Monday, June 21, 2010

တစ်ချိန်တုန်းက ၂

ကျွန်မတို့ကျောင်းက နှယ်နှယ်ရရတော့မဟုတ်ဘူးနော်.. သစ်ပုပ်ပင်လဲရှိသေးတယ်....။ လမ်းမနဲ့ ကျောင်းကြားထဲက သီဟိုဠ်တောထဲမှာ ရှိတဲ့ အပင်ကြီးပါ...။ဘာပင်မှန်းတော့မသိဘူး.. ကျွန်မတို့က သစ်ပုပ်ပင်လို့ ခေါ်တယ်..။ အပင်ကတော်တော်ကြီးတယ်.. မိန်းထဲက သစ်ပုပ်ပင်လောက်တောင် ရှိမလားပဲ..။ ဒါပေမဲ့တောထဲမှာဆိုတော့ ဘယ်သူမှသိပ်မသွားကြဘူး..။ ဆရာတွေကို ရှောင်တဲ့ ဖဲဝိုင်းတွေလောက်ပဲ အဲဒီမှာရှိတတ်တယ်...။ ကျွန်မသူငယ်ချင်းတွေကတော့ ဒေသန္တရလေ့လာရေးဆိုပြီး အဲဒီတောထဲက သစ်ပုပ်ပင်ဆီ သွားဖူးကြသေးတယ်( အားတိုင်း.. ပျင်းတိုင်း ကျွန်မတို့ သူငယ်ချင်းတစ်စု အဲလို လေ့လာရေးလို့ ကိုယ့်ဘာသာနာမည်ပေးပြီး ကျောင်းနားတစ်ဝိုက် အတန်းလစ်ပြီး လျှောက်သွားတတ်သေးတယ်..).. အဲဒီနေ့က ကျွန်မကျောင်းမတက်လို့ မရောက်ဖြစ်လိုက်ဖူး...။

ကျွန်မတို့ကျောင်းက ရန်ကုန်ဘက်ကလာရင် ထမလုံဆိုတဲ့ရွာလေး အကျော်မှာရှိပါတယ်...။ အတိအကျဆိုရင်တော့.. ထမလုံရွာပြင်က သင်္ချိုင်းကျော်ရင် ကျွန်မတို့ကျောင်းဝင်းကို စမြင်ရပြီ...။ သင်္ချိုင်းက ကားလမ်းရဲ့ဘယ်ဖက်.. ကျောင်းက ညာဖက်မှာပါ..။ ရွာသင်္ချိုင်း ဆိုတော့ မှုန်မှုန်မှိုင်းမှိုင်း အုတ်ဂူတွေနဲ့ပေါ့.. တစ်ချို့ဆို အဖြူတောင်အရောင်မထွက်ချင်တော့ဘူး..။ အဲဒီ သင်္ချိုင်းမှာ ထူးထူးခြားခြား အုတ်ဂူတစ်ခုရှိတယ်.. မောင်မောင်ညွှန့် အသက် (၃၅)နှစ်တဲ့..။ ဘယ်ကတည်းကရှိတဲ့ အုတ်ဂူမှန်းမသိပေမဲ့ ကျွန်မတို့ကျောင်းစတက်ကတည်းက သတိထားမိခဲ့တယ်..။ အဲဒီအုတ်ဂူက အမြဲတမ်းသစ်လွင်နေပြီး.. နှစ်တိုင်း အရောင်ပြောင်းသုတ်ခံထားရတတ်တယ်..။ အရောင်တွေကလဲ အုတ်ဂူတွေမှာ တွေ့ရလေ့မရှိတဲ့အရောင်မျိုး...။ အပြာရင့်ရင့်တို့ အစိမ်းတို့...။ ကျန်ရစ်သူမိသားစုအတွက် သေသောသူကြာရင်မေ့ဆိုတဲ့စကားက မှန်ခဲ့ပုံမရဘူးထင်ပါတယ်..။ အဲဒီကျောင်းမှာ ကျွန်မကျောင်းတက်ခဲ့တဲ့ သုံးနှစ်လုံးလုံး အဲဒီအုတ်ဂူလေးက လူတိုင်းသတိထားမိလောက်အောင်ကို အမြဲသစ်လွင်နေခဲ့တယ်..။ နောက်အဲဒီအုတ်ဂူကို မမေ့နိုင်တာ နောက်တစ်မျိုးရှိသေးတယ်...

ကျောင်းကဝေးတော့ ကျောင်းကိုလာရင် ကားပေါ်မှာ သူငယ်ချင်းတစ်ယောက်ယောက်ပါလာလို့ စကားပြောရင်းဆိုရင် ကျောင်းထိကားစီးရတာ ဝေးတယ်လို့မထင်မိပေမဲ့.. တစ်ယောက်တည်းဆိုရင်တော့.. ပျင်းစရာကောင်းတာများ အိပ်ကိုငိုက်တယ်...။ အဲလို အိပ်ငိုက်တတ်တဲ့ ကျွန်မတို့သူငယ်ချင်းတွေ အမှတ်အသားလုပ်ထားတာက... ကျောင်းကားစီးပြီးလာတဲ့နေ့ဆို... တလမ်းလုံးငိုက်.. တရေးနိုးလို့ “မောင်မောင်ညွန့် ၃၅” ဆိုရင်.. ကျောင်းရောက်တော့မယ်ဆိုတာ သိပြီ...။အဲလိုမှတ်ထားလိုက်တယ်.. :D

ကျောင်းကားက ကျောင်းထဲတန်းဝင်တာမို့ ကျောင်းကားစီးရင် ငိုက်တာ ကိစ္စမရှိပေမဲ့ ကျောင်းကားမမီလို့ ဘတ်စ်ကားစီးရတဲ့နေ့မျိုးဆိုရင်တော့ ကိစ္စကရှိပြီ...။ မငိုက်ပဲလဲမနေနိုင်ဘူး...။ အဲဒါဆိုရင်တော့... ငိုက်နေရင်း စပယ်ယာက “ကိုတင်မောင်.. ကိုတင်မောင်”လို့ အော်သံကြားရင်.. ကျွန်မတို့က “ကျောင်းရှေ့ပါတယ်” ဆိုပြီး လှမ်းပြောဖို့ အိပ်မက်ထဲထိစွဲပြီးသား..။ ကျွန်မတို့ကျောင်းမရောက်ခင်မှတ်တိုင်က “ဦးတင်မောင်ခြံ”တဲ့..။ ဒါကြောင့် မောင်မောင်ညွန့်၃၅ နဲ့ ကိုတင်မောင်ဆိုတာ ကျွန်မတို့ကျောင်းတက်ခဲ့တဲ့ တလျှောက်မမေ့နိုင်တဲ့ နာမည်၂ခုပါပဲ...။

မှတ်ချက်။ ဒီပို့စ်ရေးနေတုန်း မောင်မောင်ညွန့်က ၃၅ လား ၃၆ လားမသေချာတော့ အိမ်မှာရှိတဲ့ သူငယ်ချင်း၂ယောက်ကို မေးကြည့်တော့.. တစ်ယောက်က ၃၅ တဲ့.. နောက်တစ်ယောက်က ၃၁တဲ့..။ ကျွန်မကတော့ ၃၆လို့ထင်နေပြန်တယ်..။ ၃၁တော့ မဖြစ်လောက်ဖူး..ဆိုပြီး.. ပယ်လိုက်ကြတယ်။ ၃၅က ပိုရင်းနှီးနေသလိုမို့ ၃၅ လိုက်ရပါတယ်...။ သန်လျင်ဂျီတီစီတက်ခဲ့ဖူးတဲ့သူများ မောင်မောင်ညွန့်ကို မှတ်မိခဲ့တဲ့သူများရှိရင် အမှားပြင်ပေးကြပါလို့... :D

No comments: