Saturday, October 27, 2007

ငယ်ငယ်တုန်းက ကျွန်မ...

ကျွန်မအတွက်တော့ ..တစ်ခါတလေ.. ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးရတာ တစ်မျိုးပျော်စရာကောင်းပါတယ်..။ အသက်ကြီးလာတာနဲ့ အမျှ ကျွန်မရဲ့ အတွေးအခေါ်တွေ အယူအဆတွေ ပြောင်းလဲလာတာကို ရုပ်ရှင်ပြကွက်တွေလို ပြန်ပုံဖော်ကြည့်ရတာ စိတ်ဝင်စားစရာကောင်းလှသလို... အခု အသက်အရွယ်က အသိဥာဏ်နဲ့ ငယ်ငယ်တုန်းက တွေးခဲ့ပုံတွေကို ပြန်စဉ်းစားကြည့်ရတာ ရယ်စရာကောင်းလှပါတယ်....။ မှတ်မှတ်ရရ... ပြန်တွေးတိုင်းပြုံးမိတဲ့ အဖြစ်အပျက်ကလေး နှစ်ခုရှိပါတယ်...။
မိတ်ဖြစ်ဆွေဖြစ်လေး ပြောပြချင်လို့ပါ... ။ ဖတ်တဲ့သူတွေပါပြုံးမိတယ်ဆိုရင်တော့ ... ကျွန်မ၀မ်းသာရမှာပါ..။

ကျွန်မကိုကျွန်မ လူမှန်းစသိတဲ့ အရွယ်မှာ ကျွန်မတို့မိသားစု ရှမ်းပြည်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာရောက်နေပါပြီ...။ ကျွန်မ သူငယ်တန်းစတက်တော့ ကျွန်မမေမေ သင်တဲ့ အလယ်တန်းကျောင်းမှာ တက်ရပါတယ်...။ မေမေက အလယ်တန်းပြဆရာမဆိုတော့ ကျွန်မတို့ကို မသင်ရပါဘူး...။ ဒါပေမဲ့ ကျွန်မက မေမေ့သမီးဖြစ်နေတော့ နေ့လည်စာထမင်းစားရင် မေမေတို့ဆရာမတွေ နားနေခန်းမှာ လာစားရပါတယ်...။

အဲဒီနေ့က ပထမဆုံးလပတ်စာမေးပွဲအတွက် ရီပို့ကဒ်တွေ ရတဲ့နေ့ပါ...။ နေ့လည်ထမင်းစားချိန်မှာ မေမေ့ကိုလက်မှတ်ထိုးခိုင်းဖို့ ရီပို့ကဒ်လေးကိုင်ပြီး ကျွန်မ မေမေရှိမယ့်နားနေခန်းကို ရောက်လာပါတယ်..။ ကျွန်မမျက်နှာကလည်း စူပုပ်ပုပ်လေးနဲ့ပေါ့...။ မေမေက ရောက်မလာသေးပါဘူး...။ မေမေ့သူငယ်ချင်းဆရာမက ထမင်းပွဲတွေပြင်နေရင်း ကျွန်မကိုတွေ့တော့ "သမီး ဘာဖြစ်လာတာလဲ..။ မျက်နှာကလည်းစူပုပ်နေတာပဲ ကြည့်ပါဦး" ဆိုပြီး ကျွန်မနားရောက်လာတယ်...။ ကျွန်မက "သမီး ရီပို့ကဒ်မှာ အဆင့်နည်းလို့ပါ" လို့ပြောတော့ သူမက ကျွန်မရီပို့ကဒ်ကို ယူကြည့်တယ်...။ အဆင့် နေရာမှာ ၇/၆၉ လို့ရေးထားတာကို တွေ့သွားတယ်နဲ့ တူပါတယ်...။ ကျွန်မကို ပြုံးပြီး " သြော်.. သမီးက အဆင့်တစ်မရလို့ စိတ်မကောင်း ဖြစ်နေတာလား.. နောက်လ စာမေးပွဲမှာ အဆင့်တစ်ရအောင်လုပ်ပေါ့ သမီးရဲ့.." လို့ဆိုတယ်...။ ကျွန်မပြန်ပြောတဲ့ စကားကို ကြားပြီး.. ကြောင်သွားတဲ့သူ့မျက်နှာရယ်...ပြီးတော့ မေမေနဲ့ တခြားဆရာမတွေ ရောက်လာတော့ သူပြန်ပြောပြလို့ အားလုံးဝက်ဝက်ကွဲ ရယ်ကြတာရယ်ကိုကြည့်ပြီး.. ဘာလို့များပါလိမ့်လို့ အဲဒီတုန်းက ကျွန်မ တကယ်ပဲ နားမလည်ခဲ့တာပါ...။ ကျွန်မပြန်ပြောလိုက်တာက " အဆင့်တစ်မရချင်ပါဘူး .. အဆင့်တစ်ဆိုတာ နည်းနည်းလေး..... သမီးကအဆင့် အများကြီးလိုချင်တာ.."...လို့။
.... ဟုတ်တယ်လေ... အဲဒီအချိန်မှာ သူငယ်တန်းကျောင်းသူကြီး ကျွန်မက တစ်ဆိုတာ.. ဘာမှမရှိတဲ့ သုညပြီးရင် အငယ်ဆုံးပဲဆိုတာ သိနေပြီကိုး....။ .. အဲဒီ အရွယ်ကတည်းက အဆင့်တစ်ဆိုတာကို မက်မက်မောမော မရှိခဲ့တဲ့ သူဆိုပါတော့... :P..။

နောက်တစ်ခုကတော့ အဲဒီအရွယ်တုန်းက ကျွန်မရဲ့ ဆက်စပ်တွေးခေါ်နိုင်မှုလေးပါ..။ ကျွန်မ မိဘနှစ်ပါးလုံးက ၀န်ထမ်းတွေဆိုတော့ ကျွန်မတို့ မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ဖြည့်တင်းဖို့ ကျွန်မတို့အိမ်နောက်ဖေးမှာ ဥစားကြက်တွေမွေးရတယ်..။ ကျွန်မ သူငယ်တန်းဖြေအပြီှး အဲဒီမြို့လေးက ပြောင်းရတော့မယ်ဆိုတော့ မေမေက ကြက်တွေကို ရောင်းထုတ်ဖို့လုပ်တယ်...။ ကြက်တွေကို သုံးကောင်လောက် တစ်စည်း ခြေထောက်တွေကို စုချည်ပြီး အိမ်ရှေ့မှာချ ထားလို့..။ ဝယ်မယ့်သူု ရောက်လာတော့ မေမေတို့ လူကြီးတွေ စကားပြောနေတုန်း ကျွန်မက ကိုယ့်ကိုဘာမှ မလုပ်နိုင်တော့တာ သေချာသွားတဲ့ ကြက်တွေကို လျှောက်ကြည့်ရင်း သတိထားမိတာက ကြက်တွေရဲ့ မစင်ကိုပါ...။ သူတို့မစင်အများစုက အဖြူရောင်ရှိကြတာကို ကြည့်ပြီးကျွန်မ အံ့သြသွားတယ်..။ မေမေ့ကို "မေမေရေ ကြက်တွေ အိမ်ရှေ့မှာ အီးဖြူဖြူတွေပါနေတယ် သိလား.." လို့ ခွေးတွေကြောင်တွေ အိမ်ရှေ့မှာ မစင်စွန့်တာမြင်လို့ တိုင်သလိုမျိုး လှမ်းပြောလိုက်တယ်...။ မေမေက စကားပြောနေရင်းက ကျွန်မကို "အဲဒါ ကြောက်ချီးပါတာ သမီးရဲ့.. " လို့ လှမ်းပြောပြီး သူတို့စကားဝိုင်းကိုဆက်နေတယ်... ။ အဲဒီမှာ ကျွန်မ ဥာဏ်ကြီးရှင်က ဘာသွားတွေးမိလဲဆိုတော့ ....... ... ကျွန်မတို့ အိမ်နောက်မှာ သီးပင်စားပင်တွေစိုက်ထားတာရှိတယ်...။ ချဉ်ပေါင်၊ မုန်ညင်း၊ ဘူး၊ ဖရုံ စသဖြင့်ပေါ့..။ ဖရုံမှာမှ နှစ်မျိုးရှိတယ်..။ ရွှေဖရုံနဲ့ ကျောက်ဖရုံ..။ ရွှေဖရုံက အထဲက အဝါရောင်.. ကျောက်ဖရုံက အထဲက အဖြူရောင်..။ အဲဒါ ကျွန်မရဲ့ prior knowledge ဆိုပါတော့..။ ဒီလောက်ဆို စာဖတ်သူလည်း မှန်းမိလောက်ရောပေါ့..။ :).. ..။ အဲဒါနဲ့ပဲ.. အဖြူရောင်အသားရှိတဲ့ ဖရုံသီးကို ကျောက်ဖရုံသီးလို့ ခေါ်သလို.. .. အဖြူရောင်ရှိတဲ့ ကြက်ရဲ့မစင်ကိုလည်း "ကျောက်ချီး" လို့ ခေါ်တာဆိုပြီး.. ကိုယ့်ဘာသာကိုယ် ကောက်ချက်ချပစ်လိုက်တယ်...။ ကဲ.. မှတ်ကရော.. ဟင်းဟင်းဟင်း... :)))

အဲဒါတွေ ပြန်တွေးမိတိုင်း ကိုယ်ဘာသာပြောမိတာ တစ်ခုရှိတယ်...။ "သြော်.. ငါ့နှယ်နော်" လို့လေ...။ :P

No comments: