Wednesday, December 7, 2011

စိတ်နဲ့ မတွေ့တာလေးတွေ

“ညည်းတို့ ခေတ်များ ဘယ်ကြည့်ကြည့် ကျုပ်စိတ်နဲ့ကို မတွေ့ပါဘူး” လို့ ညည်းပြောလေး ပြောတတ်တဲ့ အဘွားတစ်ယောက်ကို သတိရမိတယ်..။ အဲဒီစကားကြားတိုင်းလဲ ကျွန်မ ပြုံးမိခဲ့တယ်...။ ဘာရယ်မဟုတ်ဘူး... သဘောကျလို့..။

ကျွန်မလဲ အသက်လေးရလားလို့ပဲလား မသိဘူး.. အဘွားလို စိတ်ထဲမတွေ့တာတွေ တွေ့တွေ့လာရတယ်..။ သူများနိုင်ငံမှာ နေတာဆိုတော့ ပိုဆိုးပေါ့ ...။ ငယ်ငယ်ကတော့ ကိုယ့်စိတ်နဲ့မတိုက်ဆိုင်ရင် တခုခုဆို အားမနာပါးမနာ ပြန်ပြောလို့လား မသိဘူး... စိတ်ထဲ မတွေ့လိုက်တာဆိုပြီး တနုံ့နုံ့ဖြစ်စရာမျိုးက ခပ်ရှားရှားရယ်..။ ခုတော့ တကယ်ပဲ ဘယ်ကြည့်ကြည့် စိတ်ထဲ မတွေ့ဘူးချည်း ဖြစ်နေတယ်..။

ကျွန်မ သူဌေးက စိတ်ရင်းလေး ကောင်းပါတယ်...။ ပြောရရင် ကျွန်မ part-time ရော Full-time ရော အလုပ်လုပ်ခဲ့ဖူးသမျှ အလုပ်ရှင်တွေထဲ သူအကောင်းဆုံးလို့တောင် ပြောလို့ရတယ်..။ ဒီကသူဌေး တော်တော်များများက သူများဆီကတော့ ရသလောက် ဖျစ်ညှစ်ယူမယ် ကိုယ့်ဘက်ကျတော့ မပေးချင်ဘူး..။ ကျွန်မ သူဌေးကတော့ အဲလို မဟုတ်ဘူး..။ သူက ပေးတယ်.. ။ ဘာလို့ပေးလဲဆို သူများဆီက ပြန်ရချင်လို့ကိုပေးတာ..။ အကျိုးမျှော်ကိုးပြီး ပေးတယ်.ပြောရမှာပေါ့.။ ဒါပေမဲ့ စီးပွားရေးလုပ်တဲ့နေရာ မှာတော့ ဒါက ဖြစ်သင့်တဲ့ ကိစ္စပဲ..။ သူများဆီက များများရဖို့ ကိုယ့်ဘက်က နည်းနည်းတော့ ချွေချပေးရတာပေါ့..။ မဟုတ်ဘူးလား..။ ကျွန်မတို့ မြန်မာစကားမှာတောင် ရှိပါတယ်.. “ထောင်မြင် ရာစွန့်” ဆိုတာ..။ အဲဒီ ကိစ္စကြီးက စီးပွားရေးမှာ ဖြစ်သင့်ပေမဲ့ တခြားအရေးကျတော့ ကျွန်မစိတ်နဲ့ မတွေ့တော့ဘူး...။

ဟိုတစ်နေ့ကပေါ့... ရှားရှားပါးပါး အလုပ်ပါးရက်လေး တစ်ရက်မှာ သူဌေးက ကျွန်မကို ဒီလို စကားစတယ်..။ “ပြီးခဲ့တဲ့ အားလပ်ရက်တုန်းက ငါ့မြေးနဲ့ အတူတူ ရှော့ပ်ပင်းမောလ်တွေ သွားတယ်..။ ခရစ္စမတ်အတွက် သူတို့ ပြင်ဆင်နေကြပြီ..။ ဆိုင်တွေ ဆိုင်တွေက အပြိုင်အဆိုင် မီးဆိုင်းတွေ အလှဆင်ပစ္စည်းတွေနဲ့ ပြင်ကြတာများ လှလိုက်တာ။ အဲဒီမှာ ငါ စဉ်းစားမိတာ တစ်ခုက.. Christmas ဆိုတာ Give away လုပ်တဲ့ အချိန်ပဲလို့..။ အဲဒါနဲ့ third world country က ကလေးတွေအတွက် အလှူခံနေတာ တွေ့တာနဲ့ ငါလဲ အလှူငွေ ထည့်ခဲ့လိုက်တယ်” တဲ့....။ အဲဒီ အထိ ကျွန်မ မလိခကလဲ ငြိမ်ငြိမ်သက်သက်ကို နားထောင်နေတာ... စိတ်ထဲကလဲ အော်.. ကောင်းလိုက်တာ.. ငါလဲ ကြုံရင် လှူဦးမှ.. ပေါ့.. တွေးနေတာ...။ အဲ ..... အဲ့မှာ ဆက်လာတဲ့ စကားက ကျွန်မစိတ်နဲ့ စ မတွေ့တော့တာပဲ...။ ဘာပြောတယ် မှတ်တုန်း.. “ ငါ အဲဒီလှူထားတာလေးကို Company ကနေ ပြန် claim လို့ ရမလား ” တဲ့...။ စိတ်ကို ကုန်ပါရော ဆိုတာ...။ ဘယ်နှယ့်... ကိုယ့်စေတနာလေးနဲ့ကိုယ် လှူတာကို company ကနေ ပြန် claim ချင်ရတယ်လို့..။ ရယ်ချင်စိတ်ပေါက်လာတာများ ဆိုတာလဲ အူထဲအသည်းထဲကနေ လှိုက်ခနဲ လှိုက်ခနဲ ကို နေတာပဲ..။ အားနာတတ်တဲ့ မလိခ ဆိုတော့ ရယ်ချင်စိတ်ကို အတင်း ကျိတ်မှိတ်မြိုသိပ်လိုက်တာ.. မမြိုသိပ်နိုင်တဲ့အဆုံး မျက်နှာမှာ ဘယ်လို အပြုံးကြီး ပေါ်သွားတယ် မသိပါဘူး...။ အဲဒီအပြုံးကို မြင်ပြီးတာနဲ့ သူဌေးလဲ ဘာမှ ဆက်မပြောပဲ ရုံးခန်းထဲကနေ ကျောခိုင်းထွက်သွားတော့တယ်..။ ကျွန်မစားပွဲပေါ်လဲ အလှူခံဖြတ်ပိုင်းလေး ရောက်မလာခဲ့ဘူး...။

အဲဒီအပြုံးကြီး သူ့အာရုံထဲမှာ မေ့သွားတဲ့ အခါကျရင်တော့ ကျွန်မရဲ့ စားပွဲပေါ်ကို အဲဒီအလှူခံဖြတ်ပိုင်းလေး ရောက်လာလေမလားလို့ ....... တွေးမိရင်း...




ပျော်ရွှင်ပါစေ
ခင်တဲ့
မလိခ

No comments: