Wednesday, December 21, 2011

Merry Merry Merry Christmas!!!!

သူငယ်ချင်းက ပြောတယ်... အမြဲ ready to smile ဖြစ်နေတဲ့ မျက်နှာပိုင်ရှင်တွေက ပါးစပ်တဝိုက်မှာ အရေးအကြောင်းတွေ ထင်လွယ်တယ်တဲ့...။
ပြုံးကျင့် ရယ်ကျင့် နည်းတဲ့ ကိုယ့်ကိုယ်ကို တိတ်တခိုးကျိတ် ကျေနပ်မိတယ်...

ဝဝပြည့်ပြည့် ဖြစ်နေတဲ့ ခန္ဒာကိုယ်ကို ဝိတ်တော့ချချင်ပါရဲ့...။ ပူဖောင်းကို လေလျှော့ထားတဲ့ ရုပ်ထွက်မှာ ကြောက်လို့ ငြိမ်နေရတယ်... (ဆင်ခြေဟု.. ယူသော် ရ၏)

ဒီနေ့... ဟိုတလောကမှ ရည်းစားလက်မဲ့ ဖြစ်သွားတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ အွန်လိုင်းမှာ တွေ့တယ်...။ သူက ခုရန်ကုန်မှာ..။ ကောင်မလေးတစ်ယောက် တွေ့ထားတယ်တဲ့..။ အသက်လေးက ၂၀ဝန်းကျင်တဲ့..။ ချစ်စရာလေးတဲ့..။ ခင်တာမှ လေးငါးရက်ပဲ ရှိသေးတယ်တဲ့..။ ၂ရက်လောက် မှာ ကောင်မလေးကို အိမ်ကို ခေါ်လာတယ်တဲ့..။ အဲ့တော့မှ ကောင်မလေးက သူ့နာမည်မေးတယ်တဲ့..။ အိမ်ရောက်တော့ ကောင်မလေးကို တယုတယ ဖက်ထွေးပြီး အိပ်ချင်တယ်လို့ ပြောတော့ ကောင်မလေးက မသိနားမလည်တဲ့ ကလေးလေးလို ပြန်ကြည့်တယ်တဲ့...။
ပြန်ပြောလိုက်မိတယ်.. မေးရဲတဲ့ နင့်ကိုလဲ အံ့သြတယ်... ပါးရိုက်မလွှတ်လိုက်တဲ့ ကောင်မလေးကိုလဲ အံ့သြတယ်လို့...။
တခါတခါလဲ ရုပ်ရှင်တွေထဲကလို... “ အလို... လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ ” လို့ ခေါင်းတခါခါနဲ့ အော်တယ်...။
တခါတခါလဲ ဒီခေတ်ဒီအခါကြီးထဲ သားသမီးမွေးရမှာ ကြောက်စရာကြီးလို့ တွေးတယ် ။ မွေးဖွားစရိတ်။ ဆေးရုံစရိတ်။ နို့မှုန့်ဖိုး။ ဈေးကြီးလွန်းလှတဲ့ ကလေးပစ္စည်းပစ္စယ။ ကျောင်းစရိတ်။ မုန့်ဖိုး။ အဝတ်အစားဖိုး....။ ဘာဖိုး ညာဖိုး... ဟိုဖိုး ဒီဖိုး.......
ဖေဖေနဲ့ မေမေက တော်တော် ကျေးဇူးတင်စရာ ကောင်းတာပဲ....

နောက် အသက်ခပ်ကြီးကြီးမိတ်ဆွေ တစ်ယောက်နဲ့ တွေ့တယ်..။ အွန်လိုင်းမှာပဲ...။ သူ့မလဲ အွန်လိုင်းရည်းစားတွေ များလွန်းလို့..။ အသက်လဲကြီးပြီ ဒီလိုတွေနဲ့ အချိန်ကုန်မနေနဲ့တော့ ဘုရားတရားလေးတော့ လုပ်သင့်ပြီထင်တယ်လို့... သွားဆရာလုပ်မိတယ်...။
မိတ်ဆွေချင်း မျက်နှာ ပျက်စရာ ဖြစ်လုလု ဖြစ်ခဲ့ရတယ်...။

အော် ဒုက္ခ ဒုက္ခ....။ ငါ့မလဲ အနေမတတ်လိုက်လေခြင်းရယ်လို့ပဲ ညည်းလိုက်တယ်...။

Christmas Eve ကျရင်တော့ ဘော်ဒါတွေနဲ့ ဘာဘီကျူး လုပ်စားမယ်...။ ဘာဘီဆိုတာ ဝက်သားကို ခေါ်ပေမဲ့.. ဝက်သားတော့ ပါမယ်မထင်ဘူး..။ ဒါပေမဲ့ အိုကေပါတယ်..။ အစားအသောက် ဂျီးမများဘူး..။ ကိုယ်မလုပ်ရရင် အကုန်စားကောင်းတယ်..။ အိတ်ထဲက ပိုက်ဆံမထွက်ရင် ပိုလို့တောင် စားကောင်းသေးတယ်...။

၂၃ရက်နေ့ကိုတော့ ဆာကူရာမှာ ဂျပန်စာ သွားစားမယ်..။ ပိုက်ဆံလား...။ လူမိုက်နဲ့ငွေ အတူမနေဆိုတာ အလကားပြောတာ..။ တကယ်က ရှိပူရသေး ကုန်မှအေး...။ အပူတွေကို မကိုင်ထားချင်ဘူး...။ သုံးပစ်တယ်..။

ရန်ကုန်ပြန်ခါနီး မောင်ဝမ်းကွဲလေး အကြောင်းကို ရန်ကုန်က လူကြီးတွေကို ဖုန်းဆက်ပြီး တိုင်တယ်..။ ဒါမှ လေယာဉ်ပေါ်က ဆင်းဆင်းချင်း သြဘာစာရွတ်ခံရမယ်..။ ကလေးတွေကလဲ ခက်တယ်... ဘာမှကို စိတ်တိုင်းကျစရာ မတွေ့ဘူး..။ ကိုယ့်တုန်းကရော...။ အော်.... ပြီးသွားတာတွေ ပြန်မစဉ်းစားဘူး ခေါင်းရှုပ်တယ်..။

ဘာပဲ ဖြစ်ဖြစ်... ခရစ္စမတ်မှာ အောချက်သွားမယ်...။ မီးတွေထွန်းတာသွားကြည့်မယ်..။ တွေ့သမျှ ဓာတ်ပုံတွေ လျှောက်ရိုက်ပြီးမှပဲ ပို့စ်တခု ထပ်ရေးမယ်...။

New Year Wish တွေ FB မှာ ပလူပျံနေတယ်..။ ဘာမှလဲ မလိုချင်ပါဘူး..။ လိုချင်တိုင်းလဲ ရတာကျလို့..။ ကိုယ့်ဘာသာကို လုပ်ယူရတာချည်းပဲ..။ ပင်ပန်းတယ်..။ ဘာမှ မလိုချင်ဘူး..။ ပိုက်ဆံတွေ အထုပ်လိုက် လာပေးပါမယ်ဆိုရင်တောင်...။ ပေးတဲ့သူကို ဒီလူဘယ်ကရလာတာပါလိမ့်လို့ သံသယမျက်လုံးနဲ့ ကြည့်မယ့် ကိုယ့်အကြောင်းကိုယ် လဲသိတယ်..။ နားအေးပါးအေးလေး နေရရင်ပဲ တော်ပီ...။

အားလုံးကိုတော့... Merry X'mas & Happy New Year ပါ....။
တောင်းတဲ့ဆုတွေ ပြည့်ပါစေ....


ပျော်ပါစေ
ခင်တဲ့
မလိခ

Wednesday, December 7, 2011

စိတ်နဲ့ မတွေ့တာလေးတွေ

“ညည်းတို့ ခေတ်များ ဘယ်ကြည့်ကြည့် ကျုပ်စိတ်နဲ့ကို မတွေ့ပါဘူး” လို့ ညည်းပြောလေး ပြောတတ်တဲ့ အဘွားတစ်ယောက်ကို သတိရမိတယ်..။ အဲဒီစကားကြားတိုင်းလဲ ကျွန်မ ပြုံးမိခဲ့တယ်...။ ဘာရယ်မဟုတ်ဘူး... သဘောကျလို့..။

ကျွန်မလဲ အသက်လေးရလားလို့ပဲလား မသိဘူး.. အဘွားလို စိတ်ထဲမတွေ့တာတွေ တွေ့တွေ့လာရတယ်..။ သူများနိုင်ငံမှာ နေတာဆိုတော့ ပိုဆိုးပေါ့ ...။ ငယ်ငယ်ကတော့ ကိုယ့်စိတ်နဲ့မတိုက်ဆိုင်ရင် တခုခုဆို အားမနာပါးမနာ ပြန်ပြောလို့လား မသိဘူး... စိတ်ထဲ မတွေ့လိုက်တာဆိုပြီး တနုံ့နုံ့ဖြစ်စရာမျိုးက ခပ်ရှားရှားရယ်..။ ခုတော့ တကယ်ပဲ ဘယ်ကြည့်ကြည့် စိတ်ထဲ မတွေ့ဘူးချည်း ဖြစ်နေတယ်..။

ကျွန်မ သူဌေးက စိတ်ရင်းလေး ကောင်းပါတယ်...။ ပြောရရင် ကျွန်မ part-time ရော Full-time ရော အလုပ်လုပ်ခဲ့ဖူးသမျှ အလုပ်ရှင်တွေထဲ သူအကောင်းဆုံးလို့တောင် ပြောလို့ရတယ်..။ ဒီကသူဌေး တော်တော်များများက သူများဆီကတော့ ရသလောက် ဖျစ်ညှစ်ယူမယ် ကိုယ့်ဘက်ကျတော့ မပေးချင်ဘူး..။ ကျွန်မ သူဌေးကတော့ အဲလို မဟုတ်ဘူး..။ သူက ပေးတယ်.. ။ ဘာလို့ပေးလဲဆို သူများဆီက ပြန်ရချင်လို့ကိုပေးတာ..။ အကျိုးမျှော်ကိုးပြီး ပေးတယ်.ပြောရမှာပေါ့.။ ဒါပေမဲ့ စီးပွားရေးလုပ်တဲ့နေရာ မှာတော့ ဒါက ဖြစ်သင့်တဲ့ ကိစ္စပဲ..။ သူများဆီက များများရဖို့ ကိုယ့်ဘက်က နည်းနည်းတော့ ချွေချပေးရတာပေါ့..။ မဟုတ်ဘူးလား..။ ကျွန်မတို့ မြန်မာစကားမှာတောင် ရှိပါတယ်.. “ထောင်မြင် ရာစွန့်” ဆိုတာ..။ အဲဒီ ကိစ္စကြီးက စီးပွားရေးမှာ ဖြစ်သင့်ပေမဲ့ တခြားအရေးကျတော့ ကျွန်မစိတ်နဲ့ မတွေ့တော့ဘူး...။

ဟိုတစ်နေ့ကပေါ့... ရှားရှားပါးပါး အလုပ်ပါးရက်လေး တစ်ရက်မှာ သူဌေးက ကျွန်မကို ဒီလို စကားစတယ်..။ “ပြီးခဲ့တဲ့ အားလပ်ရက်တုန်းက ငါ့မြေးနဲ့ အတူတူ ရှော့ပ်ပင်းမောလ်တွေ သွားတယ်..။ ခရစ္စမတ်အတွက် သူတို့ ပြင်ဆင်နေကြပြီ..။ ဆိုင်တွေ ဆိုင်တွေက အပြိုင်အဆိုင် မီးဆိုင်းတွေ အလှဆင်ပစ္စည်းတွေနဲ့ ပြင်ကြတာများ လှလိုက်တာ။ အဲဒီမှာ ငါ စဉ်းစားမိတာ တစ်ခုက.. Christmas ဆိုတာ Give away လုပ်တဲ့ အချိန်ပဲလို့..။ အဲဒါနဲ့ third world country က ကလေးတွေအတွက် အလှူခံနေတာ တွေ့တာနဲ့ ငါလဲ အလှူငွေ ထည့်ခဲ့လိုက်တယ်” တဲ့....။ အဲဒီ အထိ ကျွန်မ မလိခကလဲ ငြိမ်ငြိမ်သက်သက်ကို နားထောင်နေတာ... စိတ်ထဲကလဲ အော်.. ကောင်းလိုက်တာ.. ငါလဲ ကြုံရင် လှူဦးမှ.. ပေါ့.. တွေးနေတာ...။ အဲ ..... အဲ့မှာ ဆက်လာတဲ့ စကားက ကျွန်မစိတ်နဲ့ စ မတွေ့တော့တာပဲ...။ ဘာပြောတယ် မှတ်တုန်း.. “ ငါ အဲဒီလှူထားတာလေးကို Company ကနေ ပြန် claim လို့ ရမလား ” တဲ့...။ စိတ်ကို ကုန်ပါရော ဆိုတာ...။ ဘယ်နှယ့်... ကိုယ့်စေတနာလေးနဲ့ကိုယ် လှူတာကို company ကနေ ပြန် claim ချင်ရတယ်လို့..။ ရယ်ချင်စိတ်ပေါက်လာတာများ ဆိုတာလဲ အူထဲအသည်းထဲကနေ လှိုက်ခနဲ လှိုက်ခနဲ ကို နေတာပဲ..။ အားနာတတ်တဲ့ မလိခ ဆိုတော့ ရယ်ချင်စိတ်ကို အတင်း ကျိတ်မှိတ်မြိုသိပ်လိုက်တာ.. မမြိုသိပ်နိုင်တဲ့အဆုံး မျက်နှာမှာ ဘယ်လို အပြုံးကြီး ပေါ်သွားတယ် မသိပါဘူး...။ အဲဒီအပြုံးကို မြင်ပြီးတာနဲ့ သူဌေးလဲ ဘာမှ ဆက်မပြောပဲ ရုံးခန်းထဲကနေ ကျောခိုင်းထွက်သွားတော့တယ်..။ ကျွန်မစားပွဲပေါ်လဲ အလှူခံဖြတ်ပိုင်းလေး ရောက်မလာခဲ့ဘူး...။

အဲဒီအပြုံးကြီး သူ့အာရုံထဲမှာ မေ့သွားတဲ့ အခါကျရင်တော့ ကျွန်မရဲ့ စားပွဲပေါ်ကို အဲဒီအလှူခံဖြတ်ပိုင်းလေး ရောက်လာလေမလားလို့ ....... တွေးမိရင်း...




ပျော်ရွှင်ပါစေ
ခင်တဲ့
မလိခ

Saturday, December 3, 2011

အပြင်လူ

စာရေးဆရာ မင်းလူရေးတဲ့ ဝတ္ထုတို တစ်ပုဒ်ကို သတိရမိတယ်..။ နာမည်တော့ မမှတ်မိတော့ဘူး..။ ကောင်လေးတစ်ယောက်ရဲ့ နေရာကနေ ရေးထားတဲ့ ဇာတ်လမ်းလေး..။ ကောင်လေးကို ကောင်မလေးက ပစ်သွားပြီး ကောင်လေးထက် အစစအရာရာသာတဲ့ လူတစ်ယောက်နဲ့ လက်ထပ်သွားတာကို ကောင်လေးကိုယ်တိုင်က သိပ်ကြီးမခံစားရတော့တဲ့ အချိန်ထိတောင် သူတို့နှစ်ယောက်ပတ်သက်ခဲ့ဖူးတဲ့ ပတ်ဝန်းကျင်က လူတွေက ကောင်မလေးကို မကျေနပ်ဖြစ်နေတုန်း သူ့ကို သနားဂရုဏာသက်နေကြတုန်း....။ အဲလိုမျိုးလေး ဇာတ်လမ်းလေးက...။

