Monday, October 29, 2007

ကျွန်မရဲ့မေမေ...


မေမေ့ အတွက်တော့ ကျွန်မက သိပ်လိမ်မာတဲ့သမီးတစ်ယောက် မဟုတ်ခဲ့ပါဘူး......။ခေါင်းမာပြီး လုပ်ချင်တာလုပ်တတ်တဲ့ ကျွန်မရဲ့အကျင့်ကြောင့် သမီးမိုက်မဟုတ်ရင်တောင် သမီးလိမ်မာတော့ မဟုတ်တာသေချာပါတယ်....။.တစ်ခါတစ်ခါများဆို..မေမေက ဒါလေးလုပ်လိုက်ပါလား သမီးရယ်လို့ ချော့မော့ပြီးပြောရင်တောင်မှ..... ကျွန်မမလုပ်ချင်ရင်...မေမေမျက်နှာညိုသွားမလား..ဆိုတာလည်းမစဉ်းစားပဲ...လုံးဝကိုမလုပ်ပဲနေပါတယ်..။.မေမေပြောဆိုဆုံးမနေတဲ့ကြားကပဲ အဲဒီလိုခေါင်းမာတဲ့အကျင့်ကြောင့် ကျွန်မဘ၀မှာ ဆုံးရှုံးမှုတစ်ချို့ရှိခဲ့ပါတယ်..။ အချိန်မကြာသင့်ပဲ ကြာခဲ့ရတာတွေလည်းရှိခဲ့ပါတယ်.....။ ဒါပေမဲ့ တော်တော်များများကိုတော့ ကျွန်မခုထိ နောင်တမရသေးပါဘူး...။ အဲဒီလို ကိုယ်မှန်တယ် ထင်တာလုပ်တတ်တော့...မေမေ့ရဲ့ဆုံးမစကားတွေဟာ ကျွန်မမှတ်ဥာဏ်ထဲမှာ...ခပ်မှိန်မှိန်ဖြစ်နေတာကြာလှပေါ့....။

ဟိုတစ်နေ့က သူများစကားဝိုင်းကို ဘေးနားမှာ computer သုံးရင်း နားစွန်နားဖျားကြားလိုက်မိတယ်....။ သူတို့က မိသားစုတစ်စုအကြောင်းကို ပြောနေကြတာပါ...။ မိဘတွေက တအားချမ်းသာပြီး သားသမီးတွေက သုံးဖြုန်းပျက်စီးနေတယ်ဆိုတာမျိုးတွေပေါ့....။ တော်တော်အသုံးမကျတဲ့ လူ့ဘော်ကြော့တွေ...စသဖြင့်..။ ပြောရရင်တော့ သူတို့မိသားစုရဲ့မကောင်းကြောင်းတွေချည်းပါပဲ...(တကယ်ပဲကောင်းသလား ဆိုးသလားဆိုတာတော့ ကျွန်မနဲ့မသိတော့ ကျွန်မမပြောတတ်ပါဘူး)။ သူတို့နဲ့သိသလားဆိုတော့လည်း မသိကြပါဘူး။ ဒီလို တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ ပြောနေကြတာမျိုးပါ...။ ကြာတော့..ကြားရတာကျွန်မနားထဲ ကန့်လန့်ဖြစ်လာတယ်..။ အဲဒီမှာ..ကျွန်မငယ်ငယ်တုန်းက မေမေပြောဖူးတာ သွားသတိရမိတယ်....။

အဲဒီတုန်းက ကျွန်မ ၇တန်း၊ ၈တန်း ကျောင်းသူအရွယ်ပါ..။ ကျောင်းကပြန်ရောက်တိုင်း အကျီလဲပြီးပြီးချင်း မေမေအိမ်အလုပ်လုပ်နေတဲ့နောက် တကောက်ကောက်လိုက်ပြီး ကျောင်းမှာ တစ်နေ့လုံးဖြစ်သမျှကို ပြောပါတယ်...။ မေမေကတော့ သူ့အလုပ်သူလုပ်ရင်း ရယ်စရာပါရင်လိုက်ရယ်.. ကျွန်မပြောသမျှကိုစကားထောက်ပေးရင်းပေါ့...။ ကျွန်မကလည်း ဘယ်လောက်တောင် ပြောပြချင်လည်းဆိုရင်လေ.. တခြားအချိန်တွေ အိမ်အလုပ်လုပ်ခိုင်းရင် ပတ်ပြေးနေပြီး...အဲဒီအချိန်ဆိုရင် မေမေဘာခိုင်းခိုင်း အကုန်လုပ်ပေးတယ်....ကျွန်မစကားမပြတ်ရင်ပြီးရော...။ အဲဒီလိုမျိုး...။ အဲဒီတုန်းက ကျွန်မပြောဖြစ်တဲ့ အကြောင်းတွေထဲမှာ ကျွန်မတို့ (E) တန်းထဲကကောင်လေး ၁ယောက် အကြောင်းပါပါတယ်..။ အဲဒီကောင်လေးရဲ့အဖေက ရာထူးခပ်ကြီးကြီးထဲကပေါ့..။ အကောင်ဆိုပါတော့.. :)..။ သူက ကျွန်မတို့အဲဒီအရွယ်မှာတင် ရည်းစားတွေထားလို့ ဆေးလိပ်သောက်လို့ ဆရာမတွေရဲ့အဆူကို ခဏခဏခံရတဲ့သူပါ...။ စာလည်းညံ့တဲ့စာရင်းဝင်ပါတယ်....။ အဲဒီတုန်းက ကျွန်မတို့မိန်းကလေးတွေက စာလည်းညံ့ အဆူကလည်း ခဏခဏခံရတဲ့သူ့ကို လုံးဝကိုအပေါင်းအသင်းမလုပ်ကြပါဘူး...။ သူ့အကြောင်း အတင်းလည်းပြောကြပြီး ရာဇ၀င်လူဆိုးကြီးလိုကို ဝေးဝေးကနေ ရှောင်ကြပါတယ်.....။ မေမေကိုလည်း သူ့မကောင်းကြောင်းတွေ ပြောနေကြပေါ့..။ တခြားအကြောင်းပြောရင် မေမေက စကားထောက်တာ လိုက်ရယ်တာမျိုးရှိပေမဲ့ အဲဒီလို သူများမကောင်းကြောင်းပြောရင်တော့ မေမေက ဘာမှမပြောပဲ သူ့အလုပ်သူပဲ လုပ်နေပါတယ်..။ ပြောချင်တာပြောနေရရင် ကျေနပ်နေတဲ့ ကျွန်မက အဲဒါကို လုံးဝသတိမထားမိပါဘူး..။ တနေ့ ကျွန်မအဲဒီကောင်လေး မကောင်းကြောင်းတွေ မေမေ့ကိုပြောနေတုန်း မေမေက `သမီးက သူ့မကောင်းတာတွေကြီးပဲ မေမေ့ကိုပြောပြနေတာ ကောင်းတာလေးတွေရော မရှိဘူးလား သမီးရယ်´ တဲ့..။ မေမေ့စကားကိုကြားလိုက်ရတော့ ကျွန်မနည်းနည်းရှက်သွားမိတယ်...။ ဘာပြောရမှန်းမသိလည်း ဖြစ်သွားတယ်..။ မေမေကထပ်ပြီး `စဉ်းစားကြည့်ပါဦး သမီးရယ်...သူ့မှာလည်းကောင်းတာလေးတွေတော့ရှိမှာပါ....အနည်းဆုံးတစ်ခုလောက်ပေါ့´...။ မေမေတိုက်တွန်းလို့ ကျွန်မ စဉ်းစားကြည့်တယ်..။ ကျွန်မခေါင်းထဲမှာ သူ့မကောင်းကြောင်းတွေပဲပေါ်လာတယ်..။ မေမေက အဲဒါကိုရိပ်မိသွားတယ်နဲ့တူပါတယ်... ပြုံးပြီး `သူ့ကိုဆရာမတွေကဆူရင် ဆရာမတွေကိုပြန်အော် ပြန်ပြောတာတို့၊ ဂျစ်ကန်ကန်ပေကပ်ကပ်နဲ့ မထီသလိုပြန်ကြည့်တာတို့ ၊ရိုင်းရိုင်းစိုင်းစိုင်းအပြုအမူတွေ လုပ်ပြတာတို့ ရှိလား သမီး´ တဲ့.....။ မေမေပြောမှ ကျွန်မတွေးမိသွားတယ်..။ ဆရာ၊ဆရာမတွေ သူ့ကိုဆူတိုင်း သူကမျက်လွှာချ ခေါင်းငုံ့ပြီး ငြိမ်ပြီး ပြောသမျှကို သေသေချာချာနားထောင်ပြီး အဆူခံပါတယ်..။ နောက်ကွယ်ကျမှ လုပ်ချင်တာလုပ်တာကတော့ သပ်သပ်တစ်ပိုင်းပေါ့...။ အဲဒါကတော့ Every cloud has silver lining ဆိုတာကို စာအုပ်တွေထဲမဖတ်ဖူးခင် မေမေ ကျွန်မကိုပေးလိုက်တဲ့ သင်ခန်းစာလေးပါ...။ အဲဒီကတည်းက လူတစ်ယောက်ရဲ့မကောင်းကြောင်းကို ကြားရတိုင်း ဒီလူ့မှာကောင်းတာတွေရော ဘာတွေရှိလဲ..ဒီမကောင်းတာကိုလုပ်ဖြစ်ဖို့ သူပတ်ဝန်းကျင်က ဘယ်လိုတွေဖိအားပေးလို့လဲ... သူ ကရော ဘယ်လိုပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရ လို့လဲ.....အဲဒါမျိုးတွေစဉ်းစားတတ်လာပါတယ်..။ သူ့ကိုခွှင့်လွှတ်သင့် မသင့်ဆိုတာကတော့.. သူလုပ်တဲ့မကောင်းမှုပေါ်လိုက်ပြီး ထပ်စဉ်းစားရမှာပေါ့....။ ဒါ..ဘာမှသိပ်ရေးကြီးခွင်ကျယ် လုပ်စရာမလိုဘူးလို့ တွေးတဲ့သူလည်း ရှိချင်ရှိပါလိမ့်မယ်...။ ဒါပေမဲ့...အဲဒီလို မကောင်းလူတစ်ယောက်မှာတောင် ကောင်းတာလေး အနည်းဆုံးတစ်ခုတော့ရှိမှာပဲလို့ မတွေးတဲ့လူတွေတွေ့တိုင်း တွေးမိတတ်တဲ့ကိုယ့်ကိုယ်ကို ကျေနပ်မိရင်း မေမေ့ကိုကျေးဇူးတင်နေမိပါတော့တယ်....။


