မြန်မာပြည်ကို မပြန်ဖြစ်တာ ၂နှစ်လောက်ရှိပြီဆိုတော့ ကျွန်မရော ကျွန်မရဲ့ခရီးသွားဖော်သူငယ်ချင်းရော (သူမက ကျွန်မရဲ့ခရီးသွားဖော်စစ်စစ်ပါ... သူမနဲ့ သွားခဲ့တဲ့ခရီးတွေအကြောင်း ကြုံရင် ပြောပြချင်ပါသေးတယ်) ကျောင်းမပိတ်ခင် ငါးလလောက်အလိုကတည်းက စိတ်ကူးတွေယဉ်ရ ခရီးစဉ်တွေပလန်ဆွဲရနဲ့ အမှန်အတိုင်းပြောရရင် အဲဒီ semester ကိုဘယ်လိုမှကျောင်းမတက်ချင်လောက်အောင်ကို မြန်မာနိုင်ငံပြန်ဖို့ ရူးခဲ့တာပါ.. တခြားသူငယ်ချင်းတွေကိုလည်း ဆွယ်တရားဟောပြီး စည်းရုံးရေးဆင်းကြပါသေးတယ်... ဒါပေမဲ့ ခွင့်မရတဲ့သူနဲ့.. ကျောင်းခေါ်ချိန်မပြည့်မှာကြောက်တဲ့သူနဲ့ (ကျွန်မတို့ အစီအစဉ်ကလဲ ကျောင်းတပတ်ဖျက်ပြီး ပြန်မယ့်အစီအစဉ်ကိုး..) နောက်ဆုံးတော့ ထုံးစံအတိုင်း ကျွန်မတို့ organizer နှစ်ယောက်ပဲ ပြန်လာဖြစ်တယ်..။
၁၆ရက်နေ့ နေ့လည်ရန်ကုန်ရောက်ပြီး ၁၇ရက်နေ့ ညနေ express နဲ့ ကျွန်မတို့နှစ်ယောက်ရယ် ကျွန်မ၀မ်းကွဲညီမ ပေါက်စနရယ် ပုဂံကို စထွက်ကြပါတယ်..(ခုရောက်ခုထွက် လွန်လှချည်လားလို့တော့ မထင်ပါနဲ့ ကျွန်မတို့နှစ်ယောက်ပေါင်းရင် အဲဒီလိုတွေဖြစ်တတ်ပါတယ် မြှောက်ပေးတဲ့သူကလဲရှိတယ်လေ :) ...ကျွန်မမေမေပေါ့..).. သူငယ်ချင်းက တစ်ခြားလူတစ်ယောက်နဲ့ထိုင်ပြီး ကျွန်မကတော့ ကျွန်မညီမလေးနဲ့တူတူထိုင်ရင်း သူပုံစံမျိုးစုံအိပ်သမျှဒဏ်ကိုခံရပါတယ်... ရန်ကုန်ကစထွက်ထွက်ချင်း ထောက်ကြံ့၊ လှည်းကူးကျော်လာတော့ လယ်ကွင်းစိမ်းစိမ်းတွေရယ် ၀င်ခါနီးဆဲဆဲနေလုံးနီနီရယ် သစ်ပင်အုပ်အုပ်လေးတွေနားမှာတွေ့ရတတ်တဲ့ မြူခိုးဖြူဖြူတွေရယ်.. လှလိုက်တာဟယ် ဆိုတဲ့ စကားကိုနှုတ်ဖျားက မချနိုင်အောင်ဖြစ်ခဲ့ရတယ်....။ ပြီးတော့ ကြုံရတာက ခရီးခဏခဏသွားတဲ့ကျွန်မက ကိုယ့်ဘာသာလူတတ်ကြီးလုပ်ပြီး ဘယ်တော့ ပြည် ရောက်မလဲဆိုပြီး မျှော်နေသေးတယ် (အရင်က ပုဂံသွားတဲ့ကားတွေက မကွေးလမ်းကသွားတာကိုး).... နောက်မှသိရတာက ပုဂံသွားတဲ့ ကားတွေက မကွေးလမ်းကြမ်းလို့ မန္တလေးလမ်းကပဲသွားတယ်တဲ့....။
မြန်မာနိုင်ငံ အလယ်ပိုင်းဝင်လာတော့ အညာဆောင်းကသိတဲ့အတိုင်း ...ကားထဲမှာကနွေးနေပေမဲ့ ဘယ်အပေါက်က ဘယ်လိုဝင်လာမှန်းမသိတဲ့ လေက ကျွန်မခြေထောက်တွေကိုတိုက်တော့.... အားပါးပါး စိမ့်နေအောင်အေးသည်....။ ကျွန်မခြေထောက်တင်ရလောက်အောင်လဲ ထိုင်ခုံကမကျယ်... (ကျွန်မ ၀ တာကြောင့်လဲပါမှာပေါ့) ညီမလေးက အိပ်တာက ကိုးလို့ကန့်လန့်... စင်္ကာပူမှာ ရာသီဥတုပူလို့ မကြိုက်ဖူးဆို... မြန်မာပြည်ရဲ့ ဆောင်းတွင်းကို သိပ်ချစ်တယ်ဆို.. ခံပေါ့လို့ ကိုယ့်ဘာသာကို အားပေးရသေးသည်....။ နောက် လမ်းမှာ ကားရပ်တော့ (ဘယ်မှာရပ်တာလဲလို့ မမေးပါနဲ့ ကိုယ့်ဘာသာကို observation ကောင်းတာကို ရှက်လွန်းလို့ပါ).. ကျွန်မတို့သုံးယောက် ကျန်းမာရေးကိစ္စ္စ္စ္စ္စ ရှင်းပြီးတော့ ညစာစားဖို့လုပ်ကြတယ်... လူတတ်ကြီးကျွန်မက ကျန်တဲ့နှစ်ယောက်ကို ဘာစားမလဲမေးတော့ သူတို့က ထမင်းကြော် ကြက်သားနဲ့တဲ့.... ဒါနဲ့ကျွန်မက ကြက်သားနှစ်ပွဲ ၀က်သားတစ်ပွဲလို့ မှာလိုက်ပါတယ်.... ပြီးတော့ အိပ်ချင်မူးတူးနဲ့ဆက်ငိုက်ပါတယ်... ကျွန်မသူငယ်ချင်းက ကျွန်မကိုလက်နဲ့လှမ်းတို့တော့မှ ကြည့်လိုက်တော့ စားပွဲထိုးအမျိုးသမီးက ရှိနေတုန်း... အဲဒီခါကြမှ ကျွန်မလည်းမျက်စိနည်းနည်းကျယ်ပြီး သူငယ်ချင်းဖက်ကို ဘာဖြစ်လို့လဲဆိုတဲ့ အကြည့်နဲ့ကြည့်တော့မှ သူငယ်ချင်းက ၀က်သားမရဘူးတဲ့ တခြားဘာနဲ့စားမလဲလို့မေးနေတာ... ... သူငယ်ချင်းက မသိမသာမေးဆတ်ပြတော့မှ ကြည့်လိုက်တော့ လားလား.... မွတ်စလင်ဘာသာတွေရဲ့ ၇၈၆ အမှတ်အသားတွေ စာတန်းတွေ.. ဆိုင်နံရံမှာကပ်ထားတာမှ အပြည့် ကျွန်မတော်တော်လေး အားနာသွားတာကြောင့် ကြက်သုံးပွဲပဲပေးပါလို့ အလျင်အမြန်မှာလိုက်ရတယ်.... နောက်မှ သတိထားမိတာက အဲဒီအမျိုးသမီးက ဆိုင်ရှင်ဖြစ်ပုံရတယ်.... ကျွန်မဖြင့်အားနာလိုက်တာ ...... အရမ်းပဲ ...... မလိခတို့ ပတ်ဝန်းကျင်လေ့လာရေးကောင်းပုံက အဲဒီလို.... (သူငယ်ချင်းကလဲ သူကျွန်မကို မျက်ရိပ်ပြနေတာ တော်တော်ကြာပြီတဲ့..)...
အဲဒီနောက်မှာတော့ ကျွန်မညီမလေးက ကားဒရိုင်ဘာကြီးက သူမအိပ်ရပဲ သမီးတို့ချည်းအိပ်နေတာကို မနာလိုလို့နဲ့တူတယ်... ကားခဏခဏရပ်တယ်....... အဲဒီလိုပြောရလောက်အောင် အိပ်ပျော်မလိုရှိလိုက် ကားက စစ်ဆေးရေး (သာဝထိမှာလို့ထင်ပါတယ်) ကျန်းမာရေး ခဏခဏရပ်လိုက်နဲ့က လွဲရင် နောက်တစ်နေ့ မနက် ငါးနာရီလောက် ကျွန်မတို့ ပုဂံကို ချောချောမောမောရောက်သွားပါတယ်.... ကိစ္စတစ်ခုကြောင့် မြင်းခြံကိုလာရင်း ပုဂံကိုကြိုရောက်နေတဲ့ ကျွန်မမိဘနှစ်ပါးနဲ့ ကျွန်မတို့သုံးယောက်ဆုံပါတယ်....
ဆက်ရန်
1 comment:
လက်ရှိမြန်မာပြည်ရဲ့ခရီးသွားလေးဆိုကောင်းမှာပါ အဆုံးလေးသာသတ်တယ့်အထိရေးစေချင်ပါတယ်။
Post a Comment