Friday, December 2, 2011

မှတ်မှတ်ရရ ဒီဇင်ဘာ

တနှစ် တနှစ် ကုန်သွားလိုက်တာကလဲ မြန်လိုက်တာနော်..။ လှစ်ကနဲ လှစ်ကနဲပဲ...။ ဘာလိုလိုနဲ့ ဒီဇင်ဘာတောင် ပြန်ရောက်လာပြီ..။ ကျွန်မရဲ့ အိမ်ထောင်သက်လဲ တနှစ်ပြည့်သွားပြီ..။ (ဘာမှလဲ မဆိုင်ဘူးနော်.. :P)..။ ၂၀၁၁ ကိုပြန်ကြည့်တော့ ကျွန်မရေးခဲ့တာတွေက တနှစ်လုံးမှ ၅ပို့စ်ပဲ ရှိတယ်။ အော် တော်တော်လက်နှေးတဲ့ ငါပါလား.. လို့..။ တကယ်က ရေးချင်တာတွေက အများကြီးရယ်.. လက်က မလိုက်နိုင်တာ..။ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေတယ် ဆိုပါတော့.. :D..( အပျင်းကြီးနေလို့ပါ လို့ ပြောရင် လူကြားမကောင်းဘူးလေ.. ဟုတ်တယ်ဟုတ်..:D)

ဒီဇင်ဘာဆို မြန်မာပြည်ကိုလွမ်းတယ်..။ သန်လျင်က ကျောင်းတော်ကြီးကိုလွမ်းတယ်...။ ဒီချိန်ဆို ကျွန်မတို့ကျောင်းက လယ်ကွင်းတွေထဲ ပက်ကြားအက်တွေကြားထဲကနေ ပုလဲပန်းလေးတွေ ပေါက်နေလောက်ပြီ..။ နေရောင် နွေးနွေးအောက်မှာ လေအေးအေးတချက်တိုက်လိုက်တိုင်း ပန်းလေးတွေယိမ်းထိုးသွားတာကို ကြည့်ရတာက လွမ်းစရာ..။ ဒီလိုရာသီဆို အတန်းတချိန်နဲ့ တချိန်ကြားမှာ လယ်ကွင်းတွေ အစပ်က ဘုရားလေးနားကို ကျွန်မရောက်လာတတ်ပြီ..။

ကျွန်မတို့ကျောင်းက ဒီဇင်ဘာဆို အလှဆုံးပဲ..။ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကလဲ နေ့လည်ထမင်းစားချိန်ဆို အေးစက်နေပြီ...။ အနန္တမေတ္တာဆိုင်မှာ ထိုင်ပြီး ဟင်းရည်ပူပူတပွဲကို အားလုံးရှယ်ပြီး မှာ... ကိုယ့်ချိုင့်သူ့ချိုင့်ထဲက ဟင်းတွေ ဖလှယ်စား.. တော်တော်ပျော်စရာကောင်းခဲ့တာ..။ ပြီးရင် ပေါက်ကရတွေပြော ရယ်ကြ ဟားကြ..။ တချို့ရယ်စရာတွေက ကျွန်မတို့အချင်းချင်း အပြင်မှာ ပြောရင်သာ ရယ်ရတာ.. စာလုံးတွေ အဖြစ်ပြောင်းဖို့ကျတော့ အဲလောက် ရယ်စရာကောင်းချင်မှ ကောင်းတော့မှာ..။ တယောက်တခွန်း တယောက် တပေါက် ပြောချင်ရာတွေ ပြော...။ ခုလဲ အိမ်မှာ ကျွန်မရယ် မှင်စာရယ် ကျောင်းတုန်းက အဖြစ်တွေ ပြောပြီး ရယ်လို့မဆုံးနိုင်တုန်း..။ မှင်စာ့အိမ်ဦးနတ် စာပေဗိမာန် ကဆို ကျွန်မတို့ နှစ်ယောက်ကို ကြည့်ပြီး တရားရသလို ခေါင်းတခါခါနဲ့ နင်တို့နှစ်ယောက်ဟာလေ အသက်လဲ ကြီးပြီ ခုထိပေါတုန်းလို့... အားရင် အားသလို နှိပ်ကွပ်တတ်သေးတယ်..။ ကျွန်မတို့နှစ်ယောက်ကတော့ သူ့ကို အဖိုးအိုပေါက်စလို့ ပြန်ကင်ပွန်းတပ်ထားတယ်..။ သူက သူ့ကိုယ်သူ ငယ်သူငယ်ချင်းတွေနဲ့ဆုံရင် အရင်ကအကြောင်းတွေ ပြန်ပြောပြီး ဟီလာတိုက်ဖို့ မသင့်တော့တဲ့ အရွယ်လို့ ထင်နေတာလေ..။ ခက်တာက တအိမ်ထဲ နေကြတာဆိုတော့ အားလို့ မျက်နှာချင်းဆိုင်မိတိုင်း ကျွန်မနဲ့ မှင်စာက ဟီးဟီးဟားဟားတွေပြော... သူက ကျွန်မတို့နှစ်ယောက်ကိုကြည့်ပြီး စိတ်တွေလေ... ။ တနေ့ တနေ့ အဲလို...။

မှတ်မိသေးတယ်...။ second year တက်နေတုန်းကထင်တယ်..။ နိုဝင်ဘာလကုန်ပိုင်းတစ်ရက်မှာ သတင်းစာထဲကလား စာအုပ်တစ်အုပ်ထဲကလားမသိဘူး.. ဒီဇင်ဘာ ၁ရက်နေ့က world AIDS day ဆိုတာ ကျွန်မ သိလိုက်တယ်..။ အဲတာ ကျန်တဲ့ လူတွေနဲ့ တိုင်ပင်လိုက်တော့ ကျောင်းမလာတဲ့ မျိုးကြီး ခံရဖို့ဖြစ်လာတော့တာပဲ..။ ကျွန်မတို့ ကဒ်လှလှလေး တစ်ကဒ်ရှာဝယ်ကြတယ်...။ ကဒ်က နေမကောင်းလာတဲ့ သူ နေပြန်ကောင်းလာဖို့ အားပေးတဲ့ ကဒ်မျိုး..။ စာသားလှလှလေးတွေနဲ့ get well soon ဘာညာပေါ့ပါတယ်..။ အဲဒီကဒ်ကို ကျွန်မတို့က ထပ်ဖြည့်ပြီး ရေးကြတယ်... “ မျိုးကြီး... ဘာပဲဖြစ်ဖြစ် ဘဝကို အရှုံးမပေးပါနဲ့..။ နင့်ဘေးမှာ ငါတို့ရှိနေမှာပါ..” အဲလို ဆန်ဆန်စာသားမျိုး ရေးပြီး အောက်မှာ ကျန်တဲ့ ခြောက်ယောက်လုံး လက်မှတ်တွေ ထိုးထားကြတယ်..။ နောက်နေ့ ၁ရက်နေ့ကျတော့ ကျွန်မတို့ ခြောက်ရောက်လုံး ကျူရှင်မှာ အဆင်သင့်ဖြစ်နေပြီ..။ စပ်ဖြီးဖြီးမျက်နှာတွေကို ညှိုးညှိုးငယ်ငယ်ဖြစ်အောင်လဲ မနည်း ကြိုးစားထားကြတယ်..။ မျိုးကြီးလဲ ရောက်လာရော ထုံးစံအတိုင်း ဟီးဟီးဟားဟားပေါ့...။ တစ်ယောက်က ကဒ်ကလေး ပေးလိုက်တော့ သူကပျော်နေတယ်..။ ကျွန်မတို့ မြန်မာလိုရေးထားတဲ့ စာကို ဖတ်ကြည့်တော့ သူက.. သဘောတွေကျနေတယ်..။ သူ့ကို အားပေးထားတယ်ပေါ့..။ ကျွန်မတို့ကလဲ .. ဘေးနားကနေ စိတ်မကောင်းတဲ့ ရုပ်တွေနဲ့ သူ့ကျောကို သပ်တဲ့သူကသပ်..။ လက်ဖဝါးတွေကို ဆုပ်ကိုင်ထားတဲ့သူက ကိုင်နဲ့..။ အက်တင် အပြည့်ပေါ့..။ သူကတော့ မသိဘူး.. ကဒ်ရလို့ပျော်ပြီး သူ့အရှိန်နဲ့သူ လိမ့်နေတယ်..။ သူပျော်ပေမဲ့ ထူးထူးခြားခြားကြီး အားလုံးက ငြိမ်နေကြတော့ သူနည်းနည်း မသင်္ကာဖြစ်လာတယ်..။ အဲ့မှာ တစ်ယောက်က “ မျိုးကြီး ဒီနေ့ဘာနေ့လဲ သိလား” ဆိုတော့.. သူက ဇဝေဇဝါနဲ့...။ “ ဒီနေ့ World AIDS Day ဟ..။ စိတ်မကောင်းမဖြစ်ပါနဲ့..မျိုးကြီးရာ။ ငါတို့ နင့်ကို မပစ်ထားပါဘူး..အရင်လိုပဲ ခေါ်ပြောမှာပါ။ အားမငယ်နဲ့နော်” လို့လဲ ပြောလိုက်ရော... မျိုးကြီးခမျာ စိတ်ဆိုးရလဲခက် ရယ်လဲ ရယ်ချင်နဲ့ ပါးစပ်ကတော့ အယုတ်မာတွေ အကျင့်ပုတ်တွေစသဖြင့်... နာမည်ကို စုံသွားတာပဲ..။

ခုတော့လဲ တနိုင်ငံစီလဲဝေး... ပြီးတော့ ကိုယ့်အလုပ်တွေ ကိုယ့်ဗာဟီရတွေနဲ့ကိုယ်ဆိုတော့ မတွေ့ဖြစ်ကြတော့ဘူး..။ ဒါပေမဲ့ မှင်စာနဲ့ ကျွန်မကတော့ အားလို့ စကားစပ်မိတိုင်း အဲဒီနေ့လေးအကြောင်းကို သတိတရ ပြောပြီး ရယ်တတ်ကြတယ်..။ မျိုးကြီးဆီမှာ အဲဒီကဒ်လေးရှိသေးလား မရှိတော့ဘူးလား မသေချာပေမဲ့ ကျွန်မတို့ ရင်ထဲမှာတော့ မှတ်မှတ်ရရ ပျော်စရာကောင်းခဲ့ရတဲ့ ဒီဇင်ဘာရဲ့ ပထမဆုံးနေ့လေးက အမြဲ ရှိနေခဲ့တယ်..။




ပျော်ရွှင်ပါစေ
ခင်တဲ့
မလိခ

No comments: