Saturday, June 19, 2010

တစ်ချိန်တုန်းက...

“ရင်နာစွာ.. ပြန်လည်တွေးတိုင်း သတိရမိ..နှစ်ကိုယ်တူညီ ချစ်ဖူးတဲ့ တက္ကသိုလ်ဆီ...”

ကျွန်မတို့ငယ်ငယ် ရန်ကုန်တက္ကသိုလ်စိန်ရတုတုန်းက ကြားဖူးခဲ့တဲ့ သီချင်းလေးပေါ့..။ တစ်ချိန်တုန်းက တက္ကသိုလ်တဲ့...။ ကျွန်မတို့ဆိုရင်တော့ တစ်ချိန်တုန်းက ကောလိပ်လို့ပဲပြောမလား.. တစ်ချိန်တုန်းက ဂျီတီစီလို့ပဲ ပြောရမလား...။ အင်း တစ်ချိန်တုန်းကလို့ ဆိုတာကတော့ အခုနဲ့မတူလို့ပေါ့...။ အဲဒီတုန်းက ယူနီဖောင်းဆိုတာကြီး မဝတ်ရသေးဘူးလေ..။ ကျောင်းထဲဝင်လိုက်တာနဲ့ အရောင်ကိုစုံနေတာပဲ.. ပျော်စရာကြီး...။ ဟိုအင်္ကျီခရမ်းရောင်နဲ့ အစ်ကိုကြီးက ဘယ်လို.. ITကွင်း ဝတ်လာတဲ့ အကျီလေးကဖြင့် ချစ်စရာလေးနဲ့ အတင်းတွေ သတင်းတွေ ပြောရတာလဲ ပျော်စရာကြီး...။

ကျွန်မတို့ကျောင်းမှာ တောလမ်းလို့ခေါ်တဲ့ မြေလမ်းလေးလဲရှိသေးတယ်..။ လမ်းမကြီးနဲ့ ကျောင်းနဲ့ ကြားမှာ သီဟိုဠ်တောလေးရှိတယ်..။ ကျောင်းထဲဝင်တဲ့ ကွန်ကရစ်လမ်းမကြီးက နေပူလွန်းလို့ ... ကျွန်မတို့တတွေ.. သီဟိုဠ်တောစပ်က မြေလမ်းလေးအတိုင်းလျှောက်ကြတယ်.. မိုးမရွာတဲ့နေ့တွေဆိုရင်ပေါ့..။ အပင်ကြိုအပင်ကြားက ကွေ့ဝိုက်သွားရတဲ့ အဲဒီလမ်းလေးက ထီးဆောင်းစရာမလိုအောင်ကို သစ်ပင်ရိပ်တွေနဲ့ အေးမြနေလေ့ရှိတယ်..။ မိုးရွာရင်တော့ ကျွန်မတို့ရဲ့ မြေလမ်းလေးက ရေမြောင်းတိမ်တိမ်လေး ဖြစ်နေတတ်တယ်..။ မြွေပါးကင်းပါးကလဲ ကြောက်တတ်သေးတော့.. အဲဒီလမ်းကိုသွားရင် T-Square ကြီး တရမ်းရမ်းနဲ့ အသံပေးပြီးလဲ သွားရတယ်..။ သူရှောင် ကိုယ်ရှောင်ပေါ့..။

တောလမ်းကနေ ထွက်လိုက်ပြီဆိုရင်ပဲ လမ်းဆုံလေးတစ်ခုကို ဘွားကနဲတွေ့ရပြီ...။ ညာဖက်ချိုးရင် လမ်းရဲ့ ဘယ်ဖက်တစ်ခြမ်းလုံး ခရေပင်တွေပြည့်နေတဲ့ ခရေပင်လမ်း..(ကျွန်မတို့ သူငယ်ချင်း ၇ ယောက်ပေးထားတဲ့ နာမည်ပါ..။ ရှေ့လျှောက် ပါသမျှနာမည်တွေက ကျွန်မတို့ပေးထားတဲ့ နာမည်တွေချည်းပါပဲ.. နာမည်တွေမှာ ရာဇဝင်တွေလဲရှိသေးတယ်ရှင့်..)။ ဒီလမ်းလေးကို နာမည်မှည့်ဖို့လုပ်တုန်းက ကျွန်မတို့သူငယ်ချင်းတစ်စု ကိုယ့်စိတ်တိုင်းကျ နာမည်ပေးချင်စိတ်နဲ့ လုရသေးတယ်..။ နောက်ဆုံး အဝေမတည့်တာနဲ့ပဲ အားလုံးသဘောတူညီမှုနဲ့ ခရေပင်လမ်းဖြစ်သွားခဲ့တယ်..။ ရှေ့တည့်တည့်မှာက မိန်းလမ်း ။ အကျယ်ဆုံးနဲ့ လမ်းအကောင်းဆုံးမို့ ပါ..။ လမ်းရဲ့ ညာဖက်မှာက ကျောင်းအုပ်ကြီးရုံးခန်း၊ ကျောင်းသားရေးရာနဲ့ workshops တွေရှိတဲ့ အဆောက်အဦး.. ပြီးတော့ EC နဲ့ FC Department ရှိတဲ့ အဝါရောင်တိုက်ပုလေး.. ။ လမ်းရဲ့ ဘယ်ဖက်မှာကတော့ နှစ်ထပ် Drawingဆောင်.. နောက်တော့ စာသင်ခန်းတွေမလောက်တာနဲ့ ကျွန်မတို့ ဒုတိယနှစ်မှာ စာသင်ဆောင်ဖြစ်သွားတယ်..။ ကျွန်မကျောင်းကထွက်လာပြီးမှ သူငယ်ချင်းတွေ ဘွဲ့ယူတဲ့ နှစ်မှာတော့ အဲဒီအဆောင်က Convocation Hall ဖြစ်သွားပြန်ပါတယ်တဲ့... တော်တော်စွယ်စုံရတဲ့ အဆောင်ကြီးပါ.။ လမ်းရဲ့အဆုံးနားမှာက ဂျီတီစီကျောင်းသားတို့စုံရာ Canteen..(ကျွန်မပြောတာ စုံရာ နော်... ဆုံရာမဟုတ်ဘူး.. :P။ သူငယ်ချင်းတွေ လူစုံအောင်တွေ့ရတာ အဲဒီတစ်နေရာပဲရှိလို့...:D)။

Canteen ရှိရာ အဝန်းအဝိုင်းလေး အစွန်း ဘယ်ဖက်မှာက စေတီလေး..။ ရင်ပြင်လေးနဲ့ သပ်သပ်ရပ်ရပ် အေးအေးချမ်းချမ်းရှိတဲ့ တစ်ဝဂူစေတီလေး...။ ကျွန်မတို့ကတော့ ဘုရားလေးလို့ခေါ်ကြတယ်။ ဘုရားလေးအနောက်ဖက်မှာက လယ်ကွင်းတွေ..။ ဆောင်းတွင်းဆို အဲဒီလယ်ကွင်းမှာ ပုလဲပန်းလို့ခေါ်တဲ့ ရိုးတံရှည်ရှည်နဲ့ ပန်းဖြူဖြူလေးတွေ အလေ့ကျပေါက်တယ်..။ အဲဒီချိန်ဆို လယ်ကွင်းထဲက ပန်းတွေခူးပြီး.. ဘုရားလေးရင်ပြင်မှာ.. ပန်းတွေကျစ်ကြတယ်..။ ပန်းကျစ်တယ်လို့ သုံးရတာက ဒီလိုပါ...။ ပုလဲပန်းရဲ့အရိုးက မြက်ပင်တွေလိုဆိုတော့ ပျော့တယ်..။ ခူးပြီးရင် ကြာကြာမခံဘူး.. အရိုးကနေ ကျိုးတော့တာပဲ..။ အဲဒီပန်းလေးတွေကို အရိုးလေးတွေ တစ်ခုနဲ့ တစ်ခုလိမ်ပြီး... ကျစ်လိုက်တော့ လွယ်လွယ်နဲ့မကျိုးတော့ဘူးပေါ့..။ ပြီးတော့ ပန်းပွင့်လုံးလုံးလေးတွေကလဲ ကြောင်လိမ်လှေကားလေးလို ဖြစ်နေရော..။ အဲလိုကျစ်တာကို ကျွန်မတို့က “အချစ်”လို့ခေါ်တဲ့ ITကသူငယ်ချင်းက သင်ပေးတယ်လို့ထင်တာပဲ..။ သိပ်တော့မမှတ်မိတော့ဘူး...။ ပြီးရင်တော့ အဲဒီပန်းလေးတွေကို ဘုရားမှာကပ်ကြတယ်..။ တစ်ချို့ကြတော့လဲ အိမ်သယ်သွားကြတယ်..။ ကျွန်မတို့ကျောင်းက ဆောင်းတွင်းဆို ချစ်စရာအကောင်းဆုံးပဲ..။ သိပ်လဲသာယာတယ်..။ ကျောင်းပိတ်ခါနီး နွေဆိုရင်တော့ ပူပြင်းခြောက်သွေ့နေပြီး မိုးရာသီမှာတော့ စာသင်ခန်းကိုသွားဖို့ သိုင်းကွက်နင်းရပါတယ်..။ ဗွက်တွေ နွားချေးတွေကို ရှောင်ရှားရင်းပေါ့..။