မေမေ့ကိုလွမ်းနေတဲ့ အဝေးရောက်မေမေ့သမီး..

Saturday, October 27, 2007

ငယ်ငယ်တုန်းက ကျွန်မ...

ကျွန်မအတွက်တော့ ..တစ်ခါတလေ.. ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးရတာ တစ်မျိုးပျော်စရာကောင်းပါတယ်..။ အသက်ကြီးလာတာနဲ့ အမျှ ကျွန်မရဲ့ အတွေးအခေါ်တွေ အယူအဆတွေ ပြောင်းလဲလာတာကို ရုပ်ရှင်ပြကွက်တွေလို ပြန်ပုံဖော်ကြည့်ရတာ စိတ်ဝင်စားစရာကောင်းလှသလို... အခု အသက်အရွယ်က အသိဥာဏ်နဲ့ ငယ်ငယ်တုန်းက တွေးခဲ့ပုံတွေကို ပြန်စဉ်းစားကြည့်ရတာ ရယ်စရာကောင်းလှပါတယ်....။ မှတ်မှတ်ရရ... ပြန်တွေးတိုင်းပြုံးမိတဲ့ အဖြစ်အပျက်ကလေး နှစ်ခုရှိပါတယ်...။
မိတ်ဖြစ်ဆွေဖြစ်လေး ပြောပြချင်လို့ပါ... ။ ဖတ်တဲ့သူတွေပါပြုံးမိတယ်ဆိုရင်တော့ ... ကျွန်မ၀မ်းသာရမှာပါ..။

ကျွန်မကိုကျွန်မ လူမှန်းစသိတဲ့ အရွယ်မှာ ကျွန်မတို့မိသားစု ရှမ်းပြည်မြောက်ပိုင်းက မြို့လေးတစ်မြို့မှာရောက်နေပါပြီ...။ ကျွန်မ သူငယ်တန်းစတက်တော့ ကျွန်မမေမေ သင်တဲ့ အလယ်တန်းကျောင်းမှာ တက်ရပါတယ်...။ မေမေက အလယ်တန်းပြဆရာမဆိုတော့ ကျွန်မတို့ကို မသင်ရပါဘူး...။ ဒါပေမဲ့ ကျွန်မက မေမေ့သမီးဖြစ်နေတော့ နေ့လည်စာထမင်းစားရင် မေမေတို့ဆရာမတွေ နားနေခန်းမှာ လာစားရပါတယ်...။

အဲဒီနေ့က ပထမဆုံးလပတ်စာမေးပွဲအတွက် ရီပို့ကဒ်တွေ ရတဲ့နေ့ပါ...။ နေ့လည်ထမင်းစားချိန်မှာ မေမေ့ကိုလက်မှတ်ထိုးခိုင်းဖို့ ရီပို့ကဒ်လေးကိုင်ပြီး ကျွန်မ မေမေရှိမယ့်နားနေခန်းကို ရောက်လာပါတယ်..။ ကျွန်မမျက်နှာကလည်း စူပုပ်ပုပ်လေးနဲ့ပေါ့...။ မေမေက ရောက်မလာသေးပါဘူး...။ မေမေ့သူငယ်ချင်းဆရာမက ထမင်းပွဲတွေပြင်နေရင်း ကျွန်မကိုတွေ့တော့ "သမီး ဘာဖြစ်လာတာလဲ..။ မျက်နှာကလည်းစူပုပ်နေတာပဲ ကြည့်ပါဦး" ဆိုပြီး ကျွန်မနားရောက်လာတယ်...။ ကျွန်မက "သမီး ရီပို့ကဒ်မှာ အဆင့်နည်းလို့ပါ" လို့ပြောတော့ သူမက ကျွန်မရီပို့ကဒ်ကို ယူကြည့်တယ်...။ အဆင့် နေရာမှာ ၇/၆၉ လို့ရေးထားတာကို တွေ့သွားတယ်နဲ့ တူပါတယ်...။ ကျွန်မကို ပြုံးပြီး " သြော်.. သမီးက အဆင့်တစ်မရလို့ စိတ်မကောင်း ဖြစ်နေတာလား.. နောက်လ စာမေးပွဲမှာ အဆင့်တစ်ရအောင်လုပ်ပေါ့ သမီးရဲ့.." လို့ဆိုတယ်...။ ကျွန်မပြန်ပြောတဲ့ စကားကို ကြားပြီး.. ကြောင်သွားတဲ့သူ့မျက်နှာရယ်...ပြီးတော့ မေမေနဲ့ တခြားဆရာမတွေ ရောက်လာတော့ သူပြန်ပြောပြလို့ အားလုံးဝက်ဝက်ကွဲ ရယ်ကြတာရယ်ကိုကြည့်ပြီး.. ဘာလို့များပါလိမ့်လို့ အဲဒီတုန်းက ကျွန်မ တကယ်ပဲ နားမလည်ခဲ့တာပါ...။ ကျွန်မပြန်ပြောလိုက်တာက " အဆင့်တစ်မရချင်ပါဘူး .. အဆင့်တစ်ဆိုတာ နည်းနည်းလေး..... သမီးကအဆင့် အများကြီးလိုချင်တာ.."...လို့။
.... ဟုတ်တယ်လေ... အဲဒီအချိန်မှာ သူငယ်တန်းကျောင်းသူကြီး ကျွန်မက တစ်ဆိုတာ.. ဘာမှမရှိတဲ့ သုညပြီးရင် အငယ်ဆုံးပဲဆိုတာ သိနေပြီကိုး....။ .. အဲဒီ အရွယ်ကတည်းက အဆင့်တစ်ဆိုတာကို မက်မက်မောမော မရှိခဲ့တဲ့ သူဆိုပါတော့... :P..။