ကျွန်မထိတွေ့ဖူးတဲ့ ပတ်ဝန်းကျင်မှာ ဇာတ်လမ်းလေးတစ်ခု ဖြစ်သွားခဲ့တယ်...။ ကျွန်မက အပြင်လူပေါ့...။ ဖခင်က မိသားစုတစ်စုကို စွန့်ခွာသွားခဲ့တယ်..။ ဝတ္ထုတွေ ရုပ်ရှင်တွေမှာ တွေ့နေကျ ဇာတ်လမ်းမျိုးပါပဲ..။ ဒါပေမဲ့ ကျွန်မပတ်ဝန်းကျင်မှာ ဖြစ်သွားတော့ မယုံနိုင်ဘူး ဖြစ်ခဲ့တယ်...။ ကာယကံရှင်တွေမှာ သိပ်ကို ခံစားရမှန်း သိပေမဲ့... ကျွန်မကိုယ်တိုင် trauma ရသွားတယ်..။ ဘယ်လောက်တောင်လဲဆို ကျွန်မ ဖခင်ကို သံသယမျက်လုံးတွေနဲ့ မသိမသာ ကြည့်မိတဲ့ အထိ... ပြီးတော့ ခေါင်းထဲ ခဏခဏ ရောက်လာတဲ့ အတွေးက.. “ ဖေဖေသာ ကျွန်မတို့ကို အဲလိုလုပ်သွားခဲ့ရင်....”။ ကျွန်မနဲ့ သူမ အမြဲ အဆက်အသွယ်ရှိပေမဲ့ အဲ့ဒီအကြောင်းကိုတော့ ဆယ်စုနှစ် တစ်ခုစာလောက် စကားစပ်လို့တောင် မပြောဖြစ်ခဲ့ကြဘူး..။

နှစ်အကြာကြီး တွဲလာတဲ့ သူမနဲ့ သူမချစ်သူတို့ ဘယ်တော့ လက်ထပ်ကြမှာလဲလို့ ကျွန်မမေးလိုက်တော့ သူမက “ငါကြောက်နေတယ်... တော်ကြာ သူက ငါနဲ့ လက်ထပ်ပြီးမှ ဆိုးသွားရင် ဘယ်လိုလုပ်မလဲ” တဲ့..။ သူမ အဖြေက ကျွန်မကိုယ်တိုင်ရင်ထဲက ဖြေဖြစ်နေတဲ့ အဖြေဖြစ်နေခဲ့တယ်...။ နောက် နှစ်နှစ် သုံးနှစ်လောက် အကြာမှာတော့ သူမရော ကျွန်မပါ အိမ်ထောင်ကိုယ်စီပြုခဲ့ကြတယ်..။ သူမနဲ့ ကျွန်မလဲ အကြောင်းကြောင်းတွေကြောင့် အဆက်အသွယ်ပြတ်နေခဲ့တယ်..။ သူမဖခင် သူမတို့နဲ့ အတူတူပြန်လာနေတယ်.. ဆိုတဲ့ သတင်းကြားတော့ ကျွန်မ ကြားထဲကနေ မကျေမနပ်နဲ့ အားမလိုအားမရဖြစ်နေမိတယ်...။

တကယ်တော့ သူမက ခွင့်လွှတ်တတ်တဲ့ အငြှိုးမထားတတ်တဲ့ ဖခင်ကို သိပ်ချစ်တဲ့ သမီးတစ်ယောက်...။ ကျွန်မကရော... ။ ကျွန်မကတော့ ခွင့်လွှတ်တတ်အောင် သင်ယူနေတဲ့ အငြှိုးမကြီးသော်လဲ အမှတ်ကြီးတတ်တဲ့ အပြင်လူတစ်ယောက်ပါ...။

တကယ်လို့များ..... ကျွန်မသာ သူမ နေရာမှာဆိုရင်ရော...ဘယ်လို ဆုံးဖြတ်မှာလဲ...???? ကျွန်မ မသိဘူး...။ ပြောပြီးပါပြီရောလား.... ကျွန်မက ခွင့်လွှတ်တတ်အောင် သင်ယူနေတဲ့ အငြှိုးမကြီးသော်လဲ အမှတ်ကြီးတတ်တဲ့သူပါလို့...။ ဒါပေမဲ့ ကျွန်မလဲ ကျွန်မဖေဖေကို သိပ်ချစ်တယ်.....။




ပျော်ရွှင်ပါစေ
ခင်တဲ့
မလိခ

Friday, December 2, 2011

မှတ်မှတ်ရရ ဒီဇင်ဘာ

တနှစ် တနှစ် ကုန်သွားလိုက်တာကလဲ မြန်လိုက်တာနော်..။ လှစ်ကနဲ လှစ်ကနဲပဲ...။ ဘာလိုလိုနဲ့ ဒီဇင်ဘာတောင် ပြန်ရောက်လာပြီ..။ ကျွန်မရဲ့ အိမ်ထောင်သက်လဲ တနှစ်ပြည့်သွားပြီ..။ (ဘာမှလဲ မဆိုင်ဘူးနော်.. :P)..။ ၂၀၁၁ ကိုပြန်ကြည့်တော့ ကျွန်မရေးခဲ့တာတွေက တနှစ်လုံးမှ ၅ပို့စ်ပဲ ရှိတယ်။ အော် တော်တော်လက်နှေးတဲ့ ငါပါလား.. လို့..။ တကယ်က ရေးချင်တာတွေက အများကြီးရယ်.. လက်က မလိုက်နိုင်တာ..။ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေတယ် ဆိုပါတော့.. :D..( အပျင်းကြီးနေလို့ပါ လို့ ပြောရင် လူကြားမကောင်းဘူးလေ.. ဟုတ်တယ်ဟုတ်..:D)

ဒီဇင်ဘာဆို မြန်မာပြည်ကိုလွမ်းတယ်..။ သန်လျင်က ကျောင်းတော်ကြီးကိုလွမ်းတယ်...။ ဒီချိန်ဆို ကျွန်မတို့ကျောင်းက လယ်ကွင်းတွေထဲ ပက်ကြားအက်တွေကြားထဲကနေ ပုလဲပန်းလေးတွေ ပေါက်နေလောက်ပြီ..။ နေရောင် နွေးနွေးအောက်မှာ လေအေးအေးတချက်တိုက်လိုက်တိုင်း ပန်းလေးတွေယိမ်းထိုးသွားတာကို ကြည့်ရတာက လွမ်းစရာ..။ ဒီလိုရာသီဆို အတန်းတချိန်နဲ့ တချိန်ကြားမှာ လယ်ကွင်းတွေ အစပ်က ဘုရားလေးနားကို ကျွန်မရောက်လာတတ်ပြီ..။

ကျွန်မတို့ကျောင်းက ဒီဇင်ဘာဆို အလှဆုံးပဲ..။ အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကလဲ နေ့လည်ထမင်းစားချိန်ဆို အေးစက်နေပြီ...။ အနန္တမေတ္တာဆိုင်မှာ ထိုင်ပြီး ဟင်းရည်ပူပူတပွဲကို အားလုံးရှယ်ပြီး မှာ... ကိုယ့်ချိုင့်သူ့ချိုင့်ထဲက ဟင်းတွေ ဖလှယ်စား.. တော်တော်ပျော်စရာကောင်းခဲ့တာ..။ ပြီးရင် ပေါက်ကရတွေပြော ရယ်ကြ ဟားကြ..။ တချို့ရယ်စရာတွေက ကျွန်မတို့အချင်းချင်း အပြင်မှာ ပြောရင်သာ ရယ်ရတာ.. စာလုံးတွေ အဖြစ်ပြောင်းဖို့ကျတော့ အဲလောက် ရယ်စရာကောင်းချင်မှ ကောင်းတော့မှာ..။ တယောက်တခွန်း တယောက် တပေါက် ပြောချင်ရာတွေ ပြော...။ ခုလဲ အိမ်မှာ ကျွန်မရယ် မှင်စာရယ် ကျောင်းတုန်းက အဖြစ်တွေ ပြောပြီး ရယ်လို့မဆုံးနိုင်တုန်း..။ မှင်စာ့အိမ်ဦးနတ် စာပေဗိမာန် ကဆို ကျွန်မတို့ နှစ်ယောက်ကို ကြည့်ပြီး တရားရသလို ခေါင်းတခါခါနဲ့ နင်တို့နှစ်ယောက်ဟာလေ အသက်လဲ ကြီးပြီ ခုထိပေါတုန်းလို့... အားရင် အားသလို နှိပ်ကွပ်တတ်သေးတယ်..။ ကျွန်မတို့နှစ်ယောက်ကတော့ သူ့ကို အဖိုးအိုပေါက်စလို့ ပြန်ကင်ပွန်းတပ်ထားတယ်..။ သူက သူ့ကိုယ်သူ ငယ်သူငယ်ချင်းတွေနဲ့ဆုံရင် အရင်ကအကြောင်းတွေ ပြန်ပြောပြီး ဟီလာတိုက်ဖို့ မသင့်တော့တဲ့ အရွယ်လို့ ထင်နေတာလေ..။ ခက်တာက တအိမ်ထဲ နေကြတာဆိုတော့ အားလို့ မျက်နှာချင်းဆိုင်မိတိုင်း ကျွန်မနဲ့ မှင်စာက ဟီးဟီးဟားဟားတွေပြော... သူက ကျွန်မတို့နှစ်ယောက်ကိုကြည့်ပြီး စိတ်တွေလေ... ။ တနေ့ တနေ့ အဲလို...။

မှတ်မိသေးတယ်...။ second year တက်နေတုန်းကထင်တယ်..။ နိုဝင်ဘာလကုန်ပိုင်းတစ်ရက်မှာ သတင်းစာထဲကလား စာအုပ်တစ်အုပ်ထဲကလားမသိဘူး.. ဒီဇင်ဘာ ၁ရက်နေ့က world AIDS day ဆိုတာ ကျွန်မ သိလိုက်တယ်..။ အဲတာ ကျန်တဲ့ လူတွေနဲ့ တိုင်ပင်လိုက်တော့ ကျောင်းမလာတဲ့ မျိုးကြီး ခံရဖို့ဖြစ်လာတော့တာပဲ..။ ကျွန်မတို့ ကဒ်လှလှလေး တစ်ကဒ်ရှာဝယ်ကြတယ်...။ ကဒ်က နေမကောင်းလာတဲ့ သူ နေပြန်ကောင်းလာဖို့ အားပေးတဲ့ ကဒ်မျိုး..။ စာသားလှလှလေးတွေနဲ့ get well soon ဘာညာပေါ့ပါတယ်..။ အဲဒီကဒ်ကို ကျွန်မတို့က ထပ်ဖြည့်ပြီး ရေးကြတယ်... “ မျိုးကြီး... ဘာပဲဖြစ်ဖြစ် ဘဝကို အရှုံးမပေးပါနဲ့..။ နင့်ဘေးမှာ ငါတို့ရှိနေမှာပါ..” အဲလို ဆန်ဆန်စာသားမျိုး ရေးပြီး အောက်မှာ ကျန်တဲ့ ခြောက်ယောက်လုံး လက်မှတ်တွေ ထိုးထားကြတယ်..။ နောက်နေ့ ၁ရက်နေ့ကျတော့ ကျွန်မတို့ ခြောက်ရောက်လုံး ကျူရှင်မှာ အဆင်သင့်ဖြစ်နေပြီ..။ စပ်ဖြီးဖြီးမျက်နှာတွေကို ညှိုးညှိုးငယ်ငယ်ဖြစ်အောင်လဲ မနည်း ကြိုးစားထားကြတယ်..။ မျိုးကြီးလဲ ရောက်လာရော ထုံးစံအတိုင်း ဟီးဟီးဟားဟားပေါ့...။ တစ်ယောက်က ကဒ်ကလေး ပေးလိုက်တော့ သူကပျော်နေတယ်..။ ကျွန်မတို့ မြန်မာလိုရေးထားတဲ့ စာကို ဖတ်ကြည့်တော့ သူက.. သဘောတွေကျနေတယ်..။ သူ့ကို အားပေးထားတယ်ပေါ့..။ ကျွန်မတို့ကလဲ .. ဘေးနားကနေ စိတ်မကောင်းတဲ့ ရုပ်တွေနဲ့ သူ့ကျောကို သပ်တဲ့သူကသပ်..။ လက်ဖဝါးတွေကို ဆုပ်ကိုင်ထားတဲ့သူက ကိုင်နဲ့..။ အက်တင် အပြည့်ပေါ့..။ သူကတော့ မသိဘူး.. ကဒ်ရလို့ပျော်ပြီး သူ့အရှိန်နဲ့သူ လိမ့်နေတယ်..။ သူပျော်ပေမဲ့ ထူးထူးခြားခြားကြီး အားလုံးက ငြိမ်နေကြတော့ သူနည်းနည်း မသင်္ကာဖြစ်လာတယ်..။ အဲ့မှာ တစ်ယောက်က “ မျိုးကြီး ဒီနေ့ဘာနေ့လဲ သိလား” ဆိုတော့.. သူက ဇဝေဇဝါနဲ့...။ “ ဒီနေ့ World AIDS Day ဟ..။ စိတ်မကောင်းမဖြစ်ပါနဲ့..မျိုးကြီးရာ။ ငါတို့ နင့်ကို မပစ်ထားပါဘူး..အရင်လိုပဲ ခေါ်ပြောမှာပါ။ အားမငယ်နဲ့နော်” လို့လဲ ပြောလိုက်ရော... မျိုးကြီးခမျာ စိတ်ဆိုးရလဲခက် ရယ်လဲ ရယ်ချင်နဲ့ ပါးစပ်ကတော့ အယုတ်မာတွေ အကျင့်ပုတ်တွေစသဖြင့်... နာမည်ကို စုံသွားတာပဲ..။

ခုတော့လဲ တနိုင်ငံစီလဲဝေး... ပြီးတော့ ကိုယ့်အလုပ်တွေ ကိုယ့်ဗာဟီရတွေနဲ့ကိုယ်ဆိုတော့ မတွေ့ဖြစ်ကြတော့ဘူး..။ ဒါပေမဲ့ မှင်စာနဲ့ ကျွန်မကတော့ အားလို့ စကားစပ်မိတိုင်း အဲဒီနေ့လေးအကြောင်းကို သတိတရ ပြောပြီး ရယ်တတ်ကြတယ်..။ မျိုးကြီးဆီမှာ အဲဒီကဒ်လေးရှိသေးလား မရှိတော့ဘူးလား မသေချာပေမဲ့ ကျွန်မတို့ ရင်ထဲမှာတော့ မှတ်မှတ်ရရ ပျော်စရာကောင်းခဲ့ရတဲ့ ဒီဇင်ဘာရဲ့ ပထမဆုံးနေ့လေးက အမြဲ ရှိနေခဲ့တယ်..။




ပျော်ရွှင်ပါစေ
ခင်တဲ့
မလိခ