အဲဒီ Canteen မရောက်ခင်လေးမှာ ညာဖက်ချိုးသွားတဲ့လမ်းကိုတော့.. ကျွန်မတို့က “နတ်ချောင်း”လမ်းလို့ခေါ်တယ်..။ အဲဒီလမ်းလေးရဲ့ ဘယ်ဖက်မှာ IT Department နဲ့ စာသင်ခန်းတွေ ရှိတဲ့ အစိမ်းနုရောင် တစ်ထပ်အဆောက်အဦးလေးရှိတယ်..။ အဲဒီမေဂျာက ကောင်မလေးကို ကျွန်မသူငယ်ချင်းက သဘောကျတယ်..။ ပြီးတော့ လူကြားထဲ နာမည်ရင်း မခေါ်ပဲ အတင်းပြောလို့ကောင်းအောင် ကျွန်မတို့တွေက ကောင်မလေးကို နတ်ကလျာလို့ခေါ်တယ်..။ တရုတ်သိုင်းကား သိုင်းလောကစိန်ခေါ်သံ ထဲက မင်းသမီးနာမည်လေ...။ ဟဲဟဲ.. ဒီလောက်ဆိုသဘောပေါက်လောက်ပြီပေါ့.. ဘာကြောင့် နတ်ချောင်းလမ်း ဖြစ်သွားရသလဲဆိုတာ...။

နောက်ပြီးရှိသေးတယ်..ခရေပင်လမ်းရယ် နတ်ချောင်းလမ်းရယ်နဲ့ မျဉ်းပြိုင်ရှိတဲ့ EC, FC Department ဆောင်နဲ့ ကျောင်းသားရေးရာတို့ workshops တို့ရှိတဲ့ အဆောင်ကြားထဲက လမ်းကိုခေါ်တာက “မြင်းစောင်းလမ်း” တဲ့..။ အဲဒီလမ်းနဲ့ ကပ်ရပ်ရှိတဲ့ workshop က EP workshop..။ ဒီတစ်ခါက ကျွန်မဇာတ်လမ်း..။ ကျွန်မတို့ထက် တစ်တန်းကြီးတဲ့ အသားဖြူဖြူအရပ်ရှည်ရှည်နဲ့ EPက အစ်ကိုကြီးကို ကျွန်မက သဘောကျတယ်..။ သူငယ်ချင်းတွေကတော့ အဲဒီလူကို အားရပါးရ နာမည်ပေးထားတာက “မြင်းဖြူကြီး”တဲ့...။ ဟဲဟဲ... အဲဒီလမ်းကို ကျွန်မလျှောက်ရင် ကိုယ့်ဌာနရှိတဲ့ဖက် ယောင်လို့တောင်မကြည့်ပဲ EP Workshop ရှိတဲ့ဖက်ပဲ စောင်းကန်းစောင်းကန်းလျှောက်တတ်လို့.. အဲဒီနာမည်တွင်သွားရခြင်းပါ...။ ကျွန်မကလဲ ကျွန်မပဲလေ...။

နောက် မိန်းလမ်းနဲ့ အပြိုင်... လမ်းကိုတော့.. ဘောလုံးကွင်းလမ်းလို့ပဲ ရိုးရိုးလေးပေးလိုက်တယ်..။ အဲဒီကတည့်တည့်သွားရင် ကျွန်မတို့ကျောင်းရဲ့ ဘောလုံးကွင်းကိုရောက်တယ်..။ ဘောလုံးကွင်းရဲ့ ဟိုဘက်မှာက ဆရာ ဆရာမတွေရဲ့အိမ်တွေ...။ ကားလမ်းမနဲ့ဆို ဝေးလွန်းလို့...။ စဉ်းစားကြည့်လေ.. ကြားထဲမှာ သီဟိုဠ်တောရယ်.. တမျှော်တခေါ် ကျောင်းဝင်းကြီးရယ်.. ဘောလုံးကွင်းရယ်..။ အဲဒါတွေလွန်မှ သူတို့အိမ်ကိုရောက်ရတာ...။

No comments: