့၊ သူ့ရုပ်ရည်နဲ့မလိုက် လေသံမာလိုက်တာဆိုပြီး ရီခဲ့ဖူးတယ်။
အဲဒီတုန်းက ရှမ်းပြည်ကနေ မန္တလေးကို ကျောင်းသွားတက်ကာစဆိုတော့ အဲဒီလို အသုံးအနူန်းကြောင့် နားထောင်ရတာ တမျိုးဖြစ်ခဲ့ဖူးတယ်။
တောင်တွင်းကြီးသူတွေကတော့ “မနက်ဖြန်” ကို “မနက်ကြီးကျမ”ှ ဆိုပြီးပြောတတ်တယ်။ ချောက်သူတွေကတော့ ပစ္စည်းတွေ ပွနေတာကို “ပြားနေတာပဲ”တဲ့။
မိုးကောင်းသူ >> မမတို့လည်း ရော်တယ်မလား... :D...
အသီးကိစ္စက အဲ.. အသီးတစ်မျိုးထဲကိုပဲ နာမည်အခေါ်ကွဲလို့ ငြင်းကြရတယ်လို့ပြောချင်တာပါ... အရေးမတတ်လို့ မမမျက်စိလည်သွားရပြီ.... ဟီးးးး ဆောတီးးးးး
အပြုံးပန်း >> မမဆီက အသစ်တွေရလိုက်ပြီ... ကျေးဇူးပဲမမ... ပြားနေတာပဲ ဆိုတာကိုကြားရတာ ရယ်စရာကြီး... ဟီးဟီး
ခခရေ..
တို့မကွေးမှာလည်း မနက်ကြီးလို့ပဲသုံးတာ..
ကျန်တာတွေသေချာဖတ်ပြုံးသွားပြီ..
ဟုတ်တယ်။ မနက်ကြီးက ကျွန်တော်တို့ မိတ္ထီလာ ကျောက်ပန်းတောင်းဖက်မှာလည်း သုံးကြတယ်။ နောက်ပြီးတော့ လှလှပပ လို့ မပြောကြဘူး။ လှတပတ လို့ ပြောကြတယ်။ ခင်ဦးသားတွေ ကြတော့ ဈေးကြီးတာကို ဈေးတန်တယ် လို့ ပြောကြတယ်။ မုံရွာသားများ ကြတော့လည်း ထွန်းကို ထွင်း အသံထွက်တက်ကြတာပဲ။
ပထမဆုံးလာလည်တာပါ
မမမိုးကောင်းသူဆီက၀င်လာတာနော်
ဟီးးးးးးးးးးးမြူးလဲမြစ်ကြီးနားသူပဲ
ရော်.လို့ သုံးတတ်တယ်
မော်ဇာဆိုတာ......ဂေါ်ရခါးလိုခြေစွပ်ကိုခေါ်တာပါ
အဲဒါဂေါ်ရခါးလိုခေါ်တာလေ
ဥပမာ-ဂရီး...ဂရီးလို့ ရန်ကုန်ကလူတွေပြေားကြတာ
ကြားဖူးတယ်...အဲဒါလဲဂေါ်ရခါးလို..ခဏ..ခဏလို့ ပြေားတာပါ..ရှင်းပြတာနော်...မှားရင်လဲမှားမှာပေါ့
နောက်လဲလာလည်မယ်သိလား?????
နင်နဲ.ငါငြင်းနေတဲ့အသီးကဟိုဆူးတွေနဲ့အသီးလား...
ပြောရင်းတောင် စားချင်လာပြီ...
လမ်းဘေးမှာထိုင်စားခဲ့တာကိုသတိရသေးတယ်...
ငါခုထိအဲဒီအသီးကို ရန်ကုန်မှာခေါ်သလို့ ခေါ်လို့မရသေးဘူး... ဟီးဟီး
ဇာမဏီမရေ... နင်ပြောတဲ့ ဒရွင်းသီးလဲ ပါတယ်... ဟားဟား.. တခြားတခြား အသီးတွေလဲရှိသေးတယ်.. ငါမေ့သွားလို့... ဟဲဟဲ
Post a Comment