နောက်တစ်ခုကတော့ အဲဒီအရွယ်တုန်းက ကျွန်မရဲ့ ဆက်စပ်တွေးခေါ်နိုင်မှုလေးပါ..။ ကျွန်မ မိဘနှစ်ပါးလုံးက ၀န်ထမ်းတွေဆိုတော့ ကျွန်မတို့ မိသားစု စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ဖြည့်တင်းဖို့ ကျွန်မတို့အိမ်နောက်ဖေးမှာ ဥစားကြက်တွေမွေးရတယ်..။ ကျွန်မ သူငယ်တန်းဖြေအပြီှး အဲဒီမြို့လေးက ပြောင်းရတော့မယ်ဆိုတော့ မေမေက ကြက်တွေကို ရောင်းထုတ်ဖို့လုပ်တယ်...။ ကြက်တွေကို သုံးကောင်လောက် တစ်စည်း ခြေထောက်တွေကို စုချည်ပြီး အိမ်ရှေ့မှာချ ထားလို့..။ ဝယ်မယ့်သူု ရောက်လာတော့ မေမေတို့ လူကြီးတွေ စကားပြောနေတုန်း ကျွန်မက ကိုယ့်ကိုဘာမှ မလုပ်နိုင်တော့တာ သေချာသွားတဲ့ ကြက်တွေကို လျှောက်ကြည့်ရင်း သတိထားမိတာက ကြက်တွေရဲ့ မစင်ကိုပါ...။ သူတို့မစင်အများစုက အဖြူရောင်ရှိကြတာကို ကြည့်ပြီးကျွန်မ အံ့သြသွားတယ်..။ မေမေ့ကို "မေမေရေ ကြက်တွေ အိမ်ရှေ့မှာ အီးဖြူဖြူတွေပါနေတယ် သိလား.." လို့ ခွေးတွေကြောင်တွေ အိမ်ရှေ့မှာ မစင်စွန့်တာမြင်လို့ တိုင်သလိုမျိုး လှမ်းပြောလိုက်တယ်...။ မေမေက စကားပြောနေရင်းက ကျွန်မကို "အဲဒါ ကြောက်ချီးပါတာ သမီးရဲ့.. " လို့ လှမ်းပြောပြီး သူတို့စကားဝိုင်းကိုဆက်နေတယ်... ။ အဲဒီမှာ ကျွန်မ ဥာဏ်ကြီးရှင်က ဘာသွားတွေးမိလဲဆိုတော့ ....... ... ကျွန်မတို့ အိမ်နောက်မှာ သီးပင်စားပင်တွေစိုက်ထားတာရှိတယ်...။ ချဉ်ပေါင်၊ မုန်ညင်း၊ ဘူး၊ ဖရုံ စသဖြင့်ပေါ့..။ ဖရုံမှာမှ နှစ်မျိုးရှိတယ်..။ ရွှေဖရုံနဲ့ ကျောက်ဖရုံ..။ ရွှေဖရုံက အထဲက အဝါရောင်.. ကျောက်ဖရုံက အထဲက အဖြူရောင်..။ အဲဒါ ကျွန်မရဲ့ prior knowledge ဆိုပါတော့..။ ဒီလောက်ဆို စာဖတ်သူလည်း မှန်းမိလောက်ရောပေါ့..။ :).. ..။ အဲဒါနဲ့ပဲ.. အဖြူရောင်အသားရှိတဲ့ ဖရုံသီးကို ကျောက်ဖရုံသီးလို့ ခေါ်သလို.. .. အဖြူရောင်ရှိတဲ့ ကြက်ရဲ့မစင်ကိုလည်း "ကျောက်ချီး" လို့ ခေါ်တာဆိုပြီး.. ကိုယ့်ဘာသာကိုယ် ကောက်ချက်ချပစ်လိုက်တယ်...။ ကဲ.. မှတ်ကရော.. ဟင်းဟင်းဟင်း... :)))

အဲဒါတွေ ပြန်တွေးမိတိုင်း ကိုယ်ဘာသာပြောမိတာ တစ်ခုရှိတယ်...။ "သြော်.. ငါ့နှယ်နော်" လို့လေ...။ :P

မောင်တို့ယောက်ျားတွေဟာလေ..

ဒီ titleပေးလို့ကျွန်မနဲ့ ကျွန်မချစ်သူအကြောင်း လို့ မထင်လိုက်ပါနဲ့... ဒီစကားက ကျွန်မသူငယ်ချင်း ၁ယောက်ပြောနေကျစကားပါ...ကျွန်မတို့သူငယ်ချင်း ယောက်ျားလေးတွေ အချိုးမပြေတာတွေ လုပ်တိုင်း သူ စနောက်ပြီးပြောနေကျ.... ခုကျွန်မ မျက်စိထဲအမြင်မတော်တာလေးတွေနဲ့ တိုက်ဆိုင်နေတာကြောင့် ဒီစကားလေးကို ယူသုံးဖြစ်တာပါ...
အမြင်မတော်တာလေးက ဒီလိုပါ... (ကျွန်မတို့ကြားဖူးနေကျဇာတ်လမ်းမျိုးပါပဲ...) ကျွန်မနဲ့သိပ်မရင်းနှီးတဲ့ မိတ်ဆွေတွေထဲမှာ လင်မယား နှစ်ယောက်ရှိပါတယ်.....အမျိုးသမီးက...တော်တော်လေးကိုချောပါတယ်.... သူ့အသားအရေ ဆိုတာ တကယ့်ကိုနို့နှစ်ရောင်သန်းနေတာပါပဲ...... အမျိုးသားကလည်း တော်တော်ကြည့်ကောင်းတဲ့ သူပါ.....ချစ်လို့ကြိုက်လို့ယူထားကြတာတဲ့အိမ်ထောင်မျိုး...သူတို့အိမ်ထောင်သက်ကတော့ သိပ်မရင့်သေးဘူးဆိုပါတော့......သားသမီးလည်းမယူသေးတော့...၂ယောက် ထဲပျော်လို့ရွှင်လို့ကောင်းသင့် သေးတဲ့ အချိန်ပေါ့.....
တစ်နေ့ အဲဒီလူကို ခပ် hot hot ခပ်လှလှ အမျိုးသမီး၁ယောက်နဲ့ ကျွန်မသူငယ်ချင်းတွေ ပက်ပင်း တိုးပါလေရော.... ဒီဇာတ်လမ်းမျိုးက ကြားသာကြားဖူးနေတာ..နဖူးတွေ့ဒူးတွေ့မကြုံဖူးတဲ့ ကျွန်မသူငယ်ချင်း... ဘာလုပ်လို့ဘာကိုင်ရမှန်း မသိခင်.....ဟိုနှစ်ယောက်က လှစ်ကနဲ ပျောက်သွားလိုက်တာ...ဘယ်လိုမှကိုရှာမတွေ့တော့တာ.....အသိအမကြီးကို ပြောသင့်မပြောသင့်စဉ်းစားရင်း ဟိုလူကိုဒေါသတွေ ထွက်ရင်း နဲ့ပေါ့...အဲဒီညနေကျတော့...သူငယ်ချင်းရဲ့ ရည်းစားက အဲဒီလူဆီ ဖုန်းဆက်ပြီး စကားတောက်ကြည့်တော့...အဲဒီလူက ၀န်ခံတယ်....ပြီးတော့ဘာဆက်ပြောတယ်မှတ်လဲ???... သူ့ကိုယ်သူ သိပါတယ်တဲ့...သူကမိန်းမ မယူသင့်တဲ့လူမျိုးပါ..တဲ့.....ကြည့်စမ်းပါဦးရှင်..ဘယ်လောက်တောင်ဒေါသ ထွက်စရာကောင်းလိုက်သလဲဆိုတာ......

နှုတ်ခွန်းဆက်....

စိတ်ထဲရှိရာလျှောက်လုပ်တတ်တဲ့ကျွန်မ ခြေဦးတည့်ရာလျှောက်သွားရင်း Blogger.com ထဲကိုရောက်လာပါပြီ..... Blogကို create လုပ်ထားတာ ၃၊ ၄ ရက်လောက်ကြာနေပေမဲ့ မြန်မာ font ရှာမရလို့ဒီအတိုင်း ထိုင်ကြည့်နေရတယ်....(ဆိုးပ မလိခ တို့အဖြစ်က..)...ခုကစပြီး စိတ်ထဲရှိတာတွေလျှောက်ရေးဖို့ ကြိုးစားပါတော့မယ်.... blogလောကထဲကို အရင်ရောက် နေတဲ့ အကိုကြီး အမကြီး များကိုလည်း မင်္ဂလာပါ လို့ နှုတ်ခွန်းဆက်သပါတယ်....ကျွန်မရဲ့ Blogကိုမကြာခဏ လာလည်ဖို့လည်း ဖိတ်ခေါ်ပါတယ်....